DVB Logo
Home
နိုင်ငံတကာ
ဂါဇာရှိ ကုလဝန်ထမ်း ၁၉၀ ခန့် ဟားမတ်စ်နှင့် ဂျီဟတ်စစ်သွေးကြွဖြစ်နေဟု အစ္စရေးစွပ်စွဲ
DVB
·
January 30, 2024
ဂါဇာရှိ ကုလဝန်ထမ်း ၁၉၀ ခန့် ဟားမတ်စ်နှင့် ဂျီဟတ်စစ်သွေးကြွဖြစ်နေဟု အစ္စရေးစွပ်စွဲ
Donate to DVB

ဂါဇာက ကုလသမဂ္ဂ ဝန်ထမ်းတချို့ဟာ အောက်တိုဘာ ၇ ရက် အစ္စရေးနိုင်ငံတွင်း အရပ်သားအများစုကို ဝင်ရောက်သတ်ဖြတ်၊ ဖမ်းဆီးခဲ့တဲ့ ဟားမတ်စ်နဲ့ အစ္စလာမ္မစ် ဂျီဟတ်စစ်သွေးကြွတွေအဖြစ် ပါဝင်ခဲ့ကြတယ်လို့ အစ္စရေးထောက်လှမ်းရေးက စွပ်စွဲလိုက်ပါတယ်။

ဒီထုတ်ပြန်ချက်ကြောင့် ကုလသမဂ္ဂ အရှေ့နားဒေသ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ အကူအညီပေးရေးနဲ့ လုပ်ငန်းဆိုင်ရာ အေဂျင်စီ (UNRWA) အပေါ် နိုင်ငံတော်တော်များများရဲ့ ရန်ပုံငွေထောက်ပံ့မှုတွေ ရပ်ဆိုင်းကုန်ပြီ ဖြစ်ပါတယ်။

ရိုက်တာက ဖတ်ရှုခွင့်ရတဲ့ စာမျက်နှာ ၆ မျက်နှာပါ ထောက်လှမ်းရေးမှတ်တမ်းအရ UNRWA ဝန်ထမ်း ၁၉၀ ခန့်ဟာ စစ်သွေးကြွတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ အဲဒီအထဲက ၁၁ ဦးရဲ့ အမည်နဲ့ ဓာတ်ပုံတွေပါ ပါရှိပါတယ်။

ဂါဇာဒေသခံ ပါလက်စတိုင်း ၂ ဒသမ ၃ သန်းထဲက ထက်ဝက်လောက်ဟာ နေ့စဉ် စားနပ်ရိက္ခာ အကူအညီအတွက် UNRWA ကို အားထားနေရသလို အခု အစ္စရေးက ဂါဇာမှာ တိုက်ခိုက်နေချိန်မှာ ပိုပြီးခက်ခဲနေကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုသတင်းကြောင့် အဓိကအလှူရှင် အမေရိကန်နဲ့ ဂျာမနီ အပါအဝင် နိုင်ငံ ၁၀ နိုင်ငံကျော်က အကူအညီတွေ ရပ်လိုက်တဲ့အတွက် ဖေဖော်ဝါရီလကုန်ဆိုရင် လုပ်ငန်းဆက်လည်ပတ်နိုင်တော့မှာ မဟုတ်ဘူးလို့ UNRWA က ကြေညာထားပါတယ်။

ပါလက်စတိုင်းသားတွေကတော့ အစ္စရေးဟာ UNRWA ကို ဂုဏ်သိက္ခာကျအောင် လုပ်နေတယ်လို့ စွပ်စွဲပါတယ်။

ဒီမှတ်တမ်းထွက်လာအပြီးမှာ UNRWA ဟာ ဝန်ထမ်းအချို့ကို ထုတ်ပယ်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပါတယ်။

ဓာတ်ပုံနဲ့တကွ ဖော်ပြခံရတဲ့အထဲက တဦးဟာ ကျောင်းကောင်စီဝင်ဖြစ်ပြီး ဟားမတ်စ်တွေ အစ္စရေးနယ်မြေထဲဝင်ပြီး လူ ၁,၂၀၀ ကို သတ်ဖြတ်၊ ၂၅၃ ဦးကို ပြန်ပေးဆွဲစဉ်က သူ့သားဖြစ်သူက အမျိုးသမီးတဦးကို ပြန်ပေးဆွဲလာရမှာ ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။

နောက်တဦးကတော့ ဂါဇာကို အစ္စရေးစစ်သားအလောင်း သယ်ယူရာမှာနဲ့ ဝင်တိုက်တဲ့သူတွေရဲ့ ပစ်ကတ်ကားတွေ သွားလာနိုင်ဖို့၊ လက်နက်ထောက်ပံ့နိုင်ဖို့ ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။

တတိယတဦးကတော့ အစ္စရေးနယ်စပ်ရွာလေးမှာ အကြမ်းဖက်မှု ကျူးလွန်စဉ်က ကိုယ်တိုင်ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

နောက်တဦးကလည်း ဂီတပွဲတော်ကို တိုက်ခိုက်မှုမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အစ္စရေးကတ်ဇ်က UNRWA အကြီးအကဲ ဖီးလစ်လာဇာရီနီ ရာထူးက နုတ်ထွက်ပေးသင့်တယ်လို့ တောင်းဆိုလိုက်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013