DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်ပအလုပ်အကိုင်ဝန်​ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်ကို ဖျက်သိမ်းကြောင်း NUG ကြေညာ
DVB
·
February 5, 2024
မြန်မာပြည်ပအလုပ်အကိုင်ဝန်​ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်ကို ဖျက်သိမ်းကြောင်း NUG ကြေညာ
Donate to DVB

စစ်ကောင်စီနဲ့ပူးပေါင်းပြီး အလုပ်သမားအခွင့်အရေး ခေါင်းပုံဖြတ်နေတဲ့ မြန်မာ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MOEAA) (ယခင်အမည်ဟောင်း မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်-MOEAF) ကို အပြီးတိုင် ဖျက်သိမ်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖေဖော်ဝါရီ ၅ ရက်မှာ ကြေညာပါတယ်။

ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်အကျိုးဆောင် အေဂျင်စီတွေအနေနဲ့ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြဖို့၊ NUG အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ အလုပ်သမားတွေကို အကာအကွယ်ပေးဖို့ NUG အလုပ်သမားဝန်ကြီးဌာနက အကြိမ်ကြိမ် တိုက်တွန်းဖိတ်ခေါ်ခဲ့ပေမဲ့ MOEAA ဟာ အေဂျင်စီတွေရဲ့ အလုပ်သမားတွေအပေါ် ဝန်ဆောင်ခ အဆမတန်ကောက်ယူတာ၊ လုပ်ငန်းခွင်ဆီရောက်အောင် မပို့ဆောင်တာ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ဖြေရှင်းဆောင်ရွက်မပေးတာ စတဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကို စစ်ကောင်စီနဲ့ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်တည်မြဲရေး ဆောင်ရွက်နေတယ်လို့  ဆိုပါတယ်။

ဒါ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို အားပေးအားမြှောက်ပြုတဲ့အနေနဲ့ စစ်ကောင်စီဆီ ငွေကြေးထည့်ဝင် ထောက်ပံ့ပေးနေတာ၊ စစ်ကောင်စီရဲ့ နိုင်ငံခြားငွေ အရေးပေါ် လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ချွေးနည်းစာကို မတရားဝင်ငွေခွန် (အခွန်နှစ်ထပ်) ကောက်ခံတာ၊ လုပ်အားခရဲ့ ၂၅ ရာခိုင်နှုန်းကို မိသားစုဆီ လွှဲပို့ငွေအဖြစ် စစ်တပ်က စီစဉ်ထားတဲ့ နည်းလမ်းအတိုင်း အတင်းအကျပ် ဖိအားပေး လွှဲပြောင်းစေတာ စတဲ့ မတရားအမိန့်တွေကို တက်ကြွစွာ အကောင်အထည် ဖော်နေတယ်လို့လည်း NUG က ပြောပါတယ်။

စစ်ကောင်စီဆီ စီးဆင်းနေတဲ့ နိုင်ငံခြားငွေတွေကို အရပ်သားပြည်သူတွေအား လေကြောင်းကနေ တိုက်ခိုက်နိုင်ရေး လေယာဉ်ဆီတင်သွင်းဖို့နဲ့ လက်နက်ခဲယမ်းတွေ ဝယ်ယူ ဖြည့်တင်းနိုင်ရေးအတွက် အဓိကအသုံးပြုနေတာကို သိလျက်နဲ့ မြန်မာပြည်သူလူထုရဲ့ဒုက္ခကို မျက်ကွယ်ပြုကာ သွေးစွန်းငွေအဖြစ် လွှဲပြောင်းပေးအပ်ဖို့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေတာလည်း စိစစ်တွေ့ရှိရတယ်လို့ NUG ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့် မြန်မာအလုပ်သမားတွေကို အကာအကွယ်မပေးဘဲ စစ်အာဏာရှင်စနစ် တည်မြဲရေးအတွက် အကြမ်းဖက်စစ်တပ်နဲ့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေတဲ့ MOEAA ကို မတရားအသင်းအဖြစ် သတ်မှတ်ပြီး အပြီးတိုင် ဖျက်သိမ်းလိုက်ကြောင်း ကြေညာလိုက်တာပါ။

တကယ်လို့ ပြည်ပအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီတွေအနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ဝန်ဆောင်ခ အဆမတန်ကောက်ယူတာ၊ လုပ်ငန်းခွင်ဆီရောက်အောင် မပို့ဆောင်တာ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေကို အချိန်နဲ့တပြေးညီ လိုက်ပါဖြေရှင်း ဆောင်ရွက်ပေးမှု မရှိတာတွေအပြင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ချွေးနည်းစာထဲကနေ စစ်ကောင်စီအပေါ် ဝင်ငွေခွန်ပေးဆောင်ဖို့နဲ့ အကြမ်းဖက် စစ်ကောင်စီ အကျိုးဖြစ်ထွန်းစေမယ့် နည်းလမ်းနဲ့ အတင်းအကျပ် ဖိအားပေး စေခိုင်းတာတွေ ပြုလုပ်လာရင် အမည်ပျက်စာရင်း (Black List) သတ်မှတ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆို အရေးယူသွားမယ်လို့လည်း သတိပေးထားပါတယ်။

NUG ကြေညာချက်နဲ့ပတ်သက်ပြီး ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ လုပ်ငန်းရှင်တဦးက “ဒီကာလက ဘေးကြပ်နံကြပ် ဖြစ်ရတာပေါ့။ အနီးကပ် ရင်ဆိုင်နေရတဲ့ အန္တရာယ်လည်း ရှိနေတာဆိုတော့လေ။ အဖွဲ့ချုပ် (MOEAF) ရဲ့ သဘောထားက ဘယ်လိုရှိမယ် မပြောတတ်ဘူး” လို့ ပြောပါတယ်။

MOEAF ဟာ ပြည်ပကို အလုပ်သမားစေလွှတ်မယ့် အေဂျင်စီတွေကို စီမံထိန်းချုပ်မှုတွေ လုပ်ထားရတာလို့ အေဂျင်စီအသိုက်အဝန်းက ဆိုပါတယ်။

အေဂျင်စီအကျိုးဆောင်လိုင်စင်ကိုတော့ အလုပ်သမားညွSန်ကြားရေးဦးစီးဌာနက ထုတ်ပေးရတာဖြစ်ပြီး လက်ရှိ လိုင်စင်ရယူထားတဲ့ အေဂျင်စီ ၅၀၀ ကျော်ရှိပြီလို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

လတ်တလော မြန်မာနိုင်ငံတွင်းမှာတော့ တိုက်ပွဲတွေကြောင့် စစ်အသုံးစရိတ် စံချိန်တင် သုံးစွဲနေရပြီး နိုင်ငံခြားငွေပြတ်လပ်နေတဲ့ စစ်ကောင်စီဟာ ပြည်ပရောက် အလုပ်သမားတွေဆီကနေ နည်းမျိုးစုံနဲ့ ငွေညှစ်လာနေတာ ဖြစ်ပါတယ်။

သက်ဆိုင်ရာအေဂျင်စီတွေက သူတို့စေလွှတ်ထားတဲ့ အလုပ်သမားတွေနဲ့ ဆက်သွယ်ပြီး တွန်းအားပေးဖို့နဲ့ အေဂျင်စီတာဝန်ရှိသူတွေက ပြည်ပနိုင်ငံတွေရှိ စက်ရုံ၊ အလုပ်ရုံတွေကို လိုက်လံပြီး လုပ်ခလစာ ၂၅ ရာခိုင်နှုန်း မိသားစုတွေဆီ တရားဝင်နည်းလမ်းနဲ့ ပို့ဆောင်ဖို့ အလုပ်သမားတွေကို တွန်းအားပေးဖို့ ပြောဆိုထားတာပါ။

မြန်မာ့အိမ်နီးချင်း ထိုင်းနဲ့ မလေးရှားတို့လို နိုင်ငံမှာတော့ မြန်မာအလုပ်သမားတွေ သန်းနဲ့ချီ လာရောက်နေထိုင် အလုပ်လုပ်ကိုင်နေကြပြီး အခုလို ဝင်ငွေခွန် လစဉ်ကောက်ခံတာကြောင့် ငွေသန်းပေါင်းများစွာ စစ်ကောင်စီအတွက် ဝင်ငွေရရှိစေမှာ ဖြစ်ပါတယ်။ 

Photo-MOEAF

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013