DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ် အင်အားရော စိတ်ဓာတ်ပါ စတင်ပြိုလဲနေပြီဟု လေ့လာသူများ သုံးသပ် 
DVB
·
January 31, 2024
စစ်ကောင်စီတပ် အင်အားရော စိတ်ဓာတ်ပါ စတင်ပြိုလဲနေပြီဟု လေ့လာသူများ သုံးသပ် 
Donate to DVB

အာဏာသိမ်းကာလ ၃ နှစ်အတွင်းမှာ စစ်ကောင်စီတပ်ဟာ အင်အားအရတင်မကဘဲ စိတ်ဓာတ်ပိုင်းပါ စတင်ပြိုလဲနေပြီလို့ စစ်ရေးလေ့လာသူတွေနဲ့ အာဏာဖီဆန် CDM တပ်အရာရှိတွေက သုံးသပ်ကြပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာ ရင်ဆိုင်ရတဲ့ စစ်မျက်နှာသစ်တွေ အများအပြားပေါ်ပေါက်လာတာကြောင့် တခြားဝန်ကြီးဌာနတွေထက် ကာကွယ်ရေးဝန်ကြီးဌာနက စစ်ရေးဘတ်ဂျတ်ဟာ ကျပ်ဘီလီယံ ၄၀၀၀ ကျော်အထိ အများဆုံး သုံးစွဲခဲ့ပါတယ်။

စစ်တပ်ကို အင်အားဖြည့်တင်းဖို့ ရုရှားနဲ့ တရုတ်နိုင်ငံက ခေတ်မီ တိုက်လေယာဉ်တွေ ဝယ်တာ၊ ရေငုပ်သင်္ဘော၊ စစ်သင်္ဘောတွေ၊ လက်နက်တွေနဲ့ အင်အားဖြည့်တင်းလာခဲ့တာပါ။ 

အခုလို စစ်တပ်ကို အားကောင်းလာအောင် တည်ဆောက်ပေမဲ့လည်း ပြီးခဲ့တဲ့ ၂၀၂၃ ထဲမှာ မြန်မာစစ်တပ်ရဲ့ စွမ်းရည်ဟာ ရှမ်းမြောက်တိုက်ပွဲတွေ ကရင်နီတိုက်ပွဲတွေမှာ သိသိသာသာ ကျဆင်းပြီး အရှက်တကွဲ ဖြစ်ခဲ့ရတာတွေကို တွေ့မြင်လာရပါတယ်။

အာဏာရှင်ဟောင်း ဦးနေဝင်း ဦးဆောင်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်နောက်ပိုင်းမှာ မြန်မာစစ်တပ်ဟာ စစ်ရေးအရ ရှုံးနိမ့်မှုတွေကို မကြုံစဖူးလောက်အောင် မြင်တွေ့လာရပါတယ်။ 

၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တနိုင်ငံလုံးက တော်လှန်ရေး အင်အားစုတွေက တိုက်ခိုက်တာကြောင့် စစ်ကောင်စီဟာ မြို့ပေါင်း ၃၀ ကျော်နဲ့ စခန်းကြီးငယ်ပေါင်း ၅၀၀ ကျော်ကို ဆုံးရှုံးထားရပါတယ်။ အင်အားအရာမှာလည်း စစ်သည် သောင်းဂဏန်းအထိ သေတာ၊ ထိခိုက်ဒဏ်ရာရတာ၊ လက်နက်ချတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ ပြည်တွင်းပြည်ပ လေ့လာစောင့်ကြည့်သူတွေ အမြင်ပြောင်းလာပြီး မြန်မာစစ်တပ် စတင်ပြိုကွဲတော့မယ်ဆိုပြီး အမျိုးမျိုး ထင်ကြေးပေး ကောက်ချက်ချလာပါတယ်။

CDM ဗိုလ်ကြီး ကိုလင်းထက်အောင်ကတော့ စစ်ကောင်စီတပ်ဟာ အင်အားရော၊ စိတ်ဓာတ်နည်းမျိုးစုံ ပြုန်းတီးနေတာကြောင့် တပ်ဟာ ပြိုနေပြီလို့ ပြောပါတယ်။

စစ်ကောင်စီတပ်မှာ ခြေလျင်တပ်ရင်း ၂၁၄ ရင်း၊  ခြေမြန်တပ်ရင်း ၃၀၇ ရင်းနဲ့ ရေတပ်၊ လေတပ်တွေအပါအဝင်ဆို စုစုပေါင်း အင်အား သုံးသိန်းကနေ ငါးသိန်း ဝန်းကျင်အထိရှိနိုင်တယ် ဆိုပြီး လေ့လာသူတွေက အရင်က  ခန့်မှန်းခဲ့ကြပါတယ်။ 

စစ်ကောင်စီသတ်မှတ်ထားတဲ့ ဖွဲ့စည်းပုံအရဆိုရင် တပ်ရင်းတရင်းမှာ အနိမ့်ဆုံး ၂၀၀ သတ်မှတ်ထားတာဖြစ်ပြီး တပ်ရင်းပေါင်း ၅၂၁ ရင်းနဲ့ တွက်မယ်ဆိုရင် ရှေ့ထွက်အင်အားချည်းပဲ ၁ သိန်းကျော်ရှိရမှာပါ။ 

အရင် အာဏာမသိမ်းခင်ကတည်းက ဖွဲ့စည်းပုံဟာ ပြည့်မီတာမရှိဘဲ တပ်ရင်းတရင်းမှာ အင်အား ၁၅၀ ဝန်းကျင်အောက်မှာပဲရှိခဲ့တယ်လို့ CDM တပ်အရာရှိတွေက ပြောဆိုကြပါတယ်။ 

လက်ရှိမှာတော့ CDM ပြုလုပ်ထားတဲ့ တပ်နဲ့ရဲ အင်အားက ၁၅၀၀၀ ဝန်းကျင်အထိ ရှိနေပါတယ်။ စစ်ကောင်စီရဲ့ ရှေ့ထွက်အင်အားက ၅၀၀၀၀ ဝန်းကျင်ထက်မပိုဘူးလို့ လေ့လာသူတွေနဲ့ CDM တပ်အရာရှိတွေက သုံးသပ်နေကြပါတယ်။ 

စစ်ကောင်စီ ရင်ဆိုင်နေရတဲ့ နောက်ထက် စိန်ခေါ်မှုကတော့ တိုက်ပွဲတွေမှာ ဗိုလ်မှူးချုပ်အဆင့်တွေပါ လက်နက်ချအညံ့ခံခဲ့ကြတာကြောင့် ကျန်တဲ့ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေဟာလည်း လက်နက်ချလိုက်ဖို့ကို ဝန်မလေးတော့တာလို့လည်း CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အပါအဝင် တော်လှန်ရေးအင်အားစုတွေက လူငယ်တွေ အများစုဖြစ်ပေမဲ့ စစ်တပ်မှာတော့ သက်ကြီးစစ်သားတွေ အများအပြားကို အသုံးပြုနေရပါတယ်။ ဒါကလည်း စစ်ကောင်စီအတွက် မြေပြင်တိုက်ပွဲတွေမှာ မယှဉ်နိုင်တဲ့အဓိက အချက်တချက်အဖြစ်ရှိနေပါတယ်။ 

စစ်ကောင်စီက စစ်တပ်ပင်စင်အသက်ကို ၆၀ ကနေ ၆၂ နှစ်အထိ တိုးထားတာကြောင့်သာ အင်အား ၅၀၀၀၀ ဝန်းကျင်ကျန်နေတာလို့ CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကလည်း စစ်ကောင်စီက တပ်အင်အားတင် မဟုတ်ဘဲ စိတ်ဓာတ်ပါ ပြိုနေပြီဖြစ်ကြောင်း၊ ဒီအခြေအနေကို ပြန်ပြီးကုစားနိုင်တဲ့ တပ်မှူးတွေလည်း စစ်တပ်မှာ ရှိမနေတော့ဘူးလို့လည်း ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ လေ့လာသူတွေကြားမှာ မြန်မာစစ်တပ်ကို ဗဟိုပြုပြီး တော်လှန်ရေး အင်အားစုတွေက အသာစီး မရနိုင်ဘူးဆိုတဲ့ ယူဆချက်တွေ ပြောင်းလဲလာခဲ့တာကို သိသိသာသာ မြင်တွေ့လာရပါတယ်။ 

အဘက်ဘက်က ပြုန်းတီးမှု၊ ပြိုလဲမှုတွေ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီအနေနဲ့ မကြာခင် အဆိုးဆုံးအခြေအနေကို ရောက်ရှိလာတော့မယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

စစ်တပ် အငြိမ်းစားအရာရှိတဦးကတော့ စစ်တပ်ပြိုတော့မယ်လို့ ပြောဆိုမှုတွေကို လက်ခံဘူးလို့ ဆိုပါတယ်။ အထူးဖြင့် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ စစ်ကောင်စီ အထိနာတာမှန်ပေမဲ့ အဲဒါဟာ နည်းပညာအလစ်အငိုက်နဲ့ ရှေ့တန်းတပ်တွေမှာ မိသားစုဝင်တွေကိုပါ ထားရှိတဲ့ အခြေအနေတွေကြောင့် မလွှဲသာမရှောင်သာ အလျှော့ပေးခဲ့ရတာသာဖြစ်ပြီး ဒီအားနည်းချက်တွေကို စစ်တပ်အနေနဲ့ အကောင်းဆုံးပြင်ဆင်နိုင်ခဲ့ပြီလို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ဖွဲ့စည်းပုံနဲ့ တပ်အင်အားဟာ ဘယ်လောက်ကျန်နိုင်သလဲဆိုတာကိုတော့ သူက ဖြေဆိုဖို့ ငြင်းဆန်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းနေပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

ပြိုလဲနေတဲ့ စစ်ကောင်စီအနေနဲ့တော့ လွယ်လွယ်နဲ့လက်လျှော့မှာမဟုတ်ဘဲ ပြည်သူလူထုအပေါ် ပိုပြီး ရက်ရက်စက်စက် ဖိနှိပ်လာနိုင်သလို နိုင်ငံရေးသွေးခွဲမှုတွေကိုလည်း ပိုပြီးလုပ်ဆောင်လာဖွယ် ရှိနေတယ်လို့လည်း လေ့လာသူတွေက သုံးသပ်ကြပါတယ်။ 

ထက်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013