DVB Logo
Home
နိုင်ငံတကာ
တော်ဝင်မိသားစုဆိုင်ရာ ပုဒ်မ ၁၁၂ ပြင်ဆင်ရန် ကြိုးစားနေသည့် MFP ပါတီ ထပ်မံတိုင်ကြားခံရ 
DVB
·
February 1, 2024
တော်ဝင်မိသားစုဆိုင်ရာ ပုဒ်မ ၁၁၂ ပြင်ဆင်ရန် ကြိုးစားနေသည့် MFP ပါတီ ထပ်မံတိုင်ကြားခံရ 
Donate to DVB

ဘုရင့်စည်းမျဉ်းခံ ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ ထိုင်းနိုင်ငံမှာ ဘုရင်နဲ့တကွ အနွယ်တော်တွေကို ထိပါးစေတဲ့ ပုဒ်မ ၁၁၂ ပြင်ဆင်ဖို့ ကြိုးစားနေတဲ့  MFP ပါတီဟာ နိုင်ငံရေးလောကကနေ အပြီးတိုင် ဖြုတ်ချဖယ်ရှားဖို့ တိုင်ကြားခံခဲ့ရပါတယ်။

အဆိုပါ ပုဒ်မ ၁၁၂ ကို ပြင်ဆင်ဖို့ ကြိုးစားတာဟာ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံကို  ဖြိုလဲဖို့ ကြိုးစားရာရောက်ကြောင်း ထိုင်းအခြေခံဥပဒေတရားရုံးက မနေ့ အမိန့်ချမှတ်ခဲ့ပြီး Move Forward Party (MFP) ပါတီခေါင်းဆောင် ထိမ်းဖိထား လိုမ့်ကျရွန်းရတ် နဲ့  ပါတီဟာလည်း ပုဒ်မ ၁၁၂ နဲ့ ပတ်သက်တာတွေ ဟောပြော၊ ရေးသား၊ လှုံ့ဆော်တာတွေ ရပ်တန်းကရပ်ဖို့  ခုံတရားသူကြီးအဖွဲ့က သတိပေးခံခဲ့ရပါတယ်။ 

ဒီကနေ့   ၂၀၂၄ ဖေဖော်ဝါရီ ၁ ရက်မှာတော့ သူတို့ပါတီဟာ ပုဒ်မ ၁၁၂ ပြင်ဆင်ရေးကို အသုံးချပြီး နိုင်ငံရေးမှာ အနိုင်ရဖို့ မဲဆွယ်ခဲ့တာကြောင့် ပါတီဖျက်သိမ်းဖို့နဲ့  ပုဒ်မ ၁၁၂ ပြင်ဆင်ဖို့ လွှတ်တော်ကို လက်မှတ်ရေးထိုးတင်ပြခဲ့တဲ့ ပါတီအမတ်နဲ့ ပါတီဝင် ၄၄ ဦးကို နိုင်ငံရေးလောကထဲကနေ  အပြီးတိုင်ပယ်ထုတ်ရေး  ပြန်စစ်ဆေးဖို့ ထပ်မံတိုင်ကြားခံခဲ့ရတာပါ။ 

အဓိကတိုင်ကြားသူမှာ ဘုရင်မင်းမြတ်သစ္စာစောင့်သိသူ အလွတ်တန်းရှေ့နေ ထီရယုဒ် ဆုဝမ် နကေးဆွမ် ဆိုသူနဲ့ ဖလန်းပချားရတ် (စစ်အုပ်စု) ပါတီအမတ်ဟောင်း နိုင်းလိန်းကိုင်း လိကစ်ဝပ်ထနဆိုသူတို့ဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်နဲ့ အမျိုးသားအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခဲ့တာပါ။ အဆိုပါကော်မရှင်နှစ်ဖွဲ့က ပြန်လည်စိစစ်ပြီး ဗဟိုတရားရုံးချုပ်က  အမှုကို စီရင်ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး  MFP ပါတီခေါင်းဆောင် ထိမ်းဖိထားက သူ့အနေနဲ့ရော ပါတီကပါ နိုင်ငံ တော်ဖွဲ့စည်းအုပ်ချုပ်ပုံကိုဖြိုချဖို့ လုံးဝမရည်ရွယ်၊  ဘုရင်စနစ်ကိုလည်းဖြုတ်ချဖို့ လုံးဝ ရည်ရွယ် ချက်မရှိကြောင်း၊  ဘုရင်နဲ့ပြည်သူကြား ဆက်ဆံရေးစနစ်ပိုကောင်းစေဖို့သာ ရည်ရွယ်ခြင်းဖြစ် တယ်လို့  သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

အခြေခံဥပဒေရုံးက ခုလိုအမိန့်ချလိုက်ခြင်းဟာ MFP ပါတီတခုတည်းတင်မက ပြည်သူတရပ်လုံးရဲ့ လွတ်လပ်စွာဝေဖန်ပြောဆိုခွင့်ကို ပိတ်ပင်လိုက်တာဖြစ်ပြီး ဒီမိုကရေစီလမ်းစဉ်နဲ့လည်း မကိုက်ညီကြောင်း၊ သူတို့ပါတီအနေနဲ့တော့ ပြည်သူ့အကျိုးကို ဆက်လက်သယ်ပိုးဆောင်ရွက်သွားမယ်လို့  ထိမ်းဖိထားက ပြောသွားပါတယ်။ 

MFP ပါတီ ဒုခေါင်းဆောင် ချိုင်းထဝပ် တုလားထွန်းကလည်း သူတို့အနေနဲ့  ကြောက်ရွံ့နေရတဲ့ ဘက်မဟုတ်ဘဲ တဘက်ကသာ သူတို့ကိုကြောက်ရွံ့နေလို့ နည်းအမျိုးမျိုးနဲ့ ပါတီပြိုလဲအောင် တိုက်ခိုက်နေခြင်းသာ ဖြစ်တယ်၊ ဒီလိုတိုက်ခိုက်ခံရတဲ့အပေါ် တုန်လှုပ်စိုးရွံ့မှုမရှိ  အဆိုးဆုံး အခြေအနေအတွက် အစကတည်းက ကြိုင်တင်ပြင်ဆင်ပြီးသားပဲလို့ ချနယ်လ် ၃ အင်တာဗျူးမှာ ဖြေကြားသွားပါတယ်။ 

MFP ပါတီ အားပေးထောက်ခံသူတွေကလည်း ပါတီဖြုတ်ခံရပေမဲ့ နောက်ထပ်နာမည်သစ်နဲ့ ပေါ်ပေါက်ဦးမှာဖြစ်ပြီး ဒီထက် ၂ ဆ၊ ၃ ဆ ပိုပြီးအင်အားကြီးရစေမယ်လို့  ကြုံးဝါးနေကြပါတယ်။

Move Forward Party ဟာ  လွန်ခဲ့တဲ့ ၄ နှစ်ရွေးကောက်ပွဲမှာ ဖျက်သိမ်းခံခဲ့ရတဲ့ Future Forward Party ပါတီကနေ  ပေါ်ပေါက်လာတာဖြစ်ပါတယ်။

ပါတီကို  နိုင်ငံခြားတက္ကသိုလ်တွေမှာ ကျောင်းပြီးလာတဲ့ ခေတ်ပညာတတ်လူရွယ်အများစု ပါဝင် ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ စစ်မှန်သောဒီမိုကရေစီစနစ် ပေါ်ထွန်းရေး တစိုက် မတ်မတ်တောင်းဆို လှုပ်ရှားလာခဲ့တာပါ။  ဒါ့အပြင် တော်ဝင်မိသားစုတွေရဲ့ လုပ်ရပ်တွေကို ဝေဖန်မိလို့ ထောင်သွင်းအကျဉ်းကျခံရသူတွေ၊ အမှုရင်ဆိုင်နေရသူ စုစုပေါင်း ၅၀၀ ကျော် ကိုလည်း အားပေးကူညီလျက်ရှိပါတယ်။ 

ဒါကြောင့် ဗိုလ်ချုပ်ကြီးပရာယုဒ်ကျန်အိုးချား ဦးဆောင်ခဲ့တဲ့ စစ်အုပ်စုနိုင်ငံရေးပါတီနဲ့ ဘုရင်မင်းမြတ်ပေါ်သစ္စာခံပြီး အာဏာရှိသူတွေရဲ့ ငြိုငြင်မှု၊ နှိပ်ကွပ်မှုတွေခံခဲ့ရပါတယ်။ 

Future Forward Party  ပါတီခေါင်းဆောင် ထနားထွဏ်းမှာ ကြော်ငြာမဂ္ဂဇင်းတခုမှာ  ရှယ်ယာပါဝင်တဲ့အမှု၊ ပါတီကို အတိုးငွေအနည်းငယ်နဲ့ ငွေချေထောက်ပံ့မှုတွေနဲ့ အရေးယူခံရပြီး နိုင်ငံရေးလောကမှ ၁၀ နှစ်တာ အပယ်ခံရကာ ပါတီလည်း ဖျက်သိမ်းခံခဲ့ရပါတယ်။ ပါတီထိပ်တန်းခေါင်းဆောင် ၄ ဦးမှာလည်း နိုင်ငံရေးပါတီထဲကနေ  ထုတ်ပယ်ခံထားရပါတယ်။ 

Future Forward Party ဖျက်သိမ်းခံရပြီးတဲ့နောက် လွှတ်တော်အမတ်တွေဟာ အခြားပါ တီတွေဘက်ကို ဘက်မပြောင်းဘဲ Move Forward Party ပါတီကို ပြန်လည်ဖွဲ့စည်း မှတ်ပုံ တင်ခဲ့ပြီး ထိမ်းဖိထား လိုမ့်ကျရွန်းရတ်ကို ပါတီဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့ကြပါတယ။ 

Future Forward Party ဟာ ပါတီဖျက်သိမ်းမခံရခင်က  ၂၀၁၉ ရွေးကောက်ပွဲမှာ လွှတ်တော်အမတ်ပေါင်း ၇၆ ဦးသာ အနိုင်ရခဲ့ပေမယ့်  Move Forward Party အနေနဲ့  ဝင်ပြိုင်တဲ့ ၂၀၂၃ ရွေးကောက်ပွဲမှာတော့ အမတ်ဦးရေအများဆုံး ၁၅၁ ဦးနဲ့ အနိုင်ရသလို ပါတီရေပန်းစားအမှတ်မှာလည်း တနိုင်ငံလုံးမှာ အမှတ်အများဆုံးရရှိခဲ့ပါတယ်။ 

ဒါပေမဲ့ ပါတီခေါင်းဆောင် ထိမ်းဖိထားဟာ အိုင်တီဗွီမီဒီယာမှာ အစုရှယ်ယာပါဝင်တယ်၊ ပါတီဟာ ပုဒ်မ ၁၁၂ ကို ပြင်ဆင်ဖို့ ကြိုးစားတယ်ဆိုတဲ့ အမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဝန်ကြီးချုပ်အဖြစ်မှ ကင်းဝေးခဲ့ရသလို  အနိုင်ရပါတီကနေ အတိုက်အခံပါတီ ဖြစ်သွားခဲ့ရပါတယ်။ ဒါ့အပြင် ခုလို ပါတီဖြုတ်ချခံရမယ့်အရေးနဲ့လည်း ထပ်မံကြုံတွေ့နေရတာပါ။

Photo - ပုဒ်မ ၁၁၂  အမိန့်ချမှုအပေါ် မကျေနပ်၍ ဆန္ဒပြနေသော တက်ကြွလှုပ်ရှားသူ မိန်းကလေး ၂ ဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013