DVB Logo
Home
Lead Story
တိရစ္ဆာန်များအား အကာအကွယ်ပေးရေး 
DVB
·
February 4, 2024
တိရစ္ဆာန်များအား အကာအကွယ်ပေးရေး 
Donate to DVB

သမိုင်းတလျှောက် လူသားတို့သည် တိရစ္ဆာန်များကို သဘာဝအရိုင်းအင်အားစုများအဖြစ် လည်းကောင်း၊ မှော် (သို့မဟုတ်) မကောင်းဆိုးဝါး ဝင်ပူးနေသည့် အရာများဖြင့်လည်းကောင်း၊ ဥစ္စာပစ္စည်းအဖြစ်လည်းကောင်း ယူဆခဲ့ကြသည်။

၁၇ ရာစုတွင်မူ လူတချို့က တိရစ္ဆာန်များကို မလိုလားအပ်သော ထိခိုက်နစ်နာမှုများ မဖြစ်အောင် ဥပဒေအရ အကာအကွယ်ပေးဖို့ လိုအပ်ကြောင်း လက်ခံလာကြသည်။ ၁၆၃၅ တွင် အိုင်ယာလန်ပါလီမန်က တိရစ္ဆာန်နှင့် ပတ်သက်သည့် ဥပဒေတရပ် ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေအရ မြင်းအမြီးကိုချည်ကာ ထယ်ထိုးခြင်း၊ သိုးကျောကုန်းရှိ သိုး‌မွေးကို တစစီဆုတ်ဖြဲခြင်း ကဲ့သို့ လုပ်ရပ်များကို တားမြစ်ခဲ့သည်။ နယူးအင်္ဂလန်တွင်လည်း ဥပဒေတခု ပြဋ္ဌာန်းခဲ့သည်။ မက်ဆာချူးဆက် လွတ်လပ်ခွင့်ဥပဒေကြမ်းဟု အမည်ရသည်။ ယင်းဥပဒေတွင် ပြည်သူများ၏ အခွင့်အရေးနှင့် တာဝန်များကို ပြဋ္ဌာန်းထားသည်။ ထိုပြဋ္ဌာန်းချက်များတွင် အိမ်မွေးတိရစ္ဆာန်များကို ညှဉ်းပန်းနှိပ်စက်ခြင်း မပြုဖို့ တားမြစ်ချက်များလည်း ပါဝင်ပေသည်။

၁၈ ရာစု ဉာဏ်အလင်းပွင့်ခေတ်၏ အယူအဆများ အားကောင်းလာသည်နှင့်အမျှ တိရစ္ဆာန်များအရေးနှင့် ပတ်သက်၍ ဆွေးနွေးငြင်းခုံမှုများ ရှိလာခဲ့သည်။ တိရစ္ဆာန်များတွင် ခံစားနိုင်စွမ်း ရှိမရှိနှင့် ပတ်သက်ပြီး ငြင်းခုံကြခြင်း ဖြစ်သည်။

ဗော်လတိုင်းယား၊ ရူးဆိုးနှင့် ဂျရီမင်ဘင်သန် တို့က တိရစ္ဆာန်များတွင် ကိုယ်ကာယ ထိခိုက်နာကျင်မှုများကို ခံစားနိုင်စွမ်း ရှိရုံသာမက စိတ်ခံစားချက်များပင် ရှိသည်ဟု ရေးသားခဲ့ကြသည်။ ယခင်က တိရစ္ဆာန်များကို အကာအကွယ်ပေးချင်သည် ဆိုရာမှာ စီးပွားတွက် တွက်ခဲ့ကြသောကြောင့် ဖြစ်၏။ ယခုအခါမှာတော့ ထိုတွက်ကိန်းများအရ မဟုတ်တော့ဘဲ တိရစ္ဆာန်များကို တကယ်ပင် စာနာလာသောကြောင့် ဖြစ်သည်။

အကာအကွယ်ပေးရန် တာဝန်

တိရစ္ဆာန်များကို အကာအကွယ်ပေးရမည် ဟူသည့် အယူအဆကို လူထုထောက်ခံမှု မြင့်တက်လာသည်နှင့်အမျှ ဗြိတိသျှပရဟိတသမား အဲလိဇဘက်ဟေးရစ်ခ်က ၁၈၀၉ တွင် လှုပ်ရှားမှုတခု ပြုလုပ်ခဲ့သည်။ ယင်းလှုပ်ရှားမှုအရ နွားသိုးတိုက်ပွဲကို ဆန့်ကျင်ခဲ့သလို မွေးမြူရေးတိရစ္ဆာန်များ အားလုံး အကာအကွယ်ပေးဖို့ သူက တောင်းဆိုခဲ့သည်။ ၁၈၂၂ တွင် တိရစ္ဆာန်များ ကာကွယ်ရေးဥပဒေကို ပထမဆုံး ပြဋ္ဌာန်းပေးသည့်နိုင်ငံမှာ ဗြိတိန် ဖြစ်လာခဲ့သည်။ တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူ လွှတ်တော်ကိုယ်စားလှယ် ရစ်ချက်မာတင်ကို အစွဲပြုပြီး မာတင်အက်ဟုလည်း လူသိများသည်။ ထိုဥပဒေအရ ကျွဲ၊ နွား၊ သိုး၊ လား၊ မြင်း ကဲ့သို့ မွေးမြူရေးတိရစ္ဆာန်များကို ညှဉ်းပန်းမှုမပြုဖို့ တားမြစ်ထားသည်။ ပရဟိတသမား ဟေးရစ်ခ်မှာ စာအုပ်တအုပ်ကိုလည်း ရေးသားပြုစုကာ သူ၏လှုပ်ရှားမှုကို ဆက်လက်ပြုလုပ်ခဲ့ပေသည်။ ထိုစာအုပ်တွင် တိရစ္ဆာန်များကို သတ်ဖြတ်ခြင်းမပြုမီ နှင်တံ၊ ကျာပွတ်တို့ဖြင့် ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်းအပေါ် ဝေဖန်ခဲ့သည်။ ဗြိတိန်၏ အကြီးမားဆုံး အသားဈေးဖြစ်သည့် လန်ဒန်မြို့ရှိ စမစ်ဖီလ်ဈေးတွင် တိရစ္ဆာန်များအပေါ် အကြင်နာကင်းစွာ ရက်ရက်စက်စက် ပြုမူနေခြင်းကြောင့် ဖြစ်သည်။

တိရစ္ဆာန်များ ညှဉ်းပန်းနှိပ်စက်မှု တားဆီးရေးအဖွဲ့ကို ၁၈၂၄ တွင် တည်ထောင်ခဲ့သည်။ ထိုအဖွဲ့မှာ အားကောင်းလာသည်နှင့်အမျှ လူထုထောက်ခဲ့မှုကိုလည်း အကြီးအကျယ် ရရှိခဲ့ပေသည်။ ၁၈၃၅ တွင် တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှု ဥပဒေများကို အဆင့်မြှင့်တင်လိုက်ပြီး ကြက်တိုက်ပွဲ၊ နွားသိုးပြိုင်ပွဲ၊ ခွေးတူဝက်တူပြိုင်ပွဲ အပါအဝင် ခွေး ကြောင် တိရစ္ဆာန်များကို တားမြစ်စေခဲ့သည်။

၁၈၄၀ ပြည့်လွန်နှစ်များတွင် တိရစ္ဆာန်များကို အကာအကွယ်ပေးရမည်ဆိုသော လူထု၏ ထောက်ခံမှုမှာ ကြီးထွား အားကောင်းလာခဲ့ပေသည်။ တိရစ္ဆာန်ညှဉ်းပန်းမှုနှင့် ပတ်သက်သော တရားစွဲဆိုမှုများမှာ တိုးများလာခဲ့သည်။ အထူးသဖြင့် သားသတ်သမားတို့၏ ခြံများတွင် အသတ်ခံရတော့မည့် မြင်းများကို အစာရေစာ မတိုက်ကျွေးဘဲ ထားရှိခဲဲ့ကြသည့် အမှုကိစ္စများနှင့် ပတ်သက်သည်။ ၁၈၄၉ တွင် တိရစ္ဆာန်များ ညှဉ်းပန်းမှုဥပဒေကို ပြဋ္ဌာန်းပြီး တိရစ္ဆာန်များကို ယှဥ်ပြိုင်တိုက်ခိုက်စေခြင်း၊ အိမ်မွေးတိရစ္ဆာန်များကို အလွန်အကျွံခိုင်းခြင်း၊ ရိုက်နှက်ခြင်းနှင့် ထိခိုက်အနာတရ ဖြစ်စေသည်အထိ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် အသုံးပြုခြင်း စသည်တို့ကို တားမြစ်ခဲ့သည်။ ထိုဥပဒေကို ချိုးဖောက်လျှင် (သို့မဟုတ်) ချိုးဖောက်အောင် အခြားသူတဦးကို ဆွဲဆောင် စည်းရုံးခဲ့လျှင် ထိုသူကို ဒဏ်ငွေချမှတ်ရမည် ဖြစ်သည်။

ပိုမိုကျယ်ပြန့်လာသည့် ဆွေးနွေးငြင်းခုံမှုများ

၁၉၁၁ တိရစ္ဆာန်များအကာအကွယ်ပေးရေး ဥပဒေအရ တိရစ္ဆာန်များအားလုံးကို အကာအကွယ် ပေးရမည်ဟု ပြဋ္ဌာန်းထားသည်။ သို့တိုင် တောရိုင်းတိရစ္ဆာန်များ၊ အစားအစာအဖြစ် စားသုံးသော တိရစ္ဆာန်များ၊ သိပ္ပံစမ်းသပ်မှုများတွင် အသုံးပြုသော တိရစ္ဆာန်များမှာတော့ အကာအကွယ်မရပေ။ နောက်ပိုင်းရောက်မှသာ ထို ဘေးဖယ်ထုတ်ခံ တိရစ္ဆာန်များကို ထည့်သွင်း စဥ်းစားလာခဲ့ကြသည်။

ဗြိတိန်တွင် ၂၀၀၄ ခုနှစ် တောရိုင်းတိရစ္ဆာန်များ အမဲလိုက်ခြင်း ဥပဒေအရ ခွေးများအသုံးပြုကာ တောရိုင်းတိရစ္ဆာန်များကို အမဲလိုက်ခြင်းကိစ္စအား တားမြစ်ခဲ့သည်။ ၂၀၀၆ ခုနှစ် တောရိုင်းတိရစ္ဆာန်များ ကောင်းမွန်စွာ နေထိုင်ခွင့်ရရေး ဥပဒေအရ တိရစ္ဆာန်ပိုင်ရှင်များသည် ၎င်းတို့၏ အိမ်မွေးတိရစ္ဆာန်များအပေါ် ကောင်းမွန်စွာ ပြုမူကြရန် တာဝန်ရှိကြောင်း ပြဋ္ဌာန်းထားသည်။ အမေရိကန်တွင်လည်း ပထမဆုံးအနေဖြင့် တိရစ္ဆာန်များ ညှဉ်းပန်းနှိပ်စက်မှုဒဏ်မှ အကာအကွယ်ပေးရေးဥပဒေ (၂၀၁၉) အရ တိရစ္ဆာန်များအပေါ် အလွန်အမင်း ရက်စက်ခြင်းကို ပြစ်မှုတခုအဖြစ် သတ်မှတ်ထားပေသည်။

သပြေညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013