DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီကိုယ်စားလှယ် အစည်းအဝေးတက်သော်လည်း အာဆီယံရပ်တည်ချက် မပြောင်းဟု အင်ဒိုဝန်ကြီးပြော
DVB
·
January 30, 2024
စစ်ကောင်စီကိုယ်စားလှယ် အစည်းအဝေးတက်သော်လည်း အာဆီယံရပ်တည်ချက် မပြောင်းဟု အင်ဒိုဝန်ကြီးပြော
Donate to DVB

နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာ အာဆီယံအဆင့်မြင့်အစည်းအဝေးတွေမှာ တက်ရောက်ခွင့်ရထားတဲ့ မြန်မာစစ်ကောင်စီဟာ လာအိုနိုင်ငံ လွမ်ဘရာဘမ်မြို့မှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါ်မာလာသန်းထိုက်ကို စေလွှတ်ခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံအစည်းအဝေးတွေမှာ  စစ်ခေါင်းဆောင်တွေကို တက်ခွင့်မပြုဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့ မြန်မာကိုယ်စားလှယ်တွေသာ တက်ရောက်ခွင့်ပြုမယ်လို့ အာဆီယံက ဆုံးဖြတ်ခဲ့တာကြောင့် မြန်မာစစ်ကောင်စီကလည်း အာဆီယံ အစည်းအဝေးတွေမှာ ဘယ်ကိုယ်စားလှယ်ကိုမှ မလွှတ်ဘဲ အခုချိန်ထိနေလာခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းလိုက်ကတည်းက ပိုမိုဆိုးရွားလာတဲ့ နိုင်ငံရေးအကျပ်အတည်းနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ၂၀၂၃ ခုနှစ်ကုန်တဲ့အချိန်မှာ မြန်မာနိုင်ငံမှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ အရေအတွက် ၂ ဒသမ ၆ သန်းအထိ ရှိလာခဲ့ပါတယ်။

နိုင်ငံရေးပြဿနာတွေကြောင့် အုပ်ချုပ်ရေးယန္တရားကောင်းကောင်း မလည်ပတ်နိုင်တော့တာကို အခွင့်ကောင်းယူပြီး ဒုစရိုက်သမားတွေက မူးယစ်ဆေးဝါးတွေ ပိုမိုထုတ်လုပ်လာသလို အွန်လိုင်းလိမ်လည်မှုတွေကိုလည်း အကြီးအကျယ် အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြပါတယ်။

အာဆီယံဟာလည်း မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တွေ တယောက်ပြီးတယောက် ခန့်အပ်ပြီး မြန်မာနိုင်ငံက သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ မြန်မာနိုင်ငံက ဘေးဒုက္ခကြုံနေရသူတွေဆီကို လူမှုကူညီရေးထောက်ပံ့ကူညီမှုတွေပေးအပ်ဖို့ ဆောင်ရွက်နေကြပေမဲ့ အလှည့်ကျ ဥက္ကဋ္ဌ သုံးဆက်ပြောင်းခဲ့ပြီး သုံးနှစ် ရောက်လာသည်အထိ  မြန်မာ့အရေးအတွက် ဘာမှ ရေရေရာရာ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါဘူး။

အခုနှစ်အတွက် အလှည့်ကျတဲ့ အာဆီယံ ဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်တဲ့ လာအိုနိုင်ငံက ဝါရင့်နိုင်ငံရေးသမား အာလွန်ကဲအို ကစ်တီကွန်ကတော့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ရော အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ပါ တွေ့ဆုံခဲ့ပြီးပြီလို့ ဆိုပါတယ်။

နိုင်ငံရေးကိုယ်စားမပြုတဲ့ ကိုယ်စားလှယ်ကို ရွေးချယ်စေလွှတ်ဖို့ အကြိမ်ကြိမ် ငြင်းဆန်နေခဲ့တဲ့ စစ်ကောင်စီဟာ ဒီတစ်ခေါက်မှာတော့ အဆင့်မြင့်အရာရှိတယောက်ကို ရွေးချယ် စေလွှတ်လိုက်တာကြောင့် အရင်အစည်းအဝေးတွေမှာ ထိုင်မယ့်လူမရှိခဲ့တဲ့ မြန်မာကိုယ်စားလှယ်ရဲ့ ထိုင်ခုံနေရာမှာ ဒီတကြိမ်တော့ ထိုင်မယ့်သူ ရောက်လာခဲ့ပါပြီ။

ဒါနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက မြန်မာကိုယ်စားလှယ် တက်ရောက်လာတာဟာ အာဆီယံအစည်းအဝေးတွေမှာ စစ်ကောင်စီကို တားမြစ်ထားတဲ့ ရပ်တည်ချက်ပြောင်းလဲသွားတာ မဟုတ်ပါဘူးလို့ ပြောခဲ့ပါတယ်။

ရတ်နိုမာဆူဒီက "နိုင်ငံရေးအရ ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ အာဆီယံအစည်းအဝေးတွေမှာ တက်ရောက်ခွင့်မရှိဆိုတဲ့ တားမြစ်ချက်က အခုချိန်ထိ အသက်ဝင်နေဆဲ ဖြစ်ပါတယ်။ ဒီတခေါက်တော့ နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန်ကို စေလွှတ်ဖို့ မြန်မာစစ်ကောင်စီက ဆုံးဖြတ်ခဲ့တယ်"လို့ သူ့ရဲ့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

တနင်္လာနေ့ မနက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ မြန်မာ့ငြိမ်းချမ်းရေးဆိုင်ရာ အချက်ငါးချက်အပါအဝင် မြန်မာ့ပဋိပက္ခဆိုင်ရာတွေကိုလည်း ဆွေနွေးခဲ့ကြတယ်လို့ သူကပြောပါတယ်။

"မြန်မာ့အရေးအတွက် ချမှတ်ထားတဲ့ အချက် ၅ ချက်ကို အကောင်အထည်ဖော်ရာမှာ အနှောင့်အယှက်ဖြစ်လာနိုင်တဲ့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာစေမယ့် ဘယ်လိုလုပ်ဆောင်ချက်မျိုးမှ ရှိမလာဖို့ အင်ဒိုနီးရှားက မျှော်လင့်ထားပါတယ်။ မြန်မာ့အရေးနဲ့ သက်ဆိုင်နဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရာမှာလည်း ဘယ်အဖွဲ့အစည်းကိုမှ နိုင်ငံရေး အားသာချက်ရစေတဲ့ အခွင့်အရေးမျိုး မဖန်တီးမိအောင် သတိထားဆက်ဆံဖို့လို့ပါတယ်။" 

၂၀၂၄ ခုနှစ်မှာ မြန်မာ့အရေးအတွက် အရင်နှစ်ရဲ့ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှား၊ အခုနှစ်ရဲ့ အာဆီယံဥက္ကဋ္ဌ လာအိုနဲ့ နောင်လာမယ့်နှစ်ရဲ့ အာဆီယံဥက္ကဋ္ဌ မလေးရှားတို့ သုံးနိုင်ငံ စုပေါင်းဆောင်ရွက်သွားကြမှာဖြစ်ပါတယ်။

သုံးနိုင်ငံ စုပေါင်းဆောင်ရွက်မှုမှာ မလိုလားအပ်တဲ့ ကန့်သတ်ချက်တွေရှိမနေဖို့ မျှော်လင့်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးနိုင်ဖို့နဲ့ သက်ဆိုင်ရာအဖွဲ့တွေ အားလုံးပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဖြစ်ပေါ်လာဖို့အတွက်လည်း အထောက်အကူဖြစ်သင့်ကြောင်း ရတ်နိုမာဆူဒီက ပြောခဲ့တယ်လို့ အင်ဒိုနီးရှား အခြေစိုက် ဂျကာတာဂလုပ် သတင်းမှာ ဖော်ပြထားပါတယ်။

Source: Straits Times/ Jakartaglobe

Photo-ASEAN

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013