DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအား ဖမ်းဆီးချုပ်နှောင်ရာ၌ ပါဝင်ပတ်သက်သူများကို ဖော်ထုတ် အရေးယူမည် 
DVB
·
February 1, 2024
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအား ဖမ်းဆီးချုပ်နှောင်ရာ၌ ပါဝင်ပတ်သက်သူများကို ဖော်ထုတ် အရေးယူမည် 
Donate to DVB

နေပြည်တော်ထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံ့ခေါင်းဆောင်တွေအပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို ဖမ်းဆီးချုပ်နှောင်ရာမှာ ပါဝင်ပတ်သက်သူအားလုံးကို တရားဥပဒေနဲ့အညီ ဖော်ထုတ်အရေးယူမယ်လို့ NUG သမ္မတရုံးတာဝန်ရှိသူက သတိပေးပြောပါတယ်။

NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က "ဒေါ်အောင်ဆန်းစုကြည်က မတရားဖမ်းဆီး ထိန်းသိမ်းခံထားရတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး စိတ်ဓာတ်ရေးရာအရရော၊ တချို့လူတွေဆိုရင် ကိုယ်ကာယနှိပ်စက်တာတွေခံရတယ်။ မတရား ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းလွှတ်ဖို့က အင်မတန်အ ရေးကြီးပါတယ်ဆိုတာ ပြောကြားချင်ပါတယ်။ အကြွင်းမဲ့လွှတ်ဖို့လိုတယ်။ ဒီလိုမျိုးဖမ်းဆီး ချုပ်နှောင်ထားပြီးတော့ နှိပ်စက်တဲ့လူတွေအားလုံးကလည်း တရားဥပဒေအရ အရေးယူ အပြစ်ပေးခံရမှာဖြစ်ပါတယ်။ တရားဥပဒေချိုးဖောက်တဲ့သူတွေအားလုံးက ရာဇဝတ်ဘေးက ပြေးမလွတ်ပါဘူး”လို့ ဒီဗွီဘီပြောပါတယ်။

အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းတွေ မပေါက်ကြားဖို့ ရှေ့နေအဖွဲ့ကို စစ်ကောင်စီက ခြိမ်းခြောက် တားမြစ်ထားပြီး ထောင်ဝင်စာလူချင်းတွေ့ခွင့်လည်း မရသေးဘူးလို့ နေပြည်တော်အချုပ်ထောင်နဲ့ နီးစပ်သူက ဒီဗွီဘီကို ပြောပါတယ်။

၂၀၂၂ ဒီဇင်ဘာလကနေ လက်ရှိအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြင်ပနဲ့ အဆက်အသွယ်ပြုခွင့်မပေးဘဲ တားမြစ်ထားတာကြောင့် ၁ နှစ် ကျော် သတင်းအဆက်အသွယ် ပြတ်နေခဲ့တာပါ။

၂၀၂၂ ဒီဇင်ဘာလမှာ ဒေါ်အောင်ဆန်းစုကြည့်ရဲ့အမှုတွေအတွက် ထောင်ဒဏ်အမိန့်တွေ ချမှတ်ပြီးနောက်မှာ ရှေ့နေ့အဖွဲ့ဆီက သတင်းစကားတွေထွက်ပေါ်ခဲ့တာကြောင့် နောက်ထပ် သတင်းတွေမပေါက်ကြားအောင် ရှေ့နေအဖွဲ့ကို စစ်ကောင်စီက ခြိမ်းခြောက် တားမြစ်တာတွေပြုလုပ်ခဲ့ပါတယ်။

လတ်တလောမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဆီကို အစားအသောက်နဲ့ ဆေးဝါးပို့ပေးဖို့ NLD အစိုးရလက်ထက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးမင်းသူရဲ့ဇနီးကို ရှေ့နေအဖွဲ့က  ပါဝါလွှဲပေးထားပေမဲ့ လူချင်းတွေ့ပြီး တိုက်ရိုက်ပို့ခွင့်မရသေးဘူးလို့ သိရပါတယ်။

နေပြည်တော်အချုပ်ထောင်နဲ့နီးစပ်သူတဦးက "ဦးမင်းသူရဲ့ အမျိုးသမီးပဲ ပါဝါထိုးပြီးတော့ သူနဲ့ပဲ ဆက်သွယ်တယ်။ အမိန့်ချတဲ့နေ့က သူတို့ပြောလိုက်တဲ့တာဟုတ်တယ်။ သူတို့ကိုကြပ်ထားလို့။ အရင်တုန်းကတော့ အမှုပြီးသွားတာနဲ့ ဆေးတွေဘာတွေ အစားအသောက်တွေပေးတာရော နေပြည်တော်မှာပဲနေတဲ့ ဦးမင်းသူရဲ့ အမျိုးသမီးပဲ ပါဝါထိုးပြီးတော့ ရှေ့နေတွေနဲ့လုပ်ပေးခဲ့တာ။ ကျန်တာ အမိန့်တွေချပြီးတော့ ဘယ်သူမှ ပေးမတွေ့တော့ဘူး။ ပါဝါ ပဲထိုးရတယ် လူချင်းမတွေ့ရဘူး။ အဲ့လိုလည်း တိတိကျကျကြီး မကြားရဘူး။ တခါတလေမှ ပဲသိရတယ်။ သူတို့တောင်မှ တိုက်ရိုက်မသိရဘူး ဝန်ထမ်းတွေဘာတွေနဲ့တဆင့်ပဲသိရတယ်။ ကျနော်တို့လည်း ထူးခြားရင်တော့ တဆင့်တဆင့် မေးပြီးတော့ အနီးစပ်ဆုံးသိနိုင်တဲ့ဆီကိုပဲ ပြန်မေးရတယ်။ နေပြည်တော်အချုပ်ထောင်မှာပဲ အဲ့ဒါတော့ ကျိန်းသေတယ်။"

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုတော့ စစ်ကောင်စီက မိသားစုနဲ့တွေ့ခွင့်ပေးခဲ့ပြီး အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

နိုင်ငံတော်အဆင့်ခေါင်းဆောင်တချို့နဲ့  ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တချို့လည်း မိသားစု နဲ့ထောင်ဝင်စာတွေ့ခွင့်ရထားပေမဲ့ အဲ့ဒီအခွင့်အရေးဆုံးရှုံးမှာစိုးရိမ်ရတာကြောင့် မိသားစုတွေဆီက သတင်းအချက်အလက်တွေကို  ရယူဖို့ခက်ခဲနေပါတယ်။

နေပြည်တော်အချုပ်ထောင်နဲ့နီးစပ်သူတဦးက "ရတယ်လို့တော့ပြောတယ်။ မိသားစုကတော့။ သူတို့မိသားစုနဲ့လည်း အဆက်အသွယ်က မရဘူး။ မသိရဘူး။"

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ဘာအပြစ်မှမရှိဘဲ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းတာနဲ့တပြိုင်တည်းမှာ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

၂၀၂၃ ဩဂုတ် ၁ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားတဲ့ အမှု ၁၉ မှု ထဲက ၅ မှု၊ စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ်ထဲက ၆ နှစ်ကို စစ်ကောင်စီက ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးခဲ့တဲ့အတွက် စုစုပေါင်း အမှု ၁၄ မှုအတွက် ထောင်ဒဏ် ၂၇ နှစ်ချမှတ်ခံထားရတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ ကို ကြမ်းခင်းဈေး (ဒေါ်လာသန်း ၉၀ ဝန်းကျင်) တန်ဖိုးသတ်မှတ်ပြီးလေလံတင်ရောင်းချဖို့ စစ်ကောင်စီလက်အောက်ခံ ကမာရွတ်ခရိုင်တရားရုံးက ဇန်နဝါရီ ၂၅ ရက်နေ့မှာ အမိန့်ချထားပါတယ်။

ဇန်နဝါရီ ၃၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဆီကနေ မိသားစုဆီရေးတဲ့စာတစောင် လက်ခံရရှိတယ်လို့ သားဖြစ်သူ ကင်မ်အဲရစ်ကပြောဆိုကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ နိုင်ငံရေးအရ ထူးခြားတဲ့မှာကြားချက်မျိုးတော့ မပါဝင်ခဲ့ပါဘူး။

စစ်အာဏာသိမ်းတာကို ကန့်ကွက်ရာမှာပါဝင်ခဲ့တဲ့ နိုင်ငံတဝန်းက အပြစ်မဲ့ တိုင်းရင်းသား ပြည်သူလူထုတွေကိုလည်း စစ်ကောင်စီက ဆက်တိုက်ဖမ်းဆီးတရားစွဲဆို ထောင်ချတာတွေ ပြုလုပ်ခဲ့ပါတယ်။

စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခု ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ဇန်နဝါရီ ၃၁ ရက်အထိ စစ်ကောင်စီရဲ့အကြမ်းဖက်မှုကြောင့် ပြည်သူ ၄၄၀၀ ကျော်သေဆုံးခဲ့ပြီး  ၂၀၀၀၀ နီးပါး ဖမ်းဆီးတရားစွဲဆိုခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013