DVB Logo
Home
မြန်မာသတင်း
ဘုတလင် ကူတော်ရွာရဲစခန်း တိုက်ခိုက်ခံရ၊ ကောလင်းမြို့ကို စစ်တပ်က အင်အားအများအပြားဖြင့် ထိုးစစ်ဆင်
DVB
·
February 5, 2024
ဘုတလင် ကူတော်ရွာရဲစခန်း တိုက်ခိုက်ခံရ၊ ကောလင်းမြို့ကို စစ်တပ်က အင်အားအများအပြားဖြင့် ထိုးစစ်ဆင်
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာရဲစခန်းကို ဖေဖော်ဝါရီ ၄ ရက် ည ၈ နာရီ ၁၅ မိနစ်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဘုတလင်ဒေသခံတွေဆီကနေ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က ဒီနေ့ ဖေဖော်ဝါရီ ၅ ရက်မှာ ရွာသားတချို့ကို ဖမ်းဆီးစစ်ဆေးတာတွေလည်း ရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“မနေ့ညက တိုက်ပွဲဖြစ်ကြတာ ပစ်တဲ့လက်နက်အသံတွေကတော့ ရဲစခန်း ပတ်ပတ်လည်ကနေ ကြားနေရတယ်။ တိုက်ပွဲဖြစ်သံကြားတော့ လုံခြုံတဲ့နေရာတော့ ပုန်းရတာပေါ့။ သက်ကြီးရွယ်အိုနဲ့ က‌လေးငယ် အပါအဝင် ကိုယ်ဝန်‌ဆောင် အမျိုးသမီးတွေအတွက်ကတော့ ဒုက္ခရာက်တာပေါ့။ တိုက်ပွဲဖြစ်တိုင်း အရပ်သားတွေကို စစ်ကောင်စီက ဖမ်းဆီးတာတွေ လုပ်လေ့ရှိတယ်။ အခုလည်း ဖမ်းဆီးခံရတဲ့ အရပ်သားလည်း ရှိနေတယ်ဗျ။”

ကူတော်ရဲစခန်း ဝင်ရောက်စီးနင်းမှုကို ဘုတလင်မြို့နယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တဦးက “တိုက်ပွဲတိုက်ဖို့ ကျနော်တို့ ချဉ်းကပ်တာက ညနေ ၄ နာရီအချိန်လောက်ကတည်းက ချဉ်းကပ်ခဲ့တာပါ။ ညပိုင်း ၈ နာရီကျော်တော့ တိုက်ပွဲစဖြစ်တာပါ။ စစ်ကောင်စီဘက်က ၂ ယောက် ကျနော်တို့မျက်မြင် ကျဆုံးတယ်ဗျ။ ဒဏ်ရာရရှိသူတွေလည်း များတယ်။ ကျနော်တို့ဘက်ကတော့ ၁ ဦးကျဆုံးပြီး ၄ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်” လို့ ပြောပါတယ်။

နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ပြောကြပေမဲ့ ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

အခုတိုက်ခိုက်ခံရတဲ့ ကူတော်နယ်မြေခံရဲစခန်းဟာ ၂၀၂၂ ခုနှစ် ဧပြီ ၈ ရက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်တိုက်ခိုက်ပြီး မီးရှို့ခံထားရတဲ့ စခန်းတခုလည်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကူတော်ရွာရဲစခန်းကို PDF တပ်ဖွဲ့တွေ အခုလို အကြိမ်ကြိမ် ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်က ရွာသားတွေကို ဖမ်းဆီးပြီး မြေကျင်းတူးခိုင်းတာ၊ အဆောက်အဦ ပြန်ဆောက်တဲ့အခါ လုပ်အားခမပေးဘဲ ခိုင်းစေတာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်နိုင်ဖို့ အင်အား အလုံးအရင်းနဲ့ ဖေဖော်ဝါရီ ၄ ရက် မနက် ၁၀ နာရီက စတင်ကာ ထိုးစစ်ဆင်လာတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာနေကြရပါတယ်။

ဒေသခံပြည်သူတဦးက “သူတို့ မြို့ကို ပြန်လိုချင်တဲ့သဘော ဖြစ်မယ်။ အခုလို ဦးတည်ပြီး စစ်ကြောင်းက တည့်တည့်ကြီးလာတာဆိုတာ့ တိုက်ပွဲတွေလည်း ဖြစ်လာနိုင်တော့ ဒေသခံတွေ ကောင်းကောင်းနေလို့ ထိုင်လို့ မရတာပါဗျ။ အစောကတည်းက စစ်ကောင်စီဘက်က ပြန်တိုက်မယ် ဆိုတာတော့ တွေးထားပြီးသားပါဗျ။ အဲဒီလိုသိပေမဲ့ ဒေသခံတွေက တခြားအရပ်ဒေသမှာ သွားနေရ‌အောင်လည်း နေစရာ၊ ထိုင်စရာတွေမှ မရှိတာ၊ ကိုယ့်နေရာလေးကို နေရတယ်ဗျ။ စီးပွားရေး တတ်နိုင်တဲ့သူတွေကတော့ မန္တလေးတို့၊ ပြင်ဦးလွင်မြို့တွေဆီ ပြောင်းရွှေ့နေကြတာတွေတော့ ရှိတယ်။ အဲဒါကလည်း အနည်းအကျဉ်းလောက်ပေါ့။ အခုကတော့ မြို့နေ ပြည်သူလူထုကတော့ အကုန်ထွက်ပြေးနေကြရပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီ ထိုးစစ်ဆင်လာတဲ့ အခြေအနေကတော့ ကောလင်းမြို့တောင်ဘက် ကန့်ဘလူမြို့ကနေ ကိုးတောင်ဘို့ စစ်ကောင်စီ အထိုင်တပ်စခန်းဆီကို ဖေ‌ဖော်ဝါရီ ၃ ရက်က စပြီး MI-17 အမျိုးအစား သယ်ပို့ရဟတ်‌နဲ့ ၂၄ ခေါက်အထိ စစ်သားနဲ့ လက်နက်တွေ သယ်ဆောင် အင်အားဖြည့်တင်းတာတွေ ရှိတယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

ကောလင်းမြို့ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တဦးက “ကျနော်တို့ စိုးမိုးနယ်နိမိတ်ထဲကို ဒီနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့ မနက် ၁၀ နာရီခန့်က ကြခတ်အိုက်ရွာ အနောက်ဘက်ကတဆင့် ဒေါင်းမြူးချောင်းကို ကျော်ပြီး ထိုးလာတဲ့ စစ်ကြောင်းက တ‌ကြောင်း၊ ဝန်းသို ခမရ-၁၂၀ ခြေမြန်တပ်ရင်းကနေ ကောလင်းမြို့ မြောက်ဘက် မိုးကောင်းတောင်ဘက်ကို အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းတကြောင်း ရောက်ရှိနေတယ်ဗျ။ ကောလင်းနယ်ထဲကို စဝင်လာတဲ့ အခြေအနေပါ။ ကောလင်းမြို့အတွင်းအထိတော့ မရောက်သေးဘူး။ ကိုယ့်ပိုင်နက်ထဲအထိ ရန်သူရောက်လာမှတော့ ထိတွေ့တိုက်ပွဲတော့ ဖြစ်ကြမှာပဲဗျ။ တိုက်ပွဲဖြစ်တဲ့ သတင်းတွေနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ ထုတ်ဖော်ပြောလို့ မရနိုင်သေးဘူးဗျ။ မြို့နေပြည်သူလူထုကိုတော့ စစ်ကောင်စီ စစ်ရေးပြင်ဆင်လာတဲ့ အချိန်ကစလို့ ကျနော်တို့ ဘေးကင်းလုံခြုံတဲ့နေရာကို ရွှေ့ပြောင်းနေနိုင်ဖို့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက စာထုတ်ပြီး အသိပေးထားပါတယ်ဗျ။ စစ်ကောင်စီတပ်ကိုလည်း ပြန်လည်ခုခံနိုင်ဖို့ ကျနော်တို့ဘက်က‌နေ ပြင်စရာတွေလည်း ပြင်ဆင်မှု ပြီးနေပါပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ ကောလင်းမြို့ကို နိုဝင်ဘာ ၆ ရက်နေ့ကတည်းက စွန့်လွှတ်လိုက်ရပြီး မြို့ကို ပြန်သိမ်းပိုက်နိုင်ဖို့ ပထမအကြိမ် နိုဝင်ဘာ ၁၀ ရက်က ကန့်ဘလူမြို့နယ်ကနေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတာတွေ ရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က အလယ်ခုံရွာအကျော် နှောကုန်းရွာအနီးမှာ ခုခံတိုက်ခိုက်လိုက်တာကြောင့် အထိခိုက် အကျဆုံး များစွာနဲ့ တပ်နောက်ပြန်ဆုတ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ပြီး ၃ လအကြာမှာ စစ်ကောင်စီတပ်က ဒုတိယအကြိမ် အခုလို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013