DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် စားအုန်းဆီရည်ညွှန်းဈေးနှင့် ပြင်ပပေါက်ဈေး ကျပ် ၅,၀၀၀ ခန့် ကွာဟနေ
DVB
·
February 2, 2024
ဧရာဝတီတိုင်းတွင် စားအုန်းဆီရည်ညွှန်းဈေးနှင့် ပြင်ပပေါက်ဈေး ကျပ် ၅,၀၀၀ ခန့် ကွာဟနေ
Donate to DVB

စားအုန်းဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ထားတဲ့ စားအုန်းဆီ အခြေခံရည်ညွှန်းဈေးနဲ့ ပြင်ပဈေးကွက်ပေါက်ဈေးဟာ ဧရာဝတီတိုင်းမှာ ငွေကျပ် ၅,၀၀၀ နီးပါးအထိ ကွာဟနေတယ်လို့ စားသောက်ကုန်ဈေးကွက်ကနေ သိရပါတယ်။

စစ်ကောင်စီရဲ့ စားအုန်းဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ အနေနဲ့ ဖေဖော်ဝါရီလ ပထမအပတ်အတွက် စားအုန်းဆီ အခြေခံရည်ညွှန်းဈေးဟာ ၁ ပိဿာ ၄,၀၀၀ ကျော် သတ်မှတ်ထားပြီး ပြင်ပဈေးကွက်မှာတော့ ၁ ပိဿာ ငွေကျပ် ၉,၀၀၀ အထိ ဈေးပေါက်နေတယ်လို့ သိရပါတယ်။

ပုသိမ်မြို့ခံ အမျိုးသမီးတယောက်က “ဆီဈေးကျအောင်လို့ဆိုပြီး ဈေးတွေ လျှော့သတ်မှတ်တာ၊ အကြောင်းမထူးဘူး။ အခုရက်ပိုင်း ဝယ်ရတာလည်း ၈,၅၀၀၊ ၉,၀၀၀ ပဲ၊ သူတို့သတ်မှတ်တဲ့ ၄,၀၀၀ ကျော်ဆိုတာ ဈေးထဲမှာ မရပါဘူး၊ စာရွက်ထဲမှာပဲရတယ်။ ဈေးထဲမှာ ကိုယ်တိုင်လာဝယ်ကြည့်စေချင်တယ်။ သူတို့ပြောတဲ့ဈေးနဲ့ ဝယ်လို့ရလား၊ မရလား ဆိုတာကို သိစေချင်တယ်” လို့ ပြောပါတယ်။

စားအုန်းဆီဈေးနှုန်း လျှော့ချဖို့နဲ့ ဈေးကစားရင် အရေးယူမယ်လို့ စစ်ကောင်စီ ဆီကော်မတီဘက်က နေ့တိုင်း ကြေးမုံနဲ့ မြန်မာ့အလင်း သတင်းစာကနေ ကြေညာချက်တွေ ထုတ်ပြန် သတိပေးနေပေမဲ့လည်း ဈေးကွက်ထဲမှာ စားအုန်းဆီဟာ အခြေခံ ရည်ညွှန်း‌‌ဈေးအထက်မှာပဲ မြင့်တက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

“စားဆီရောင်းနေရတာ အရင်ကလို အဆင်ပြေမနေပါဘူး။ ယူရတဲ့ သယ်ယူစရိတ်နဲ့ သူတို့သတ်မှတ်တဲ့ နှုန်းထားအတိုင်း ရောင်းရင် မွဲမှာ။ အခုလောက် ရောင်းတာတောင် ကိုယ့်အတွက် ဘာမှမကျန်ပါဘူး။ ပင်မကျတော့ ဈေးမချပေးဘဲ စာရွက်ထဲကနေ ဘယ်ဈေးရောင်း၊ ဘယ်ဈေးရောင်း လုပ်နေတာ။ ဆီလည်း အရင်ကလို လိုသလောက် မရဘူး၊ ခွဲတမ်းနဲ့ ယူနေရတာ။ မဖြစ်မနေ အခြေအနေမို့ ရောင်းနေရတာ၊ ဆီကို မရောင်းချင်တော့ဘူး။ ဆီဈေးတက်တော့ စားသုံးသူတွေ အဆင်မပြေဘူး။ ဆီမရောင်းရင်၊ ဈေးတင်ရောင်းရင် စကစက ဖမ်းမယ် ဆီးမယ် တကဲကဲ၊ အဲ့တော့ ဘာလုပ်ရမလဲ” လို့ စားသောက်ကုန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

လက်ရှိ ဈေးကွက်ထဲ မူလပေါက်ဈေးထက် စားအုန်းဆီဈေးတွေ မြင့်တက်နေတဲ့အတွက် အခြေခံလူတန်းစားတွေအနေနဲ့ ဆီမစားနိုင်တော့တဲ့ အခြေအနေနဲ့ ကြုံနေရပြီး မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းက ရပ်ကွက်အတွင်း အလှည့်ကျ လှည့်လည်ရောင်းချနေတဲ့ ဆီတွေကို တန်းစီ တိုးကြိတ်ဝယ်ယူနေရပြီး အမှန်တကယ် လိုအပ်တဲ့ အခြေခံလူတန်းစားတွေ မရဖြစ်နေတယ်လို့ သိရပါတယ်။

ဈေးကွက်အတွင်း မရှိမဖြစ် စားသောက်ကုန်တွေဖြစ်တဲ့ ဆန်နဲ့ ဆီဈေးနှုန်းတွေဟာ စစ်တပ်အာဏာစသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းကစလို့ ဈေးသုံးဆကျော် မြင့်တက်လာသလို နိုင်ငံရေးအကျပ်အတည်းတွေကြောင့်လည်း အလုပ်လက်မဲ့ဦးရေ မြင့်တက်ခဲ့တာကြောင့် အခြေခံလူတန်းစားတွေအနေနဲ့ စားဝတ်နေရေး ခက်ခဲနေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013