DVB Logo
Home
မြန်မာသတင်း
နမ့်ဆန်တွင် လက်နက်ကြီးကျည် ဆော့ကစားရာမှ ပေါက်ကွဲပြီး ကလေး ၃ ဦး သေဆုံး
DVB
·
February 2, 2024
နမ့်ဆန်တွင် လက်နက်ကြီးကျည် ဆော့ကစားရာမှ ပေါက်ကွဲပြီး ကလေး ၃ ဦး သေဆုံး
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ဇယန်းကြီးရွာမှာ ဖေဖော်ဝါရီ ၂ ရက် မနက် ၉ နာရီ‌‌လောက်က လက်နက်ကြီးကျည်ပေါက်ကွဲပြီး ကလေး ၃ ဦး အခင်းဖြစ်နေရာမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနက် ၉ နာရီလောက်မှာ ကလေး ၅ ယောက် အတူတူ အမှိုက်ပုံးမှာ ဘူးခွံသွားကောက်ရာ မပေါက်ကွဲသေးတဲ့ RPG ကျည်တွေ့ရှိပြီး ကောက်ယူ ဆော့ကစားရာမှ ပေါက်ကွဲသွားတာလို့  ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

"ကလေးတယောက်က သူ့အမေခေါ်လို့ လှည့်ပြန်သွားတာပေါ့နော်။ ကလေး ၄ ယောက် ကျန်နေခဲ့တာ။ ကျန်နေခဲ့တော့ သူတို့က အဲမှာ ကောက်ရင်း ဆော့ရင်းနဲ့ အဲလက်နက်ကြီး ကျည်တွေ့လို့ သူတို့က အဲဟာထုဖို့ တယောက်က ကျောက်ခဲ သွားရှာတာ။ ကျောက်ခဲသွားရှာပြီး ပြန်တောင် မလာသေးဘူး။ အဲဒီဟာ ပေါက်သွားတာ။ ကလေးက ပွဲချင်းပြီး ၃ ယောက်။"

သေဆုံးသွားတဲ့ ကလေးတွေက အသက် ၆ နှစ်အရွယ် မိုင်းနေမင်းအောင်၊ အသက် ၁၀ နှစ်အရွယ် မိုင်းလှိုင်မင်းအောင် နဲ့ အသက် ၁၁ နှစ်အရွယ် မိုင်းအောင်ကျော်ဇော်တို့ဖြစ်တယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

"တခုလည်း ရှိတယ်၊ ဒီနမ့်ဆန်မှာ တား (TNLA တာဝန်ရှိသူတွေ) တို့ဘက်ကတော့ မိုင်းရှင်းလင်းရေးတွေတော့ လုပ်တယ်ပေါ့နော်။ ခရစ်ယာန် မူကြိုကျောင်း အဲမှာလည်း လက်နက်ကြီးကျလို့ မဖြုတ်ရသေးတဲ့ဟာ (မပေါက်သေးတဲ့ဟာ) ရှိတယ်ကွာ။ အဲဒါကြောင့် သူတို့ ကျောင်းမဖွင့်ရဲသေးဘူးတဲ့" လို့ ဒေသခံ နောက်တဦးက ပြောပါတယ်။

သေဆုံးသွားတဲ့ ကလေး ၃ ဦးဟာ ဇယန်းကြီးရွာ ပန်းပဲတန်း၊ ရပ်ကွက် ၇ မှာ နေထိုင်တဲ့ ကလေး တွေဖြစ်ကြောင်း တအာင်းအမျိုးသမီး အဖွဲ့အစည်းကလည်း သတင်းထုတ်ထားပါတယ်။

နမ့်ဆန်တိုက်ပွဲအတွင်း ကြွင်းကျန်နေတဲ့ စစ်ကျန် လက်နက်ပစ္စည်းတွေကို PSLF/TNLA က လိုက်လံ ရှင်းလင်းနေဆဲဖြစ်ပြီး တွေ့ရှိပါက သက်ဆိုင်ရာကို အကြောင်းကြားဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၁၆ ရက်ကလည်း မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ ရပ်ကွက် ၆ က ကျွဲ ကျောင်းသား ကလေး ၃ ဦးလည်း လယ်ကွင်းမှာ စစ်ကျန် လက်နက်ကြီးကျည် ပစ်ပေါက်ဆော့ကစားရာက သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013