DVB Logo
Home
မြန်မာသတင်း
ကလေးနှင့်တနင်္သာရီမြို့တို့တွင် စစ်တပ်လက်နက်ကြီးကြောင့် ကလေးငယ် ၃ ဦး ဒဏ်ရာရ
DVB
·
January 30, 2024
ကလေးနှင့်တနင်္သာရီမြို့တို့တွင် စစ်တပ်လက်နက်ကြီးကြောင့် ကလေးငယ် ၃ ဦး ဒဏ်ရာရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီး မြောင်းလှကျေးရွာမှာ စစ်ကောင်စီရဲ့‌ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၂၉ ရက် ည ၇ နာရီလောက်ကစပြီး စစ်ကောင်စီက ကလေးမြို့တွင်းကနေ မြို့အနီးတဝိုက် ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါလက်နက်ကြီးဟာ မြောင်းလှရွာက ချင်းတိုင်းရင်းသားတွေ အများစုနေထိုင်တဲ့ ရပ်ကွက်ဘက်ကို ကျရောက်ခဲ့ပြီး ကလေးတွေ လက်နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့တာလို့ အဲ့ဒီရွာမှာ နေထိုင်နေတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

“ညက တောက်လျှောက် လက်နက်ကြီးနဲ့ ပစ်နေတာ။ မြောင်းလှရွာ အရှေ့ခြမ်းက ဗမာတွေနေတာ၊ အနောက်ခြမ်းက ချင်းတွေနေတာ။ ချင်းတွေနေတဲ့ ရပ်ကွက်ထဲ လက်နက်ကြီးက ကျတာ။ ၂ နှစ်အရွယ် ကလေး (ယောကျ်ား) တယောက်ကတော့ မျက်နှာတွေရော ထိခိုက်တယ်။ အသက် ၁၃ နှစ်အရွယ် သူ့အမကတော့ တအားမပြင်းထန်ဘူး။ အိမ်ကလည်း နည်းနည်းပျက်စီးသွားတယ်။”

စစ်ကောင်စီက‌တော့ ကလေးမြို့တွင်း စစ်ဌာနချုပ်တွေကနေ မြို့နယ်တဝိုက်ဘက်ကို လက်နက်ကြီးတွေ အမြဲလို ပစ်ခတ်လေ့ရှိပြီး ဘာကြောင့်ပစ်ခတ်တယ် ဆိုတာကိုတော့ မသိဘူးလို့ ဆိုပါတယ်။

အဲ့ဒီ မြောင်းလှကျေးရွာဟာ ကလေးမြို့နဲ့ ၁ မိုင်ဝန်းကျင်သာ ကွာဝေးပြီး ဇီချောင်းပဲ ခြားတယ်လို့ ရွာခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၃ ရက် မနက်ကလည်း စစ်ကောင်စီက ကလေးတက္ကသိုလ်ဘက်က‌နေ လက်နက်ကြီးနဲ့ ပစ်ခတ်မှု‌ကြောင့် ကြိုးကြာကွင်းရွာက အသက် ၁၂ အရွယ် မဝုန်ဆန်းလျန်ဟာ ဝမ်းဗိုက်မှာ လက်နက်ကြီး ထိခိုက်ဒဏ်ရာရခဲ့ပြီး သေဆုံးခဲ့ပါတယ်။

ဇန်နဝါရီ ၂၆ ရက် ညနေ ၃ နာရီခွဲလောက်ကလည်း စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးတလုံး တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာအုပ်စု၊ ကဒဲလိပ်ကျေးရွာ (ဒေသအ‌ခေါ်) ကုလားကုန်းက နေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ်တဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံဆီက သိရပါတယ်။

အသက် ၅ နှစ်အရွယ် မအိစပယ်လှိုင်ဟာ နေအိမ်ထဲမှာရှိနေစဥ် စစ်ကောင်စီ ၃၀၆ အမြောက်တပ်ရင်းက ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ထိခိုက်ဒဏ်ရာ ပြင်းထန်ရရှိခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“အိမ်နောက်တပိုင်းလုံး ပျက်စီးသွားတယ်။ ကလေးငယ်တယောက်ရှိတာ ကလေးငယ်မှာ လက်နက်ကြီး ထိသွားတယ်။ အခု မြိတ်က စစ်တပ်ဆေးရုံမှာရှိတယ်။ ကလေးငယ်က မသေသေးဘူး။ လက်နက်ကြီး အထိဆိုးတယ်၊ တကိုယ်လုံး အပေါက်သေးသေးငယ်တွေ ဖြစ်သွားတယ်၊ တော်တော်များများ ထိခိုက်ထားတယ်။ လက်နက်ကြီးက တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ ရုတ်တရက်ကြီး ထပစ်တာဆိုတော့ ကလေးမငယ်က အိမ်မှာနေရင်း ထိသွားတာ။ တိုက်ပွဲဖြစ်ပြီး နောက်တရက်မှာ ပစ်တာပါ။”

အခုနှစ် ဇန်နဝါရီ ၁၅ ရက်ကလည်း ခမရ ၅၆၁ တပ်ရင်းက လက်နက်ကြီးတွေ ပစ်ခတ်တာကြောင့် တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာ အရှေ့ကမ်းမှာ နေထိုင်တဲ့ အသက် ၄၀ အရွယ် ဦးထွန်းဝေနဲ့ အသက် ၅၀ အရွယ် ဒေါ်ရှင်ကြည်တို့ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013