DVB Logo
Home
မြန်မာသတင်း
ထိုင်းကို ပြောင်း အကောက်ခွန်လွတ် တင်သွင်းမှုစတင်
DVB
·
February 4, 2024
ထိုင်းကို ပြောင်း အကောက်ခွန်လွတ် တင်သွင်းမှုစတင်
Donate to DVB

ထိုင်းနိုင်ငံကို ပြောင်းတွေ အကောက်ခွန်ကင်းလွတ် တင်သွင်းခွင့်ကာလ စတင်နေပြီ ဖြစ်တာကြောင့် ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး တင်ပို့နေပြီလို့ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်း အသင်း (MIAC) ဆီက သိရပါတယ်။

ထိုင်းနိုင်ငံကို ပြောင်းတင်သွင်းရာမှာ ရန်ကုန်၊ ရနောင်း၊ ကန်တန်ဆိပ်ကမ်းကနေ ရေကြာင်းကုန်သွယ်ရေးနဲ့ ပို့သလို တာချီလိတ် နယ်စပ်ကုန်သွယ်ရေးကနေလည်း ပို့ဆောင်နေပါတယ်။

ထိုင်းကို အဓိကတင်ပို့တဲ့ လမ်းကြောင်းဖြစ်တဲ့ မြဝတီနယ်စပ်ကုန်သွယ်ရေးကတော့ လမ်းခရီး အခက်အခဲတွေကြောင့် ပြောင်းတင်ပို့မှု မရှိသေးဘူးလို့ မြန်မာ့ပြောင်းလုပ်ငန်းအသင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။

“နယ်စပ်ကုန်သွယ်ရေးဆို တာချီလိတ်တခုပဲ ပို့ဖို့များပါတယ်။ မြဝတီ နယ်စပ် ကုန်သွယ်ရေးက လမ်းခရီးအခက်‌အခဲကြောင့် မြဝတီမှာ လက်ရှိ ရှိနေတဲ့ ကုန်တွေပဲ ပို့လို့ရမှာပါ။ အထက်ပိုင်းက ကုန်တွေကတော့ ပို့လို့မရသေးပါဘူး” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံကို ပြောင်းတင်ပို့ဖို့ နှစ်နိုင်ငံ သဘောတူညီမှုစာချုပ်အရ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ဩဂုတ် ၃၁ ရက်နေ့အထိ အကောက်ခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ခွင့်ရတာဖြစ်ပြီး ကျန်တဲ့အချိန် ပြောင်းတင်ပို့ရင် အကောက်ခွန် ၇၂ ရာခိုင်နှုန်း ပေးဆောင်ရပါတယ်။

ထိုင်းကို အကောက်ခွန်ကင်းလွတ်ခွင့်ကာလ စတင်ပြီဖြစ်တာကြောင့် ပြောင်းဈေး ပြန်တက်လာဖို့ မျှော်လင့်နေတယ်လို့ ပြောင်းကုန်သည်တယောက်က ပြောပါတယ်။

“ထိုင်းကိုပို့တဲ့ အကောက်ခွန်လွတ်ရာသီ ပြန်စပြီဆိုတော့ ပြောင်းဈေး ပြန်တက်လာဖို့ မျှော်လင့်သလို ‌ပြန်တက်လာနိုင်မယ်လို့လဲယုံကြည်ပါတယ်။ ပြောင်းဈေးက အခု ၁၀၀၀ တောင် မရှိတော့ စိုက်တဲ့သူတွေကလည်း အဆင်မပြေ။ လှောင်ထားတဲ့ ကုန်သည်တွေလည်း အဆင်မပြေ ဖြစ်နေပါတယ်” လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ်က ပြောင်း၁ ပိဿာကို ကျပ် ၁၂၀၀ ကျော်အထိ ရှိ‌ခဲ့ပေမယ့် ဒီကနေ့ ဈေးနှုန်းအရ ပြောင်း ၁ ပိဿာကို ကျပ် ၉၄၀ ပဲ ပေါက်ဈေးရှိပါတယ်။

ထိုင်းနိုင်ငံကို အခွန်ကင်းလွတ်ခွင့်နဲ့ နှစ်စဉ် ပြောင်းတန်ချိန် ၂ သိန်းခန့်တင်ပို့လေ့ရှိပြီး ၂၀၂၃-၂၄ ဘဏ္ဌာနှစ်အစ ဧပြီလကနေ ဒီနေ့ အချိန်ထိ ပြောင်းတန်ချိန် ၁ သိန်းခွဲကျော်အထိ တင်ပို့ပြီး ဖြစ်တယ်လို့ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း တာဝန်ရှိသူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013