DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာ့ပထမဆုံး လူသား ဦးနှောက်ချစ်ပ်ပြား တပ်ဆင်မှု အောင်မြင်
DVB
·
January 30, 2024
ကမ္ဘာ့ပထမဆုံး လူသား ဦးနှောက်ချစ်ပ်ပြား တပ်ဆင်မှု အောင်မြင်
Donate to DVB

ကမ္ဘာ့ပထမဆုံးအကြိမ်အဖြစ် လူသားမှာ ဦးနှောက်ချစ်ပ်ပြားတပ်ဆင်မှု အောင်မြင်ပြီး တပ်ဆင်ထားသူဟာ ပြန်လည်ကျန်းမာလာပြီလို့ ဦးနှောက်ချစ်ပ်ပြားကုမ္ပဏီ Neuralink  တည်ထောင်သူ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ခ်က ပြောပါတယ်။

“ကနဦးရလဒ်တွေအရ အလားအလာကောင်းတဲ့ နျူရွန်စပိုက်တွေ တွေ့ရပါတယ်” လို့ မတ်စ်ခ်က သူ့ရဲ့ လူမှုကွန်ရက် X မှာ ဇန်နဝါရီ ၂၉ ရက်က ရေးထားပါတယ်။

နျူရွန်ဆိုတာ လျှပ်စစ်နဲ့ ဓာတုအချက်ပြမှုတွေကို သုံးပြီး ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို သတင်းအချက်အလက်တွေပို့တဲ့ ဆဲလ်တွေဖြစ်ပြီး စပိုက်ဆိုတာ အဲဒီ နျူရွန်တွေရဲ့ လှုပ်ရှားမှုလို့ အမျိုးသားကျန်းမာရေးဌာနက အဓိပ္ပာယ်ဖွင့်ထားပါတယ်။

ပထမဆုံးအကြိမ် လူသားမှာ တပ်ဆင်စမ်းသပ်ဖို့ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးက မနှစ်က ခွင့်ပြုပေးခဲ့တာပါ။

မသန်စွမ်းလူနာတွေအတွက် လူသားနဲ့စမ်းသပ်ဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာမှာ လူစုဆောင်းခွင့် ရခဲ့ပါတယ်။

လူသားရဲ့ ရွေ့လျားလိုတဲ့ ရည်ရွယ်မှုကို ထိန်းချုပ်တဲ့ ဦးနှောက်အစိတ်အပိုင်းမှာ ဦးနှောက်ကွန်ပျူတာပေါင်းကူးစနစ် (BCI) ချစ်ပ်ပြားကို စက်ရုပ်သုံးပြီး ခွဲစိတ်ထည့်သွင်းတာ ဖြစ်ပါတယ်။

မူလရည်ရွယ်ချက်က လူသားတွေ စိတ်ကူးနဲ့တင် ကွန်ပျူတာကို ထိန်းချုပ်နိုင်ဖို့ ဖြစ်ပါတယ်။ Neuralink ရဲ့ ပထမဆုံးထုတ်ကုန်ကို တယ်လီပသီလို့ နာမည်ပေးထားတယ်လို့လည်း မတ်စ်ခ်က X မှာ ရေးထားပါတယ်။

မတ်စ်ခ်ရဲ့ကုမ္ပဏီဟာ ဘေးကင်းရေး သတ်မှတ်စံနှုန်းတွေကို ချိုးဖောက်တယ်လို့ ဝေဖန်ခံနေရတာတွေ ရှိပါတယ်။

မျောက်တွေမှာ တပ်ဆင်စမ်းသပ်တုန်းက ပြဿနာတွေရှိခဲ့ပြီး မျောက်သေသွားတယ်လို့ စွပ်စွဲမှုတွေ ရှိခဲ့ပေမဲ့ သူ့ဘာသူသေတာဖြစ်ပြီး ချစ်ပ်ထည့်လို့မဟုတ်ကြောင်း ပြန်ဖြေရှင်းထားပါတယ်။

ဒါကိုလက်မခံတဲ့ ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်ထိန်းသိမ်းရေးအဖွဲ့တွေက စုံစမ်းစစ်ဆေးဖို့ တောင်းဆိုထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013