
ရန်ကုန်တိုင်း တွံတေးတူမြောင်းမှာ ဇူလိုင် ၄ ရက်ညက သင်္ဘော ၂ စီး တိုက်မိပြီး ၁ စီး ရေထဲ နစ်မြုပ်သွားတယ်လို့ မီးသတ်ဌာနနဲ့နယ်ခံပြည်သူတွေဆီက သိရပါတယ်။
တွံတေးတူးမြောင်းရဲ့ ရေမိုင် ၂၀ လောက်မှာ သင်္ဘော ၂ စီး ည ၉ နာရီခွဲလောက်က တိုက်မိတာဖြစ်ပြီး တွံတေးမြို့မီးသတ်စခန်းမှ အရေးပေါ်ကယ်ဆယ်ရေး စေလွှတ်ခဲ့ရတယ်လို့ မီးသတ်ဌာနက ဆိုပါတယ်။
ဆန်တင်သင်္ဘောနဲ့ ကုန်မတင်လာရသေးတဲ့သင်္ဘော တိုက်မိတာဖြစ်ပြီး ကုန်မပါတဲ့ သင်္ဘောအလွတ်က ရေထဲနစ်မြုပ်သွားပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ အသိပေးထုတ်ပြန်ထားပါတယ်။
တွံတေးတူးမြောင်းနဲ့ မြစ်ဝတို့မှာ သင်္ဘောတွေ မတော်တဆ ထိခိုက်လေ့ရှိသလို အသက်ဆုံးရူံးတတ်ပေမဲ့ အခုအကြိမ်မှာ ထိခိုက်မူနည်းခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အခင်းဖြစ်တဲ့ဆီ ရောက်ခဲ့သူတယောက်က “ဖြစ်တောင့်ဖြစ်ခဲပါ။ ဖြစ်လေ့ရှိတာက တူးမြောင်းအထွက် ရေဝဲမှာ၊ အခုက ကံကောင်းတယ် ပြောရမှာ” လို့ ပြောပါတယ်။
တွံတေးတူးမြောင်းမှာ ရန်ကုန်နဲ့ တခြားဒေသတွေကို ရေကြောင်းကနေ ကုန်စည်အမြန်စီးဆင်းဖို့ အဓိကထားတဲ့ တူးမြောင်းဖြစ်ပြီး ရေလမ်းပိုင်းမှာ အရေးပါတဲ့ နေရာတခုအဖြစ် သတ်မှတ်ခံထားရပါတယ်။










