Air Canada ခရီးသည်တင်လေယာဉ်နဲ့ လေဆိပ်အာဏာပိုင်အဖွဲ့ယာဉ်တို့ မြေပြင်မှာ တိုက်မိခဲ့တာကြောင့် မတ် ၂၃ ရက် အစောပိုင်းမှာ နယူးယောက် လာဂွါးဒီးယားလေဆိပ်ကို ပိတ်ထားခဲ့ရပါတယ်။
မတ် ၂၂ ရက် ညက ကနေဒါနိုင်ငံ၊ မွန်ထရီယယ်မြို့ကနေ လာတဲ့ အဲဒီလေယာဉ်ဟာ ဆင်းသက်ချိန်မှာ အခုလို တိုက်မိခဲ့တာပါ။
လေယာဉ်ပေါ်မှာ ခရီးသည် ၇၂ ယောက်နဲ့ လေယာဉ်အမှုထမ်း ၄ ယောက် လိုက်ပါလာတယ်လို့ လေကြောင်းလိုင်းက အတည်ပြုပါတယ်။
ဒီအရေးပေါ်အခြေအနေကြောင့် အမေရိကန်ပြည်ထောင်စု လေကြောင်းအာဏာပိုင်အဖွဲ့ (FAA) က လေဆိပ်ကနေ ထွက်ခွာမဲ့ ခရီးစဉ်အားလုံးကို ရပ်ဆိုင်းခဲ့ပါတယ်။
လေဆိပ်ကို ဒေသစံတော်ချိန် နေ့လယ် ၂ နာရီအထိ ပိတ်ထားနိုင်တယ်လို့လည်း FAA က သတိပေးထားပါတယ်။
ဆင်းသက်မဲ့လေယာဉ်တွေကိုလည်း တခြားလေဆိပ်တွေဆီ ပြောင်းလဲ ဆင်းသက်စေခဲ့ပါတယ်။
လေယာဉ်ခရီးစဉ် ဖျက်သိမ်းတာ၊ နောက်ကျတာနဲ့ လမ်းပိတ်ဆို့တာတွေ ဖြစ်လာနိုင်တယ်လို့ နယူးယောက် အရေးပေါ်စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့က သတိပေးထားပါတယ်။
Source: Reuters








