DVB Logo
Home
မြန်မာသတင်း
ပေးဆပ်ခဲ့ကြသည့် အညတရပြည်သူများကို ဂုဏ်ပြုကြောင်း နယူးယောက်မြို့ ဆန္ဒပြပွဲ၌ NUG ဝန်ကြီးပြော  
DVB
·
February 4, 2024
ပေးဆပ်ခဲ့ကြသည့် အညတရပြည်သူများကို ဂုဏ်ပြုကြောင်း နယူးယောက်မြို့ ဆန္ဒပြပွဲ၌ NUG ဝန်ကြီးပြော  
1 / 6
Donate to DVB

နိုင်ငံတကာအနေနဲ့ ဘယ်ဘက်မှာ ရပ်မှာလဲဆိုတာကို တင်းတင်းရင်းရင်းမေးနိုင်နေတဲ့အထိ တော်လှန်ရေးက အောင်မြင်မှုရနေပြီဖြစ်ကြောင်းနဲ့ တော်လှန်ရေးအတွက် ပေးဆပ်ခဲ့ကြတဲ့ အညတရပြည်သူတွေကို ဂုဏ်ပြုတဲ့အကြောင်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပတဲ့ စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့် လူထုလှုပ်ရှားမှုမှာ NUG ခေါင်းဆောင်တွေက ပြောဆိုပါတယ်။

ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၃ ရက်က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ Father Duffy Square မှာပြုလုပ်တဲ့ မအောင်မြင်တဲ့ စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့် လူထုလှုပ်ရှားဖော်ဆောင်မှု အခမ်းအနားမှာ အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာက ပြည်သူတွေဘက်ကရပ်မှာလား၊ စစ်အာဏာရှင်တွေဘက်ကရပ်မှာလား ဆိုတာကို တင်းတင်းရင်းရင်း မေးနိုင်တဲ့အထိ တော်လှန်ရေးက အောင်မြင်မှုရနေပြီလို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောဆိုလိုက်တာပါ။

“ငါတို့က နိုင်နေပြီ။ ငါတို့ဘက်မှာရပ်မှာလား ရှုံးတဲ့ဘက်မှာရပ်မှာလား၊ ဒါမှမဟုတ် ဟိုလိုလို ဒီလိုလို အူကြောင်ကြောင် လုပ်နေမှာလားပေါ့နော်။ ဒီမေးခွန်းမျိုးကို ကျမတို့ တင်းတင်းရင်းရင်း မေးနိုင်နေပြီ ဖြစ်တယ်။ ဒီလိုတင်းတင်းရင်းရင်း မေးနိုင်တဲ့အချိန်မှာ ကျမတို့ သတိရသင့်တာက ဂုဏ်ပြုချင်တာက ဒီကာလအတွင်းမှာ အမည်မသိဘဲနဲ့ အသက်ပေးသွားတဲ့သူတွေ ရှိတယ်။ အမည်မသိဘဲနဲ့ ထောင်ကျနေတဲ့သူတွေ အများကြီးရှိတယ်။ အဲဒီလိုအညတရတွေ သာမန် ပြည်သူတွေ ပေးဆပ်သွားတဲ့ တန်ဖိုးတွေကို ကျမ ဂုဏ်ပြုချင်တယ်။”

တော်လှန်ရေးကာလ ၃ နှစ်ပြည့်ချိန်အထိ စစ်ဘေးသင့် မြန်မာပြည်သူတွေကို ထိရောက်တဲ့ အကူအညီတွေ မပေးနိုင်ခဲ့တဲ့ နိုင်ငံတကာဆက်ဆံရေးအခြေအနေတွေကို ပြည်သူတွေက အားမလိုအားမရ ဖြစ်ရသလို ကိုယ်တိုင်လည်း ထပ်တူခံစားမှုရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက အခမ်းအနားမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

သံအမတ်ကြီးဦးကျော်မိုးထွန်းက “ဆက်ပြီးတော့ တွန်းတွန်းတိုက်တိုက် ဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ ကျနော်တို့မှာ အမြဲတမ်း စိတ်ရှုပ်ထွေးစရာ ရှိတယ်ပေါ့နော်။ နိုင်ငံတကာက ကျနော်တို့ကို ကူညီမှုနဲ့ပတ်သက်ပြီးတော့ မေးခွန်းအမြဲတမ်းထုတ်နေတဲ့ဟာ ရှိတယ်၊ ကျနော်တို့ကိုယ်တိုင်လည်း ထုတ်တယ်။ အထူးသဖြင့် ကျနော့်အနေနဲ့ ဒီ နယူးယောက်မှာ နေနေတာရယ် ကုလသမဂ္ဂမှာ လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက်ကြောင့် ကျနော် ကိုယ်တိုင်လည်း အားမလိုအားမရ ဖြစ်ပါတယ်။ ဒါက ပွင့်ပွင့်လင်းလင်းပြောတာပါ။ သူတို့ လုပ်ပေးနိုင်သည်ဖြစ်စေ၊ မလုပ်ပေးနိုင်သည်ဖြစ်စေ ကျနော်တို့ကတော့ ဒီတော်လှန်ရေးကို အဆုံးအထိ အောင်မြင်အောင် လုပ်ဆောင်သွားမှာ ဖြစ်တယ်။ ဒါပေမဲ့လည်း နိုင်ငံတကာအသိုက်အဝန်းရဲ့ အကူအညီ လိုတယ်ဆိုတာကို ကျနော်တို့ အမြဲတမ်းပြောဖြစ်တယ်” လို့ ပြောပါတယ်။

နယူးယောက်မှာ ပြုလုပ်တဲ့ အခမ်းအနားကို အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းရိုးတန်း ပြည်နယ်တွေက မြန်မာပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့တာကို တွေ့ရပါတယ်။

နွေဦးတော်လှန်ရေး စတင်ချိန်မှာ ကမ္ဘာသိခဲ့တဲ့ သံပုံးတီးသပိတ်ကို အမှတ်တရ ဖော်ဆောင်ခဲ့ပြီး တော်လှန်ရေးမှာ ပါဝင်တဲ့ အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုရောက် အမျိုးသမီးတွေရဲ့ ထမီသပိတ်ကိုလည်း သရုပ်ဖော်ခဲ့ကြတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013