DVB Logo
Home
မြန်မာသတင်း
ကရင်နယ်ခြားစောင့်တပ်တောင်းဆိုချက် စစ်ခေါင်းဆောင် အကြောင်းမပြန်သေး
DVB
·
January 31, 2024
ကရင်နယ်ခြားစောင့်တပ်တောင်းဆိုချက် စစ်ခေါင်းဆောင် အကြောင်းမပြန်သေး
Donate to DVB

ကရင်နယ်ခြားစောင့်တပ်(BGF)က တောင်းဆိုထားတဲ့အချက်တွေကို စစ်ကောင်စီ ခေါင်းဆောင်ဘက်က အကြောင်းပြန်ကြားတာ မရှိသေးဘူးလို့  ကရင် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူက ဒီဗွီဘီကို ပြောပါတယ်။

ဇန်နဝါရီ ၂၃ ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူတို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ 

ဆွေးနွေးရာမှာ ကရင်အချင်းချင်း မတိုက်ခိုက်ချင်တော့တဲ့အကြောင်းနဲ့ စစ်ကောင်စီတပ်ဆီက ရိက္ခာ၊ လစာ ပံ့ပိုးမှုတွေကို မယူချင်တဲ့ အချက် ၂ နှစ်ချက်ကို တောင်းဆိုခဲ့ပေမယ့် အကြောင်းပြန်မ ကြားသေးဘူးလို့ ဗိုလ်မှူးကြီး စောချစ်သူက ပြောပါတယ်။

“အကြောင်းကတော့ ဘာမှပြန်မလာသေးဘူး။ ကျနော်တို့ တင်ပြထားတဲ့ အချက်တွေက ဘာမှပြန်မလာသေးဘူး။ ကျနော်တို့ ဒီအတိုင်းပဲ စောင့်နေတာ။”

ကရင် BGF ဘက်က တောင်းဆိုချက်တွေကို ဒုချုပ်စိုးဝင်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီ ပြန်တင်ပြပေးမယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။ ဒါ့အပြင် ဒုချုပ်က BGF ခေါင်းဆောင်းပိုင်းတွေကို ရာထူးတိုးပေးခဲ့ပေမဲ့ BGF ဘက်က လက်မခံခဲ့ဘူးလို့ ဗိုလ်မှူးကြီး စောချစ်သူက ပြောပါတယ်။

“ဒါကတော့ ကျနော်တို့ လက်မခံပါဘူး။ တဦးတယောက် မဟုတ်ဘူးလေ။ သူတို့တွေ အခုကျမှ တိုးလို့လည်း ဘယ်ရတော့မလဲ။  ဒါကလည်း ကျနော်တို့တွေ တောင်းလည်းမတောင်းဆိုပါဘူး။ လက်လည်း လက်မခံပါဘူးနော်။”

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)အနေနဲ့ အချက် ၂ ချက်တောင်းဆိုထားတဲ့အပေါ်  စစ်ကောင်စီဘက်က အကြောင်းမပြန်ကြားသေးတာက ညှိနှိုင်းမှုတွေအများကြီး လုပ်ရဦးမှာဖြစ်လို့ ဒီအချိန်မှာ ပြတ်ပြတ်သားသားဆုံးဖြတ်ချက်တခု အဖြေမထွက်နိုင်သေးတာ ဖြစ်တယ်လို့  တိုင်းရင်းသားလက်နက်ကိုင်တွေအရေး လေ့လာသူက သုံးသပ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အရေး လေ့လာသူ ဘားအံမြို့ခံတဦးက  “အဲဒါကလည်း စိန်ခေါ်မှုတော့ရှိတယ်။ စစ်ကောင်စီက ခွင့်ပြုရင်လည်း အခက်အခဲကြုံနိုင်တယ်။ ခွင့်မပြုရင်လည်း အခက်အခဲကတော့ရှိနိုင်တာပေါ့နော်။ တော်တော်တော့ ပါးနပ်ရမယ့် အနေအထားမှာရှိတာပေါ့နော်။ အဲလိုတော့ မြင်တယ်။ ဘာကြောင့်လည်းဆို တကယ်လို့ပေါ့ ကိုယ်ဖာသာကို BGF အနေနဲ့ ရပ်တည်တယ်ဆိုရင်လည်း ဒီစစ်သားတွေအတွက် ထောက်ပံ့မှုကိစ္စတစ်ခုကလည်း ကြီးမားတဲ့ စိမ်ခေါ်မှုတခုတည်းမှာ ပါနိုင်တယ်”လို့ ပြောပါတယ်။

မြဝတီမြို့နယ်ရှိ BGF ထိန်းချုပ်ထားတဲ့ ရွှေကုက္ကိုလ်စီမံကိန်းမှာ လုပ်ကိုင်နေတဲ့ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းကို ထိုင်းနဲ့ မြန်မာစစ်တပ် ပူးပေါင်းနှိမ်နင်းမယ်လို့ ပြောဆိုထားတာကြောင့်  နိုင်ငံတကာက လေ့လာစောင့်ကြည့်နေပါတယ်။

ကရင်နယ်ခြားစောင့်တပ်(BGF)အနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်က စစ်တပ်ဆီက ရိက္ခာနဲ့ လစာ ပံ့ပိုးမူတွေ မယူချင်တော့ကြောင်း တရားဝင်စာတင်ခဲ့ပါတယ်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)ကို ၂၀၁၀ ပြည့်နှစ်မှာ တိုးတက်သောကရင့် အမျိုးသားတပ်မတော်  DKBA ကနေခွဲထွက်ပြီး ထူထောင်ခဲ့တာပါ။ 

စစ်တပ်လက်အောက်ခံ ကရင်ပြည်နယ်နယ်ခြားစောင့်တပ်ဟာ တပ်နယ် ၄ ခုကို တပ်ရင်း ၁၃ ခုနဲ့ ဖွဲ့စည်းခဲ့ပြီးနောက် ဗိုလ်မှူးကြီးစောချစ်သူက အထွေထွေအတွင်းရေးမှူး တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ 

အောင်ခန့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013