DVB Logo
Home
မြန်မာသတင်း
သံဖြူဇရပ်တွင် ရဲစခန်းကိုတိုက်ခိုက်ပြီး ၁၃ ဦးသေ၊ ပြည်သူ့စစ်ခေါင်းဆောင် ဖမ်းဆီးခံရ
DVB
·
February 3, 2024
သံဖြူဇရပ်တွင် ရဲစခန်းကိုတိုက်ခိုက်ပြီး ၁၃ ဦးသေ၊ ပြည်သူ့စစ်ခေါင်းဆောင် ဖမ်းဆီးခံရ
Donate to DVB

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ ရဲစခန်း ၂ ခုကို ဝင်ရောက်တိုက်ခိုက်လို့ စစ်ကောင်စီဘက်က ၁၃ ယောက် သေဆုံးပြီး ကရုပ္ပိကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင်နဲ့ အဖွဲ့ဝင် တယောက်ကိုလည်း ဖမ်းဆီးထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တောင်ညိုစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

ကရုပ္ပိကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်တဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်စိန် (ခ) ဦးကာတွန်း ဟာ ဇန်နဝါရီ ၂၉ ရက်နေ့ မနက် ၇ နာရီအချိန်က သူ့ရဲ့ ငါးမွေးရေးကန်မှာရှိနေတုန်း အဖွဲ့ဝင် ဦးမောင်ကို၊ ခြံလုပ်သား ဦးမြဝင်း၊ ဦးစိုးမင်းနဲ့ ဦးမော်ကွန်းတို့ကို တောင်ညိုစစ်ကြောင်းက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ခြံလုပ်သား ၃ ယောက်ကတော့ ဇန်နဝါရီ ၃၀ ရက်နေ့ညနေပိုင်းက ပြန်လွတ်လာပြီး သူတို့ရဲ့ နေအိမ်တွေကို ရောက်လာခဲ့တယ်လို့ ဖမ်းဆီးခံရသူတွေန့ နီးစပ်သူတယောက်က ပြောပါတယ်။

“သူတို့ ၃ ယောက်ကို မျက်လုံးပိတ်ပြီး လမ်းတဝက်ကနေ လမ်းလျှောက် ပြန်ခိုင်းတယ်ပေါ့။ အိမ်ရောက်ပြီး သိပ်မကြာဘူး။ ရဲတွေနဲ့ ထောက်လှမ်းရေးတွေက လာမေးကြတယ်။ ဦးကာတွန်းနဲ့ နောက်တယောက်ကိုတော့ ထိန်းသိမ်းထားတယ်။ သေနတ်တွေပါသိမ်းသွားတာ” လို့ သူက ပြောပါတယ်။

သူတို့ကို ဖမ်းဆီးတုန်းမှာ ပြန်ခုခံတာမရှိဘဲ သူတို့ဆီကနေ ကိုင်ဆောင်ထားတဲ့ လက်နက်အပါအဝင် နေအိမ်တွင်းက ၃၈၀ ဗို့ ဆုံလည် ၁ လက်နဲ့ ကျည်ဆန်တွေ၊ AK 47 ၃ လက်၊ M-16 ၁ လက်တို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းက ဆိုပါတယ်။

ဦးမောင်စိန် (ခ) ဦးကာတွန်းဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်အဖြစ် သံဖြူဇရပ်မြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူဖြစ်ပါတယ်။

ပြီးတော့ စစ်ကောင်စီ အာဏာမသိမ်းခင်အထိ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ် ၁၀ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သလို အာဏာသိမ်းပြီးနောက် ပြည်သူ့စစ် ခေါင်းဆောင်လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၃၁ ရက်နေ့ကလည်း တောင်ညိုစစ်ကြောင်းနဲ့ KNLA တပ်ရင်း ၂၇၊ ရေးဘီလူးအဖွဲ့တို့ပူးပေါင်းပြီး အနင်းရွာရဲစခန်းနဲ့ ထင်းရှူးရွာ ရဲစခန်းတို့ကို တိုက်ခိုက်ခဲ့ရာမှာ အနင်းရွာရဲစခန်းမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ၃ ယောက်သေ၊ ၂ ယောက် ဒဏ်ရာရ၊ ထင်းရှူးရွာ ရဲစခန်းမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ၁၀ ယောက်သေ၊ ၂ ယောက် ဒဏ်ရာရတယ်လို့လည်း တောင်ညိုစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013