DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရေး တရုတ် ကြိုးပမ်းနေ
DVB
·
January 29, 2024
Donate to DVB

တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲမှာ အပစ်အခတ်ရပ်စဲရေး အကောင်အထည်ပေါ်လာဖို့ တရုတ်နိုင်ငံက ကြိုးပမ်းနေတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ယောင်ဝမ်က ပြောကြားခဲ့တယ်လို့  ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် BSS သတင်းမှာ ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဟာဆန်မာမွတ်နဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ လာရောက်တွေ့ဆုံပြီးနောက် တရုတ်သံအမတ်ကြီးက ပြောကြားခဲ့တာဖြစ်ပြီး  "ရခိုင်ပြည်နယ်ထဲမှာ အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်လာဖို့ တရုတ်နိုင်ငံက မျှော်လင့်ထားတယ်ဆိုတယ်လို့ သတင်းထောက်တွေကို ဇန်နဝါရီ ၂၈ ရက်မှာ  ပြောခဲ့ပါတယ်။

တရုတ်ရဲ့ ကြားဝင်ဖြန်ဖြေမှုနဲ့ ရခိုင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲ ရေးသဘောတူညီမှု ရခဲ့ဖူးတယ်လို့လည်း တရုတ်သံအမတ်က ပြောပါတယ်။

"မြန်မာစစ်ကောင်စီက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သုံးခုကို သဘောတူခဲ့ပြီးပါပြီ။ ရခိုင်ပြည်နယ်မှာလည်း နောက်ထပ် အပစ်အခတ်ရပ်စဲရေးတခု ထပ်ပြီးသဘောတူလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ အဲဒီနောက် ရိုဟင်ဂျာတွေကို ပြန်လည်ပို့ဆောင်ရေးအတွက် ကျနော်တို့ ကြားဝင်ညှိနှိုင်းပေးဖို့ စတင်နိုင်တာ့မှာဖြစ်ပါတယ်။"

ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးနဲ့ ပတ်သက်ပြီးတော့လည်း မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုအပေါ်မှာ သုံးဘက်လုံး ယုံကြည်မှုရှိကြဖို့လိုတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံသံအမတ်ယောင်ဝမ်က "နေရပ်ဇာတိပြန်လည်ပို့ဆောင်ရေးနဲ့ ပတ်သက်ပြီး ကျနော်တို့ အလေးအနက်ဆွေးနွေး ခဲ့ကြပါတယ်။ လတ်တလောမှာ အခက်အခဲတွေရှိနေတာကိုလည်း ကျနော်တို့ နားလည်ထားကြသလို အောင်မြင်မယ်လို့လည်း ကျနော်တို့ ယုံကြည်ထားရမှာဖြစ်တယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်ကမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးအဖြစ် အသစ်ခန့်အပ်ခြင်းခံခဲ့ရတဲ့ ဒေါက်တာဟာဆန်မာမွတ်နဲ့ တရုတ်သံအမတ် ယောင်ဝမ်တို့ ပထမဆုံးအကြိမ်တွေ့ဆုံတာလည်း ဖြစ်ပါတယ်။

အဲဒီတွေ့ဆုံမှုမှာ တရုတ်-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအရေးတွေနဲ့အတူ ရိုဟင်ဂျာအရေးကိုပါ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကြား ညှိနှိုင်းဆွေးနွေးမှုတွေဆက်လက်တည်ရှိနေပြီး ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်ပို့နိုင်ရေးအတွက် တရုတ်က သူ့အပိုင်းကိုသူ ဆက်လက် ဆောင်ရွက်နေမှာဖြစ်ကြောင်း တရုတ်သံအမတ်က ပြောခဲ့တယ်လို့ BSS သတင်းမှာ ဖော်ပြထားပါတယ်။

Source/ Photo: BSS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013