
ယူကရိန်းဟာ လတ်ဗီးယားနိုင်ငံနဲ့ ဒရုန်းသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဇွန် ၉ ရက်မှာ ပြောပါတယ်။
အက်စ်တိုးနီးယားနိုင်ငံရဲ့မြို့တော် ထောလင်မြို့မှာ ကျင်းပတဲ့ ဘောလ်တစ်ပင်လယ်ဝန်းကျင် နိုင်ငံများ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်ဆွေးနွေးပွဲမှာ လတ်ဗီးယာ ဝန်ကြီးချုပ် အန်ဒရစ် ကူလ်ဘာ့ဂ်စ်နဲ့ တွေ့ချိန်မှာ ခုလိုပြောလိုက်တာပါ။
သမ္မတ ဇလန်းစကီးက “ဒါတွေက ကျနော်တို့ရဲ့ ပူးတွဲကာကွယ်ရေးနဲ့ ပူးတွဲထုတ်လုပ်မှုကို အားကောင်းစေဖို့ ခိုင်မာတဲ့အချက်တွေဖြစ်ပါတယ်၊ အရေးကြီးတာက ယူကရိန်းရဲ့ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံက ကျနော်တို့ရဲ့ မိတ်ဖက်တွေကို အားကောင်းစေဖို့ ကူညီပေးတယ် ဆိုတာပါပဲ”လို့ ပြောပါတယ်။
ဇလန်းစကီးဟာ ဖင်လန်သမ္မတ အလက်ဇန္ဒားစတပ်ဘ်နဲ့ နော်ဝေဝန်ကြီးချုပ် ယိုးနာ့စ်ဂါးစတိုရေ့ တို့နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက တွေ့ဆုံခဲ့ပါတယ်။
ဂျာမနီ၊ ပြင်သစ်နဲ့ ဗြိတိန် ခေါင်းဆောင်တွေဟာ ယူကရိန်း ငြိမ်းချမ်းရေးအကြောင်း ပြောဆိုခဲ့ကြ ပေမဲ့ စစ်ပွဲကို ဆက်ဆင်နွှဲဖို့ ယူကရိန်းအစိုးရကို လက်နက်အသစ်တွေနဲ့ ကူညီပေးနေတယ်လို့ ရုရှားသမ္မတနန်းတော် ကရင်မလင်က ဇွန် ၈ ရက်မှာ ပြောပါတယ်။
ဗြိတိန်၊ ဂျာမနီနဲ့ ပြင်သစ် ခေါင်းဆောင်တွေက တနင်္ဂနွေနေ့မှာ ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင် တို့အကြား အပစ်အခတ်ရပ်စဲရေးရဖို့ ကြိုးပမ်းရေး အဆိုပြုချက်ကို ထောက်ခံပြီး ဥရောပက အဲဒီအခန်းကဏ္ဍကနေ ပါမယ်လို့ ပြောခဲ့ကြပါတယ်။
Source: Reuters










