DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် လျှပ်စစ်မီးပြတ်တောက်နေပြီး ပရဟိတအသင်းများ ကူညီနေရ
DVB
·
February 4, 2024
မုံရွာတွင် လျှပ်စစ်မီးပြတ်တောက်နေပြီး ပရဟိတအသင်းများ ကူညီနေရ
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ညပိုင်းကစပြီး လက်ရှိအချိန်ထိ လျှပ်စစ်မီး ပြတ်တောက်နေတာကြောင့် လူမှုကူညီရေးအသင်းတချို့က ကူညီပေးနေရတယ်လို့ သိရပါတယ်။

လျှပ်စစ်မီး အချိန်ကြာပြတ်တောက်နေတာကြောင့် အရေးပေါ်ဖုန်းအားသွင်းဖို့နဲ့ သောက်သုံးရေ တင်နိုင်ဖို့အတွက် မုံရွာမြို့အခြေစိုက် လူမှုကူညီရေးအသင်းတချို့နဲ့ တနိုင်တပိုင် ကူညီသူတချို့က ရပ်ကွက်တွေထဲမှာ မီးစက်မောင်း ကူညီပေးနေတယ်လို့ သိရပါတယ်။

လူမှုကူညီရေးအသင်းတခုရဲ့ တာဝန်ရှိသူတယောက်က “တချို့အိမ်တွေက ရေတင်ဖို့ အကူအညီတောင်းလာလို့ မနေ့ကတည်းက ကျနော်တို့ဆီက မီးစက် ၂ လုံးနဲ့ လိုက်ကူညီပေးနေတာပါ။ ရေတင်တဲ့အိမ်က ဆီပြန်ထည့်ပေးတာပေါ့။ မီးစက်မောင်းနေတဲ့ အချိန်မှာလည်း ဖုန်းအားသွင်းမယ့်သူတွေ၊ ပါဝါဘန့် အားသွင်းမယ့်သူတွေကိုလည်း အဆင်ပြေအောင် ဆောင်ရွက်ပေးထားပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ ညပိုင်းက မုံရွာမြို့ အနောက်ဘက်ခြမ်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာက လျှပ်စစ်တာဝါတိုင် တခု မိုင်းဖောက်ခွဲခံရပြီး မုံရွာမြို့နယ် အပါအဝင် အနီးပတ်ဝန်းကျင် မြို့နယ်တချို့မှာ ဒီကနေ့အထိ လျှပ်စစ်မီးပြတ်တောက်နေတာလို့ ဒေသခံတွေဆီက သိရပါတယ်။

မုံရွာမြို့ပေါ်နေသူတယောက်က “တမြို့လုံး မီးပြတ်နေတော့ အခက်အခဲတွေက အများကြီးပေါ့။ ဖုန်းတွေလည်း အားကုန်တော့ အဆက်အသွယ်တွေ ပြတ်ကုန်တာပေါ့။ ၃ ရက်တောင်ကြာနေပြီ။ မနေ့ညကစပြီး အမှောင်ထဲမှာပဲ နေနေရတယ်။ အခု ဘယ်အိမ်က ရေတင်မလဲဆိုတာ နားစွင့်နေရတယ်။ မီးစက်သံကြားရင် စိတ်ထဲပျော်နေတယ်” လို့ ပြောပါတယ်။

မုံရွာမြို့မှာ လျှပ်စစ်မီးပြတ်တောက်​နေတဲ့အပေါ် လျှပ်စစ်ပစ္စည်းတွေ အားသွင်းလို့ မရတာကို အဓိကရင်ဆိုင်နေရပြီး သုံးရေတင်မရတဲ့ အခက်အခဲတွေကြောင့် မီးစက်အကူအညီ လိုအပ်ရင် အကူအညီတောင်းနိုင်တယ်လို့ သမာဓိနှလုံးသား လူမှုကူညီရေးအသင်းက ကြေညာထားပါတယ်။

Photo - သမာဓိနှလုံးသား လူမှုကူညီရေးအသင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013