DVB Logo
Home
မြန်မာသတင်း
ဝါးခယ်မ ဒေသခံများကို ရဲတပ်ဖွဲ့က အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးငွေညှစ်နေ
DVB
·
January 29, 2024
ဝါးခယ်မ ဒေသခံများကို ရဲတပ်ဖွဲ့က အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးငွေညှစ်နေ
Donate to DVB

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်မှာ အကြောင်းအမျိုးမျိုးနဲ့ အဖမ်းခံရသူတွေကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က နိုင်ငံရေးပုဒ်မ၊ အကြမ်းဖက်ပုဒ်မတွေနဲ့ အမှုဖွင့်မခံရဖို့အတွက် ဆိုပြီး ခြိမ်းခြောက်ကာ အနည်းဆုံးငွေ ၁၅ သိန်းအထိ ညှစ်နေတယ်လို့ သိရပါတယ်။

ဝါးခယ်မမြို့နယ်မှာ ဇန်နဝါရီလ ပထမအပတ်ကစတင်ကာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ ဝင်ရောက်လာတယ်ဆိုပြီး နေအိမ်တွေထဲအထိ ဝင်ရောက်စစ်ဆေးကာ ဒေသခံအရပ်သား ၁၇ ယောက်အထိ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ဒေသခံတယောက်က “လူမှုကွန်ရက်ပေါ်မှာ NUG ပရိုဖိုင် ချိန်းထားတာတွေ့ရင် ဖမ်းတာရှိတယ်။ မသင်္ကာလို့ဆိုပြီး ဖမ်းတာလည်းရှိတယ်။ သတင်းအမှားပေးပြီး ဖမ်းတာလည်းရှိတယ်။ PDF တွေနဲ့ ပတ်သက်တယ်ဆိုပြီး အဖမ်းခံရတာလည်းရှိတယ်။ ဘယ်လို စွပ်စွဲဖမ်းဖမ်း ဖမ်းပြီးရင် ပြန်လွှတ်ချင်ရင် ကြေးကြီးတယ်လို့ ပြောတောင်းတာ။ နိုင်ငံရေးပုဒ်မတွေနဲ့ အကြမ်းဖက် ဥပဒေနဲ့ အမှုဖွင့်လို့ရတယ်၊ အမှုအဖွင့်မခံချင်ရင်တော့ ပေးလို့ပြောတာ။ ကျနော့်တူလေးကတော့ ၁၅ သိန်း ပေးခဲ့ရတယ်။ သူတို့က အပြင်မှာ ပြန်ပြောရင် မင်းကို ထပ်ဖမ်းမယ်လို့ တခါတည်းပြောလိုက်တာ။ ကျနော်တို့မိသားစုတွေလို အဖမ်းခံရသူတွေ ဘယ်လောက်ရှိမလဲ တွက်ကြည့်ပေါ့” လို့ ပြောပါတယ်။

ဝါးခယ်မမြို့နယ်မှာ အဖမ်းခံရပြီး အဲ့ဒီလိုပုံစံနဲ့ ငွေညှစ်ခံရသူ အနည်းဆုံး ၇ ယောက်အထိ ရှိလာပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေက ဒေသခံ အရပ်သားတွေကို ဖမ်းဆီးတုန်းကလည်း ရိုက်နှက်စစ်ဆေးတာတွေလုပ်ပြီး PDF တွေကို အဆက်အသွယ်လုပ်တဲ့သူ မှန်သမျှ သတ်ပစ်လို့ရတယ် ဆိုပြီး ခြိမ်းခြောက်ပြောဆိုတယ်လို့ သိရပါတယ်။

ကိုယ်တွေ့ကြုံရသူ အမျိုးသမီးတယောက်က “ဝါးခယ်မဘက်မှာ အခုရက်ထဲ ဘာပြန်ဖြစ်လာတာလဲ မသိဘူး၊ ဆက်တိုက်ဆိုသလို အဖမ်းခံနေရတာ။ ညဘက်ဆိုလည်း ကောင်းကောင်းကို မနေရဘူး။ ဧည့်စာရင်းစစ်မယ် ဆိုတာကြောင့် အိမ်တံခါးဖွင့်ပေးတာ၊ ဖုန်းကိုပါ စစ်ဆေးခံရပြီး မောင်လေး ဖမ်းဆီးခံခဲ့ရတာ။ ငွေပေးလို့ ပြန်လွှတ်ပေးခဲ့တာ၊ ငွေငါးသိန်း ပေးခဲ့ရတယ်။ ကိုယ်ရှာထားတဲ့ ပိုက်ဆံ အခုလို ဘယ်ပေးချင်ပါ့မလဲ။ သူတို့က ညစ်ပတ်တယ်လေ၊ ယုတ်ညံ့တဲ့အလုပ် အကုန်လုပ်နေတာ ဆိုတော့ စိတ်ပူလို့ လူပြန်လွတ်ရင်ပြီးရောဆိုပြီး ပေးရတာ” လို့ ပြောပါတယ်။

အဲ့ဒီလို ဖမ်းဆီးခံရပြီး ငွေပေးလို့ ပြန်လွတ်လာသူတွေထဲက တချို့ကတော့ နောက်တကြိမ် စစ်ကောင်စီလက်အောက်ခံတွေရဲ့ ဖမ်းဆီးတာကို ထပ်ခံရမှာစိုးရိမ်ပြီး တခြားဒေသကို ပြောင်းရွှေ့နေထိုင်နေကြတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းဟာ တခြားဒေသတွေနဲ့ယှဉ်ရင် တည်ငြိမ်အေးချမ်းတဲ့ဒေသဖြစ်ပြီး အခုလို ဒေသခံ အရပ်သားတွေကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီး ငွေညှစ်နေတာဟာ စစ်ကောင်စီအတွက် ရန်ပုံငွေရဖို့နဲ့ ပြည်သူတွေ ဒုက္ခရောက်အောင် လုပ်နေတာလို့ တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013