DVB Logo
Home
မြန်မာသတင်း
ဩစတြေးလျ သတ္တုတူးကုမ္ပဏီများ မြန်မာစစ်အုပ်စုကို အထောက်အပံ့ဖြစ်စေ
DVB
·
January 30, 2024
ဩစတြေးလျ သတ္တုတူးကုမ္ပဏီများ မြန်မာစစ်အုပ်စုကို အထောက်အပံ့ဖြစ်စေ
Donate to DVB

ဩစတြေးလျ သတ္တုတူးဖော်ရေးကုမ္ပဏီတွေဟာ မြန်မာပြည်သူတွေပေါ် ညှဉ်းပန်းနှိပ်စက် အကြမ်းဖက် သတ်ဖြတ်နေတဲ့ မြန်မာစစ်အုပ်စုကို အထောက်အပံ့ဖြစ်စေပြီး စစ်အုပ်စု ထိန်းချုပ်ထားတဲ့ သတ္တုတွင်းလုပ်ငန်းတွေအပေါ် ပိတ်ဆို့ဒဏ်ခတ်အရေးယူဖို့ Justice For Myanmar အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဘဏ္ဍာရေးဆိုင်ရာ အထောက်အကူဖြစ်စေတဲ့ သတ္တုတူးဖော်ထုတ်လုပ် ဝန်ဆောင်မှုပေးနေတဲ့လုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်လုပ်ကိုင်နေတဲ့ ဩစတြေးလျကုမ္ပဏီတွေအကြောင်းကို ထုတ်ဖော်ထားတဲ့ “လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်သတ္တုမိုင်းများ”  အစီရင်ခံစာအသစ်ကို ဇန်နဝါရီ ၃၀ ရက်မှာ Justice For Myanmar အဖွဲ့က ထုတ်ပြန် တောင်းဆိုလိုက်တာပါ။

ဩစတြေးလျနိုင်ငံအနေနဲ့ စစ်အုပ်စုထိန်းချုပ်ထားတဲ့ သတ္တုတွင်း လုပ်ငန်းတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချက်ချင်းချမှတ်ဖို့၊ မဟာမိတ်နိုင်ငံတွေနဲ့ ညှိနှိုင်းပြီး စစ်အုပ်စုရဲ့ ဘဏ္ဍာငွေ၊ စစ်လက်နက်နဲ့ လေယာဉ်ဆီရင်းမြစ်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးချဲ့ချမှတ်ဖို့နဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်တဲ့ လုပ်ရပ်တွေကို စုံစမ်းစစ်ဆေးပြီး၊ အပြစ်တွေ့ရှိပါက ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်တွေအပေါ် ပြစ်ဒဏ်ချမှတ်  တရားစွဲဆိုဖို့ Justice For Myanmar  တောင်းဆိုပါတယ်။

စစ်အုပ်စုရဲ့ တရားမဝင်အာဏာသိမ်း ကြိုးပမ်းမှု ၃ နှစ် ပြည့်ပြီးတဲ့အချိန်အထိ ဩစတြေးလျနိုင်ငံအနေနဲ့ သတ္တုနဲ့ တခြားအမြတ်အစွန်းများတဲ့ ကဏ္ဍတွေမှာရှိတဲ့ စစ်အုပ်စုရဲ့ ဘဏ္ဍာငွေရင်းမြစ်တွေကို ပိတ်ဆို့ရေး လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ပျက်ကွက်နေတာက လက်ခံနိုင်ဖွယ် မရှိဘူးလို့ Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ထုတ်ပြန်ချက်မှာပြောပါတယ်။

“မြန်မာစစ်အုပ်စုဟာ သူတို့ရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို ငွေကြေးထောက်ပံ့ဖို့နဲ့ စစ်ရာဇဝတ်ကောင်တွေ ကြွယ်ဝချမ်းသာဖို့အတွက် မြန်မာပြည်သူတွေရဲ့ ဓနဥစ္စာတွေကို အလုံးအရင်းနဲ့ခိုးယူနေတဲ့ စစ်ရာဇဝတ်ဂိုဏ်းကို လည်ပတ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ အခုအချိန်အထိ လုပ်ငန်းတွေကို ပုံမှန်အတိုင်း ဆက်လက်လုပ်ကိုင်နေပြီး တရားမဝင်စစ်အုပ်စုကို ငွေးကြေးထောက်ပံ့နေတဲ့၊ အကျင့်ပျက်ခြစားမှုတွေနဲ့ အပျက်သဘော ဆောင်နေပြီဖြစ်တဲ့ သတ္တုတူးဖော်ရေးကဏ္ဍမှာ စီးပွားရေးလုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်နိုင်ဖို့ အားပေးကူညီနေတဲ့ ဩစတြေးလျနိုင်ငံသားပိုင်ကုမ္ပဏီတွေ၊ ဦးဆောင်အရာရှိတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ သတ္တုတူးဖော်ရေးကဏ္ဍမှာ ရှိနေဆဲပါပဲ။ ဩစတြေးလျနိုင်ငံအနေနဲ့ စစ်အုပ်စု၊ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ခရိုနီတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချက်ချင်းချမှတ်ဖို့ လိုအပ်သလို၊ ဩစတြေးလျနိုင်ငံသားတွေအနေနဲ့လည်း စစ်အုပ်စုကို ငွေကြေးနဲ့ အခြားပံ့ပိုးမှုပုံစံတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ပေးအပ်နေတာတွေကို ရပ်တန့်မှုတွေလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။”

စစ်ကောင်စီလက်အောက်ခံ မြန်မာ့သတ္တုတူးဖော်ရေးကဏ္ဍမှာ ဩစတြေးလျ နိုင်ငံသားပိုင် ကုမ္ပဏီတွေ၊ ဦးဆောင်အရာရှိတွေနဲ့  ရင်းနှီးမြှုပ်နှံသူတွေဟာ  အာဏာသိမ်း ၃ နှစ်ပြည့်တဲ့ အချိန်အထိ စစ်အုပ်စုက လွှမ်းမိုးချုပ်ကိုင်ထားတဲ့  သတ္တုတူးဖော်ရေးကဏ္ဍမှာ ဆက်လက် လုပ်ဆောင်နေတယ်၊ စစ်အုပ်စုဟာ အရပ်သားပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်၊ ဗုံးကြဲတိုက်ခိုက်ပြီး၊ လူပေါင်း ၄,၄၀၀ ကျော်ကို သတ်ဖြတ်၊ မုဒိန်းကျင့်၊ ညှဉ်းပန်းနှိပ်စက်မှုတွေ ကျူးလွန်ခဲ့ကာ လူပေါင်း ၂၅,၈၀၀ ကျော်ကို  တရားဥပဒေမဲ့ ဖမ်းဆီးခြင်း၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာနဲ့  လူပေါင်း ၂ ဒသမ ၃ သန်းကျော်ကို  နေရပ်စွန့်ခွာစေခြင်းဖြင့် အကြမ်းဖက်စစ်ဆင်ရေးတရပ် ဆင်နွှဲခဲ့တယ်လို့ဆိုပါတယ်။

အစီရင်ခံစာမှာတော့ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်နေတဲ့ ဩစတြေးလျကုမ္ပဏီကွန်ရက် ၁၀ ခုကို မှတ်တမ်းပြုစုထားပြီး၊ လက်ရှိ သတ္တုတူးဖော်ရေးကဏ္ဍမှာ လုပ်ဆောင်ခြင်းမရှိတော့ပေမဲ့  မြန်မာနိုင်ငံမှာ  မှတ်ပုံတင်ထားဆဲ ဖြစ်တဲ့ စစ်အုပ်စုအောက်မှာ လုပ်ငန်းတွေ ပြန်လုပ်မှာကို စောင့်ကြည့်ဖို့လိုတဲ့ ကုမ္ပဏီကွန်ရက် ၆ ခုကိုလည်းဖော်ပြထားပါတယ်။

အဆိုပါ ကုမ္ပဏီတွေထဲမှာ Valentis ၊  Cornerstone Resources ၊  Knight Piésold ၊ PanAust၊ Asia Pacific Mining ကုမ္ပဏီ၊ Access Resources Asia  ကုမ္ပဏီနဲ့  Australian Laboratory Services (ALS) လုပ်ငန်းတွေပါဝင်ပါတယ်။ 

မြန်မာနိုင်ငံမှာရှိတဲ့ ဩစတြေးလျ လုပ်ငန်းတွေအနေနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ သက်ဆိုင်ရာ ပြည်နယ်ကောင်စီများနဲ့ သက်ဆိုင်ရာ လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းများအပါအဝင် တရားဝင်ဖက်ဒရယ်အဖွဲ့အစည်းတွေရဲ့ ဥပဒေ၊ မူဝါဒနဲ့ လမ်းညွှန်ချက်တွေကို လိုက်နာဆောင်ရွက်သင့်ပြီး၊ နိုင်ငံတကာ လူ့အခွင့်အရေး တာဝန်တွေကိုလည်း ကျေပွန်အောင် လုပ်ဆောင်သင့်တယ်လို့  အကြံပြုထားပါတယ်။

Photo- Justice For Myanmar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013