DVB Logo
Home
Lead Story
ပုဇဉ်းရင်ကွဲ ကြင်စိုး (သရော်စာ)
DVB
·
January 31, 2024
ပုဇဉ်းရင်ကွဲ ကြင်စိုး (သရော်စာ)
Donate to DVB

(က)

“အခု‌တော့ ဘယ်သူမှ လက်မခံနိုင်‌တော့မှန်း တကယ့်ကို သေချာလွန်းခဲ့ပြီ . . .”

“မလုပ်ထိုက်တာကိုမှ လုပ်‌လေသူ ငါ့ဘဝ တကယ့်ကို သေရွာယွန်းတော့မည် . .”

ရေနွေးသောက်နေရင်း ဖိုးချို၏သီချင်းကို ရုတ်တရက် ထဆိုလိုက်သည့် အဘစောမူးသာအား အဘစိမ်းမောင်က ‘လုပ်ပြန်ပြီ’ ဟူသည့်အကြည့်ဖြင့် မျက်စောင်းထိုးပါ၏။ အရင်ရက်ကပဲ ကြင်စိုး သာဝ မအလကို ပြည်သူလူထုသာမက သူ၏ဘောမများကပါ လက်ခံမှုမရှိကြတော့သည့် အခြေအနေကို ဆိုက်ရောက်ခဲ့ပေရာ အနှီသီချင်းကို ထဆိုခဲ့ပါသေး၏။

“အင်း . . . ကြင်စိုး . . ကြင်စိုး . . . ဒင်းဘဝကတော့ သောင်ပြင်လွှတ်တဲ့ ခွေးဝဲစားလို၊ မျောက်ကြီးမီးခဲကိုင်မိသလို၊ ငါးကို ကုန်းပေါ်ပစ်တင်ခံရသလို တွယ်ရာမဲ့ ပူလောင်ခြင်းကြီးစွာနဲ့ ဖြတ်ဖြတ်လူးဖြစ်နေပြီ ဆိုတော့ကာ”

“မူးသာရာ . . . မင်းတို့မလည်း ရေနစ်နေသူကို ဝါးကူလို့ထိုးနှစ်နေကြသလို လုပ်ရက်ကြတယ်ကွာ”

“အမယ်လေး စိမ်းမောင်ရယ် . . . မင်းတို့အစွန်းရောက်တွေက ခုထက်ထိ မအလကို သနားပြီး ကိုးကွယ်ဆည်းကပ်နေကြသေးသကိုး”

“ဝါး . . ဟားဟား ဟားဟား ဟားဟား”

စိမ်းသရဖူစိမ်း အဘစိမ်းမောင်တို့ အစိမ်းချစ် မျက်ကန်းတစ္ဆေမကြောက် အုပ်စုကား နောက်ဆုံးအချိန်အထိ မအလကို အားပေးကာ မအလနှင့်အတူ လိုက်ပါကျဆုံးခံလေမည် ထင်ရပါပေ၏ဟု အဘလုံးတုံးက ပြောပါ၏။

“အခုဆိုရင် မင်းတို့မအလကြီး ဘယ်ကိုမှ ပြေးဝင်ခိုလှုံလို့ မရတော့ဘဲ သူနေတဲ့ဂူထဲမှာပဲ ကံတော်ကုန်မယ့်ကိန်းဟ . . .”

“ဟားဟား ဟားဟား ဟားဟား ဟား”

“မအလကို သူ့လက်ပါးစေ BGF က ‘စောချစ်သူ’ တို့ကတောင် စိမ်းကားပြီး ရှောင်ကြဉ်သွားတာ မင်းအမြင်ပဲလေကွာ”

“အဲ . . . . .”

ဘယ်လိုပဲ နားချ နားချ အဘစိမ်းမောင်တို့ကား မအလကြီးကို ဖက်တွယ်နေကြဦးမည့် လက္ခဏာသာ ပြသဆဲပါလေ။ ခဏအကြာမှာ အဘစောမူးသာက “ငါလည်း အခုတလော ‘ဖိုးချိုသီချင်းတွေ’ ပဲ ခံတွင်းထဲစွဲနေတယ်ဟ’ ဟုပြောကာ သီချင်းတပုဒ်ကို ကောက်ဆိုပါလေ၏။

“ချစ်သူကို ရွှေနန်းထက်မှာထားချင်တယ် ဒါပေမဲ့ မအလ ဘဝဟာ ချို့တဲ့လာတာ မင်းအသိပါ … ချစ်သူကို လက်ဖျားနဲ့တောင်မတို့ရက်နိုင်တယ် အလှကလေး ပွန်းပဲ့သွားရင် ကိုယ် ရင်ကျိုးရချည်ရဲ့ . . . ချစ်သူကို စိတ်ဆင်းရဲစရာ မတွေ့စေချင်သလို တသက်လုံး အနားနားမှာ တဖဝါးမှမခွာ စောင့်ရှောက်မယ် . . . ချစ်သူကို ကြည့်ရင်းနဲ့ကို ဒေါထထလာလေ တနေ့တခြား ဆုံးရှုံးရမှာကို ပိုနှ‌မျောမိပြန်တယ် . . .”

“အ လယ် လယ် . . . . .”

“ဝါး . . ဟားဟား ဟားဟား ဟားဟား”

(ခ)

အခုတော့ မအလဟာ တော်လှန်သောပြည်သူတွေရဲ့ လက်ခုပ်ထဲကရေ ဖြစ်နေပြီဖြစ်လေရာ ဘယ်နေ့ဘယ်ရက်မှာ သူ၏ ‘ဂူတံခါး’ ကို လာအခေါက်ခံရမည်လဲ ဆိုတာကို တွေးကြောက်နေရပြီဖြစ်သည့် အခြေအနေသို့ ဆိုက်ရောက်နေပြီဟု အရွှင်အဘတွေက သုံးသပ်ပြကြပါ၏။

“သူ ‘ဂူ’ ထဲမှာနေတယ်လို့ မင်းတို့တွေ ဘယ်လိုလုပ်ပြီး ပြောနိုင်တာလဲ”

“စိမ်းမောင် . . . စိမ်းမောင် . . အာဏာရူးတွေ အာဏာရှင်တွေဟာ သူများတွေထက် ပိုကြောက်တတ်ကြသူတွေကွ၊ ဒီကောင်ကြီး မြေပြင်ပေါ်မှာ ညမအိပ်ရဲဘူး”

“ဟားဟား ဟားဟား ဟားဟား ဟား”

“ဆက်ဒမ်ဟူစိန်လည်း ဂူထဲဝင်ပုန်းခဲ့တာပဲ၊ ဘင်လာဒင်လည်း ဂူတွေတခုပြီးတခု ပြောင်းပြောင်းပြီး ညအိပ်သေးတာပဲ၊ မအလလည်း တဂူပြီးတဂူ ပြောင်းပြောင်းပြီး အိပ်တော်မူနေတယ်လို့ ဖရဲသီးတွေဆီက သတင်းအတိအကျ ရထားတာကွ”

“ဟား ဟား ဟား ဟား ဟား ဟား ဟား”

“ဒါဆိုလည်း သူစက်တော်ခေါ်နေတဲ့ဂူပေါ်ကို ဒရုန်းမိုးရွာချပြီး ဂူပိတ် သင်္ဂြိုဟ်ပေးလိုက်ကြတာပေါ့ဟာ”

“ဝါး . . ဟား ဟား ဟား ဟား ဟား ဟား”

သို့ဖြင့် မအလကြီးမှာ ယခုအခါ သူ၏အရှုံးကို လက်ခံလာရပြီဖြစ်ကာ ‘စားပွဲဝိုင်း’ မှာ စကားပြောကာ ဆွေးနွေးညှိနှိုင်းကြပါစို့ဟု လေသံပစ်လာနေပြီဟု ဆိုပါ၏။ “နယ်မြေတွေကို လက်နက်ကိုင်လမ်းစဉ်နဲ့ တိုက်ယူဖို့မလိုဘဲ လွှတ်တော်ထဲမှာ ညှိနှိုင်းခွဲဝေကြမယ်” ဟု မထော်မနန်း ခွေးပါးစပ်က နတ်စကားထွက်လာပြီဟု ဆိုကြပါလေ၏။

“အဲဒါ သဘာဝကျတယ်လေကွာ . . . .”

“ဘာသဘာဝကျတာလဲ စိမ်းမောင် . . လူတွေက နယ်မြေတွေကိုလိုချင်လို့ တိုက်နေကြတာမှ မဟုတ်တာ၊ ဒင်းလို အာဏာရူးနဲ့တကွ အာဏာရှင်စနစ်ကို အမြစ်ပါပြုတ်အောင် မြန်မာပြည်ရဲ့ ‘နောက်ဆုံးတိုက်ပွဲ’ အနေနဲ့ အစွမ်းကုန်တိုက်နေကြတာဟ”

“အဲ . . . . .”

ဤသို့ ဆက်လက်ရှင်းပြ နားချနေပြီးသကာလ ခဏအတွင်းမှာ စစ်ပြန်ကြီး အဘလုံးတုံးက ခုနက အဘစောမူးသာ၏ မပြီးပြတ်သေးသည့် ဖိုးချို၏သီချင်းကို ဆက်၍ဆိုလာပါ၏။

“ကိုယ် အမြဲတမ်း အုပ်ချုပ်ရပါ့မလား ရင်ထဲ တထိတ်ထိတ်နဲ့ မပျော်နိုင်ပါဘူး သြော် တနေ့နေ့ ပြေးရမှာလား နုံချာတဲ့ ဂျပုစုတ်ဘဝနဲ့ . . . ချစ်သူကို နားချလို့ကို မဝနိုင်သေးခင် အခြေအနေမွဲ ဆင်းဆင်းရဲရဲ ကိုယ့်တပ်ဘက်ကို ခေါ်မရဘူး . . . ချစ်သူကို တမ်းတမ်းစွဲ မက်မောမှုမှာ ပိုင်ဆိုင်ခြင်း ကိုယ့်အတွက်ဖြစ်မလာတာ သြော် . . . ကိုယ့် အ ကု သို လ် ပဲ . . .”

“အဲ . . . ဟဲ ဟဲ ဟဲ . . . . . .”

(ဂ)

အခုဆိုရင် ကြင်စိုး သာဝ မအလလက်ပါးစေ ခြေလျင်တပ်တွေမှာ တိုက်ပွဲဝင်နိုင်တဲ့လူ မရှိတော့သလောက်ကို ရှားနေပြီဟု ဆိုပါ၏။ သည့်အတွက် ဆေးတပ်သားတွေ၊ အင်ဂျင်နီယာတပ်သားတွေ၊ စက်ရုံတပ်သားတွေသာမက မီးသတ်ရဲဘော်တွေပါမကျန် ရှေ့တန်းကို အတင်းအကျပ် စေလွှတ်ခံနေရပါပြီ တဲ့။

“ဒါတွေနဲ့တင် အင်အားမလောက်လို့ ပြည်သူ့စစ်တွေ၊ ပျူစောထီးတွေသာမက နောက်ဆုံး DSA လို သင်တန်းကျောင်းတက်ဆဲ သင်တန်းသားတွေကိုပါ ‘ပရယ်တီကယ်’ ဆင်းသလိုမျိုး ဆင်းဖို့ ‘ရှေ့တန်း’ ကို အသုတ်လိုက် အသုတ်လိုက် ပို့တော့မယ်တဲ့ ဟ”

“ဟေ . . . . .”

“ဟုတ်တယ်စိမ်းမောင်ရ . . . ဒါနဲ့ မင်းတူလည်း DSA တက်နေတယ် မဟုတ်လား”

“အဲ . . . အေး . . . အေးကွ၊ ပထမနှစ်”

အေး . . . ‘ပထမနှစ်’ မကလို့ ‘မူကြို’ အဆင့်ဆိုလည်း တပ်ထဲမှာရှိရှိသမျှလူကို မအလရင်ဆိုင်နေရတဲ့ မြန်မာပြည်တဝန်း စစ်မျက်နှာအသီးသီးကို ပို့ကိုပို့မယ့်ကောင်”

“. . . . . .”

အဘစိမ်းမောင်တယောက် တွေးတွေးဆဆ ဖြစ်သွားပါလေ၏။ သူ့တူလေးအတွက်လည်း ရတက်မအေးကာ ပူပင်သွားပုံရပါ၏။ ထိုအခိုက်မှာပင် ဖုန်းကြည့်နေသည့် အဘလုံးတုံးထံမှ သတင်းတခု ကြားသိရပါလေ၏။

“ဟာ . . . ဟေ့ကောင်တွေ . . . ဒီနေ့လည်း စစ်ရဟတ်ယာဉ် ပုဇဉ်းတကောင်ကို တော်လှန်ရေးအဖွဲ့တွေက ပစ်ချလိုက်ပြန်ပြီဟ”

“အားပါးပါးပါး . . . ခြေလျင်တပ်တွေတင် အခြေမလှဘူးထင်နေတာ . . . ခုတော့ ဝေဟင်ကကောင်တွေကိုပါ မကြာခဏ လှမ်းလှမ်းထုချလာနိုင်ပြီဆိုတော့ မအလရဲ့နိဂုံးဟာ ရောက်လာတော့မှာ”

အဘစောမူးသာရဲ့ သုံးသပ်စကားကို အဘစိမ်းမောင်က တွေတွေကြီး စိုက်ကြည့်ကာ နားဆင်နေပါလေ၏။ ခဏအကြာမှာ အဘစောမူးသာက ပြုံးစိစိမျက်နှာပေးဖြင့် “‘ပုဇဉ်းသတင်း’ ကြားလိုက်ရတော့ ဖိုးချိုသီချင်းတပုဒ်ကို မအလကိုယ်စား ခံစားသီဆိုချင်လာပြန်သကွ” ဟု ပြောပြီး ရုတ်တရက်ကြီး လက်တန်း ဆိုချလိုက်ပါလေတော့၏တည်း။

“ဒရုန်းပွင့်ကလေးတွေ ကျဆင်းတဲ့ ဒီကာလဝယ် လမင်းလည်း မသာခဲ့တယ် အဖော်မဲ့တဲ့ ကြယ်ကလေးတွေလည်း ကိုယ် လို ပါ ပဲ ကွ ယ် . . . ပြေးတလှည့် ရှောင်တလှည့် ပုန်းတလှည့် ငိုတလှည့် မိုးကောင်းကင်က အလွမ်းမင်းသားတွေပဲ . . 

(ပုဇဉ်းတွေ ရင်ကွဲအောင် ဆော်နေကြတယ် သွားတော့သွားတယ် မပြန်နိုင်တယ်) ၂”

ဖေကြီး(လေရှီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013