DVB Logo
Home
မြန်မာသတင်း
ရသေ့တောင်မြို့နယ်၌ ရိုဟင်ဂျာ ၃၈ ဦးကို စစ်ကောင်စီရေတပ်က ဖမ်းဆီး
DVB
·
February 6, 2024
ရသေ့တောင်မြို့နယ်၌ ရိုဟင်ဂျာ ၃၈ ဦးကို စစ်ကောင်စီရေတပ်က ဖမ်းဆီး
1 / 3
Donate to DVB

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာအနီးက ပင်လယ်ပြင်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေ ပြန်လာတဲ့ ရိုဟင်ဂျာ ၃၈ ဦးကို ဖေဖော်ဝါရီ ၁ ရက်က စစ်ကောင်စီ ရေတပ်က ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီထုတ် ရခိုင်နေ့စဥ်မှာ ဖော်ပြပါတယ်။ 

ပင်လယ်ပြင်အတွင်း မသင်္ကာတဲ့ စက်လှေတစီးကို အချက်ပြခေါ်ယူရာ လာရောက်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးလို့ လိုက်လံဖမ်းဆီးရာ၊ အလျား ၅၅ ပေ အနံ ၉ ပေ ရေစူး ၂ ပေခွဲခန့်ရှိ စက်လှေပေါ်မှ  စက်လှေလုပ်သား  ၅ ဦး၊ ကျား ၁၇ ဦး၊ မ ၁၆ ဦး၊ စုစုပေါင်း ၃၈ ဦးတို့ကို ဖမ်းဆီးရရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ 

စက်လှေပိုင်ရှင်ဟာ  ရသေ့တောင်မြို့နယ်၊ အာကာတောင်ကျေးရွာ ဦးတာတွန်း ဖြစ်ပြီး လှေသမားတွေက စစ်တွေမြို့နယ်၊ ဆေးသမားကြီးကျေးရွာက ရိုဟင်ဂျာတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ ရသေ့တောင်မြို့နယ် အာကာတောင်ကျေးရွာကို လာရောက်ကြသူတွေ ဖြစ်ပြီးတော့၊ စစ်ကောင်စီဘက်ကနေ ရိုဟင်ဂျာတွေကို ဘယ်နေရာမှာ ဖမ်းဆီးထားတယ် ဆိုတာကိုတော့ မသိရသေးပါဘူး။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေဟာ စီးပွားရေးကျပ်တည်းမှု၊ အလုပ်အကိုင် ရှားပါးမှု၊ ငတ်မွတ်ခေါင်းပါးမှုတွေကြောင့် တခြားနိုင်ငံတွေကို စွန့်စား ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။ 

၂၀၁၇ ခုနှစ်ကစပြီး မြန်မာစစ်တပ်က ရိုဟင်ဂျာလူမျိုးတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှုပေါင်းများစွာကို ကျူးလွန်ခဲ့မှုကြောင့် ရိုဟင်ဂျာလူမျိုးတွေဟာ မြန်မာနိုင်ငံမှနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပြီးတော့ လက်ရှိအချိန်ထိ နေရပ်ပြန်မလာနိုင်သေးတာပါ။

ရခိုင်ပြည်နယ်မှ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတဦးက“စစ်တပ်က လိုက်ပြီး ပစ်ခတ် သတ်ဖြတ်လို့ ထွက်ပြေးကြသွားရတဲ့ ရိုဟင်ဂျာတွေဟာ အိုးမဲ့အိမ်မဲ့ ဘဝပျက်နဲ့ လူသားတဦးတယောက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားတဲ့လူမျိုးတွေ ဖြစ်တယ်။ ဒီဘက်က လိုက်သတ်ဖြတ်လို့ ဟိုဘက်နိုင်ငံကို ပြေး၊ ဟိုဘက်နိုင်ငံမှာလည်း အဆင်မပြေတော့ ဒီဘက် ပြန်ပြေးလာ အဖမ်းခံ၊ ပစ်ခတ်ခံ၊ သတ်ဖြတ်ခံရတဲ့ ရိုဟင်ဂျာတွေ အများကြီးရှိတယ်”လို့  ပြောပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေရတဲ့အတွက် မလေးရှား၊ ထိုင်း၊ အင်ဒိုးနီးရှား၊ မြန်မာနိုင်ငံတွေကို တရားမဝင် ခိုးဝင်နေကြပြီးတော့ ပင်လယ်ပြင်မှာ စက်လှေမှောက်ကာ အသက်သေဆုံးသူနဲ့ ဖမ်းဆီးခံရသူတွေ များစွာရှိပါတယ်။

၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာလူမျိုးတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်မှုကြောင့် ဂမ်ဘီယာနိုင်ငံက  ဦးဆောင်ပြီးတော့ ICJ တရားရုံးမှာ မြန်မာနိုင်ငံကို  တရားစွဲထားပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ထွက်ပြေးရင်း ပင်လယ်ပြင်မှာ အသက်သေဆုံးသွားရတဲ့ ရိုဟင်ဂျာဒုက္ခသည်ပေါင်း ၅၆၉ ဦးအထိ ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပြန်ထားပါတယ်။ 

ဓာတ်ပုံ- ရခိုင်နေ့စဥ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013