DVB Logo
Home
မြန်မာသတင်း
မြန်မာ့နိုင်ငံရေးပြဿနာကို နည်းမှန်လမ်းမှန်ဖြင့် ဝိုင်းဝန်းကူညီရန် အိမ်နီးချင်းနိုင်ငံများကို ကေအန်ယူ ဥက္ကဋ္ဌ တောင်းဆို
DVB
·
January 31, 2024
မြန်မာ့နိုင်ငံရေးပြဿနာကို နည်းမှန်လမ်းမှန်ဖြင့် ဝိုင်းဝန်းကူညီရန် အိမ်နီးချင်းနိုင်ငံများကို ကေအန်ယူ ဥက္ကဋ္ဌ တောင်းဆို
1 / 15
Donate to DVB

ကမ္ဘာ့နိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံရဲ့  ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ရေး  နည်းမှန်လမ်းမှန်နဲ့ တိုင်းပြည်ပကတိအရှိတရားနဲ့ ကိုက်ညီစွာ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)  ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက တောင်းဆိုလိုက်ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ၇၅ နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာ အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ကေအန်ယူအနေနဲ့ နိုင်ငံ‌ရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ကြိုးစားခဲ့တဲ့ ၁၀ နှစ်တာ ကာလအတွင်း နိုင်ငံကို အုပ်ချုပ်နေသူတွေဆီက အသိအမှတ်မပြုတာ၊ တန်းတူညီမျှခြင်းနဲ့ နိုင်ငံရေးပြဿနာ အစစ်အမှန်ကို ဖြေရှင်းလိုစိတ်ကို မတွေ့ခဲ့ရဘူးလို့ ကေအန်ယူဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက သူ့ရဲ့ မိန့်ခွန်းမှာ ပြောပါတယ်။

ဒါ့အပြင် ၂၀၂၁ ခု ဖေဖော်ဝါရီ ၁ ရက်နေမှာ မြန်မာစစ်တပ်က တိုင်းပြည်အာဏာကို အဓမ္မလုယူ အာဏာသိမ်းခဲ့တဲ့အတွက် နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှားမှုနည်းလမ်းတွေအားလုံး ရပ်တန့်သွားခဲ့ရကြောင်း ပြောပါတယ်။

စစ်တပ်က တိုင်းပြည်အာဏာကို အဓမ္မလုယူအာဏာသိမ်းမှုဟာ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ဖို့ မြန်မာစစ်တပ်ဟာ လုံးဝ လက်ခံခြင်းမရှိတာကို ရှင်းရှင်းလင်းလင်း ဖော်ပြနေတာဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံပါ ပေးထားတဲ့ အခွင့်အာဏာအတိုင်း အခွင့်ထူးခံ အာဏာကို ဆက်လက်ရယူထားလိုတာဖြစ်ကြောင်းလည်း ပြောပါတယ်။

မြန်မာစစ်တပ် တိုင်းပြည်အာဏာကို ဥပဒေမဲ့ သိမ်းယူခဲ့မှုဟာ ဒီမိုကရေစီလမ်းကို ဖျက်ဆီးလိုက်ပြီး စစ်အာဏာရှင်အုပ်ချုပ်ရေးစနစ်ကို တည်ဆောက်တဲ့လမ်း ဖြစ်တဲ့အတွက် တပြည်လုံး ပြည်သူတွေ၊ နိုင်ငံဝန်ထမ်းတွေ၊ နာမည်ထင်ရှားကျော်ကြားသူတွေ၊ အထူးသဖြင့် လူငယ်တွေဟာ စစ်အာဏာသိမ်းမှုကို  လုံးဝ လက်မခံဘဲ ဆန့်ကျင်တွန်းလှန်ခဲ့တာလို့ ကေအန်ယူ ခေါင်းဆောင်က ပြောပါတယ်။

စစ်တပ်က တိုင်းပြည်အာဏာသိမ်းပြီးနောက်  ဗမာပြည်ရဲ့ နိုင်ငံရေးအခြေအနေက အရင်ကနဲ့ မတူဘဲ ထူးခြားတဲ့အနေအထား တရပ်ဖြစ်နေကြောင်း၊ အရင်က အုပ်ချုပ်သူကို တော်လှန်သူတွေဟာ တိုင်းရင်းသားလူမျိုးတော်လှန်ရေးအဖွဲ့အစည်းတွေ ဖြစ်ပြီး၊ အခုအချိန်မှာတော့ ဗမာလူထုလူတန်းစားအားလုံးနဲ့အတူ တပြည်လုံးမှာရှိတဲ့ နိုင်ငံဝန်ထမ်းတွေနဲ့ လူငယ်တွေဟာ စစ်အာဏာရှင်ကို နိုင်ငံရေး၊ စစ်ရေးအရ မိမိတို့ရဲ့ အနာဂတ် ကံကြမ္မာအတွက် ဆန့်ကျင် တော်လှန်နေကြပြီလို့ ပြောပါတယ်။

ဒါကြောင့်လည်း တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိမ်နီးချင်းနိုင်ငံတွေရဲ့ အကျိုးစီးပွားအတွက် တခုတည်းသောနည်းလမ်းကတော့ အာဏာရှင်စနစ် ဖျက်သိမ်းပြီး ဒီတိုင်းပြည်ကို တိုင်းရင်းသားလူမျိုးတွေနဲ့ ပြည်သူပြည်သားအားလုံးအတွက် ဒီမိုကရေစီ၊ လွတ်လပ်မှု၊ အမျိုးသားတန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ အပြည့်အဝအာမခံတဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအဖြစ် တည်ထောင်သွားဖို့ပဲ ဖြစ်တယ်လို့  ကေအန်ယူ ခေါင်းဆောင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013