DVB Logo
Home
မြန်မာသတင်း
စစ်တွေမြို့တွင် ညမထွက်အရအမိန့် ထုတ်ပြန်
DVB
·
February 2, 2024
စစ်တွေမြို့တွင် ညမထွက်အရအမိန့် ထုတ်ပြန်
Donate to DVB

စစ်ကောင်စီရုံးစိုက်ရာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ည ၉ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်အရအမိန့် ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က ညမထွက်အရအမိန့်ကို ဖေဖော်ဝါရီ ၁ ရက်က စတင်ကြေညာခဲ့ပြီး ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကတဆင့် ရပ်ကွက်အလိုက် ကြေညာခဲ့ကာ ညမထွက်အရအမိန့် ထုတ်ပြန်ပြီးတာနဲ့ စစ်တွေမြို့က ရပ်ကွက်တိုင်းမှာ လုံခြုံရေးတွေ တင်းကျပ်စွာ ချထားတယ်လို့ စစ်တွေဒေသခံတဦးက ပြောပါတယ်။

“ညမထွက်အရအမိန့်ကို ရပ်ကွက်အလိုက် ပတ်ပြီးတော့ ကြေညာသွားတာရှိတယ်။ ဒီရက်ပိုင်းထဲ ရပ်ကွက်တိုင်းမှာ လုံခြုံ‌ရေးတွေပါ ပိုတိုးပြီး ချထားတာရှိတယ်။ နေ့တိုင်းလည်း သူတို့ ကင်းလှည့်တာတွေရှိတယ်။ ညဘက်ဆိုရင်လည်း လုံခြုံရေးစခန်းတွေကနေ သေနတ်ပစ်သံတွေ ကြားနေရတယ်။”

ညမထွက်အရအမိန့် ထုတ်ပြီးတာနဲ့ စစ်တွေမြို့ပေါ်က ရပ်ကွက်တိုင်းလိုလိုမှာ စစ်ကောင်စီဘက်က လုံခြုံရေးကင်းစခန်းတွေ တိုးချထားတဲ့အပြင် မြို့လယ်က ဦးဥတ္တမပန်းခြံ၊ မေယုလမ်းနဲ့ အစိုးရဌာနရုံးစိုက်ရာ နေရာတွေကိုပါ အသွားအလာ ကန့်သတ်ထားလိုက်ပါတယ်။

မင်းဂံရပ်ကွက်မှ ဒေသခံအမျိုးသမီးတဦးက “တအိမ်တက်တအိမ်ဆင်း ညမထွက်အရအမိန့် ကြေညာသွားတာရှိတယ်။ ညမထွက်ရအမိန့် ထုတ်လိုက်လို့ မလိုက်နာရင် ပစ်မိန့်ပါ တစ်ခါတည်းရှိပြီးသားလို့ ကြေညာသွားတယ်။ ကျန်းမာရေးအခြေအနေကြောင့် အရေးပေါ်ထွက်ရမယ်ဆိုရင်လည်း ခွင့်ပြုချက်ရမှ ထွက်ခွင့်ပေးမယ်ပါ ပြောသွားတယ်” လို့ ပြောပါတယ်။

စစ်‌တွေမြို့ပေါ်မှာ စစ်ကောင်စီဘက်က ကမ်းနားလမ်း၊ မြို့တွင်း၊ ကိုရီးယားဆိပ်ကမ်း၊ မေယုလမ်း၊ ကျေးတောဆင်းလမ်း၊ ဟိုတယ်ဆင်းလမ်းနဲ့ မြို့အဝင်အထွက် ဂိတ်တိုင်းမှာ တပ်စွဲထားပြီး စစ်တွေမြို့ကို တိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်တွေနဲ့ ဘုတ်သမား၊ ရေလုပ်ငန်းသမားတွေနဲ့ ပြည်သူတွေကို နေ့စဉ်ရက်ဆက်ဆိုသလို ဖမ်းဆီးနေတာတွေ ရှိပါတယ်။

စစ်တွေအခြေစိုက် အမှတ် ၁၂ ရဲတပ်ရင်း၊ ခမရ ၃၅၄ တို့ကနေလည်း နေ့တိုင်းနီးပါး လက်နက်ကြီး ပစ်ခတ်နေကာ စစ်တွေမြို့အနီးတဝိုက်က ကျေးရွာတွေကိုပါ ဒရုန်းနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီး ပစ်ခတ်တာတွေကို ပြုလုပ်နေပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ စစ်တွေမြို့ပေါ်က ရပ်ကွက်တချို့မှာ ဧည့်စာရင်းစစ်တာကို အကြောင်းပြပြီးတော့ ခြိမ်းခြောက်ငွေညှစ်တာတွေကိုပါ လုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ညဘက်ဆို တအိမ်တက်ဆင်း ဧည့်စာရင်းစစ်တာရှိတယ်။ သူတို့တောင်းတဲ့ငွေကို ပေးလိုက်တဲ့ အိမ်တွေဆိုရင် ဖမ်းလားဆီးလားတွေ မလုပ်ဘူး။ ‌ငွေမပေးနိုင်တဲ့ အိမ်တွေဆိုရင် ခြိမ်းခြောက်တာတွေအပြင် မသင်္ကာလို့ ဖမ်းတာဆိုပြီး ဖမ်းထားတာတွေရှိတယ်” လို့ စစ်တွေမြို့ မင်းဂံရပ်ကွက်မှ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီဟာ နိုဝင်ဘာ ၁၃ ရက်က စတင်ပြီးတော့ စစ်တွေမြို့ပေါ်က အရပ်ဘက် အဖွဲ့အစည်းတွေ၊ သတင်းသမားတွေကို လိုက်လံဖမ်းဆီးတာတွေအပြင် ကူးသန်းရောင်းဝယ်ရေး လုပ်ကိုင်နေကြတဲ့ ပြည်သူတွေနဲ့ ဘုတ်သမားတွေကို ဖမ်းဆီးတာဟာ ဇန်နဝါရီ ၁၃ ရက်နေ့အထိ စုစုပေါင်း လူဦးရေ ၁၁၀ အထိရှိပြီလို့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ထုတ်ပြန်ထားပါတယ်။

စစ်တွေမြို့ အနီးတဝိုက်က ကျေးရွာတွေနဲ့ မြို့တွေကနေ စစ်ဘေးရှောင်လာကြတဲ့ ပြည်သူတွေဟာ လက်ရှိ ညမထွက်ရအမိန့် ထုတ်ပြန်မှုကြောင့် ဖမ်းဆီးခံရမှာကို ကြောက်ရွံ့နေတဲ့အပြင် ဧည့်စာရင်းတိုင်ကြားဖို့အတွက် ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကလည်း ‌‌‌‌ငွေကြေးတောင်းခံတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၃ ရက်က စတင်ခဲ့တဲ့ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီကြား တကျော့ပြန် စစ်ပွဲတွေကြောင့် ရခိုင်ပြည်နယ်က ပြည်သူအများစုဟာ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုတွေနဲ့ ကြုံတွေ့နေရပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေနဲ့ လွတ်လပ်စွာသွားလာခွင့်၊ ကုန်စည်စီးဆင်းခွင့်တွေ အားလုံးကိုပါ စစ်‌ကောင်စီဘက်က ပိတ်ပင်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ရခိုင်ဒေသတွင်းမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေကိုပါ ဖြတ်တောက်ထားတဲ့အပြင် သတင်းအချက်အလက်သိပိုင်ခွင့်နဲ့ သတင်းစီးဆင်းခွင့် အားလုံးကိုပါ ပိတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013