Home
နိုင်ငံတကာ
အီရန်နှင့် စစ်မဖြစ်လိုဟု အမေရိကန်ပြော
DVB
·
January 30, 2024

ဂျော်ဒန်နိုင်ငံရှိ အမေရိကန်ထောက်ပို့စခန်းကို အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွတွေက တိုက်ခိုက်ခဲ့မှုအပေါ် လိုအပ်သလို တုံ့ပြန်သွားမှာဖြစ်ပေမဲ့ အီရန်နဲ့ စစ်ဖြစ်မှာတော့ မဟုတ်ဘူးလို့ အမေရိကန် တာဝန်ရှိသူတွေက ဇန်နဝါရီ ၂၉ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဝန်ကြီးနှစ်ဦးက အစွမ်းကုန်တုံ့ပြန်မယ်လို့ ပြောပြီးတဲ့နောက်မှာ တာဝန်ရှိသူတွေက အီရန်နဲ့ စစ်ဖြစ်မှာတော့ မဟုတ်ဘူးလို့ ပြန်ထိန်း ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ထောက်ပို့စခန်းဘက် ပျံသန်းလာတဲ့ လူမဲ့လေယာဉ်ကို ကိုယ့်ဘက်က လေယာဉ်လို့ အထင်မှားခဲ့ပြီး ပေါ့ပေါ့လျော့လျော့ နေခဲ့ကြလို့ တိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ ကနဦး စုံစမ်းမှုတွေအရ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သားသုံးယောက် သေဆုံးတဲ့အပြင် ၄၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

အစ္စရေး-ဟားမတ်စ် ပဋိပက္ခစဖြစ်ပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းမှာ ပထမဆုံးအကြိမ် အမေရိကန်စစ်သည် သေဆုံးမှုလည်း ဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က“အမေရိကန်တပ်ဖွဲ့ဝင်တွေအပေါ် တိုက်ခိုက်တာကို သမ္မတကြီးရော ကျနော်ပါ သည်းခံမှာမဟုတ်ပါဘူး။ အမေရိကန်နဲ့ ကျနော်တို့စစ်သည်တွေကို ကာကွယ်ဖို့ လိုအပ်တာတွေ အားလုံးလုပ်သွားမယ်” လို့ ပင်တဂွန်မှာ နေတိုးအတွင်းရေးမှူးချုပ်နဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် ကလည်း “အလွှာအမျိုးမျိုး၊ အဆင့်အမျိုးမျိုးပါတဲ့ ရေရှည်တည်တံ့တဲ့ တုံ့ပြန်မှုမျိုး” လုပ်သွားမယ်လို့ ပြောထားပါတယ်။

ဒါပေမဲ့ သတင်းစာရှင်းလင်းပွဲကျတော့ ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရအမျိုးသမီး ဆာဘရီနာ ဆင်းဂ်က “ကျမတို့ စစ်ပွဲကိုရှာနေတာ မဟုတ်ဘူး၊ ပွင့်ပွင့်လင်းလင်းပြောရရင် အီရန်လည်း အမေရိကန်နဲ့ စစ်ဖြစ်ချင်မယ်လို့ ကျမတို့မထင်ဘူး” လို့ ပြန်ထိန်းပြောသွားပါတယ်။

အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီကလည်း “အီရန်အစိုးရနဲ့ စစ်ရေးနည်းလမ်းအရ ပဋိပက္ခဖြစ်ဖို့ စီစဉ်နေတာတော့ မရှိဘူး” လို့ ပြောကြားခဲ့ပြီး ဘိုင်ဒင်အစိုးရဟာ တုံ့ပြန်ဖို့နည်းလမ်းတွေကို ချိန်ဆနေတယ်လို့ ပြောကြားခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024