DVB Logo
Home
မြန်မာသတင်း
ဆီဆိုင်တွင် တိုက်ပွဲဆက်ပြင်းထန်နေပြီး နေအိမ်များ မီးလောင်ဆုံးရှုံး၊ ပြည်သူများ ပိတ်မိနေ
DVB
·
January 29, 2024
ဆီဆိုင်တွင် တိုက်ပွဲဆက်ပြင်းထန်နေပြီး နေအိမ်များ မီးလောင်ဆုံးရှုံး၊ ပြည်သူများ ပိတ်မိနေ
Donate to DVB

စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းအမျိုးသားပြည်သူ့စစ် (PNA) နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး (PNLA) တပ်တွေအကြား ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ထဲမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး မြို့တွင်းမှာ မီးလောင်မှုဖြစ်ပွားနေသလို  ပြည်သူတွေလည်း ပိတ်မိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ခမရ ၄၂၃ နဲ့ ခမရ ၄၂၄ အပြင် ရဲစခန်းတွေနဲ့ PNO လက်နက်ကိုင်တွေရှိတဲ့ ဆီဆိုင်မြို့ကို ဇန်နဝါရီ ၂၄ ရက်မှာ PNLA စတင်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲတွေ နေ့စဉ်လို ဖြစ်ပွားနေတာပါ။

စစ်ကောင်စီက တိုက်လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာဖြစ်ပြီး ဇန်နဝါရီ ၂၈ ရက် နေ့လယ် ၂ နာရီကျော်လောက်ကလည်း ဆီဆိုင်မြို့ဈေးအရှေ့က sweet dream ကဖေး စတင်မီးလောင်ကျွမ်းခဲ့ပြီး ကုန်စုံဆိုင်အပါအဝင် အိမ်ခြေ ၁၀ အိမ်ထက်မနည်း ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ကားဂိတ်အနီး အိမ်မီးလောင်သွားတဲ့ မြို့ခံတဦးက “ကျမတို့ အဲ့ဒီတဝင်းလုံး လက်နက်ကြီး ကျပြီးပေါက်ကွဲလို့ မီးလောင်တာလို့ တချို့ပြောလာတယ်ပေါ့နော်၊ ဆိုင်ရော၊ အိမ်တွေရော အကုန် မီးဟုန်းဟုန်းလောင်ပြီး ပြာကျသွားတာပါ၊ မီးတွေကူးပြီးလောင်တာ ဖြစ်မှာပါ၊ ငြှိမ်းမယ့်သူလည်း မရှိဘူးလေ” လို့ ပြောပါတယ်။

မြို့ခံအမျိုးသားတဦးက “မီးအားက တော်တော်ပြင်းတော့ ဘယ်သူမှလည်း ငြိမ်းလို့မရဘူး၊ အတန်းလိုက်ပါကုန်ပြီ။ အိမ်တွေရော၊ ဆိုင်ခန်းတွေရော၊ အများကြီးပဲ။ ပစ်ခတ်သံတွေက ဆက်တိုက်ပဲ မြို့ထဲမှာမီးခိုးတွေအူနေတာ၊ အခုဆို ဈေးအရှေ့ကနေ တတန်းလုံးပါတယ်၊ ဆက်ပြီးရင်ကူးနိုင်လောက်တယ်၊ လက်ရှိထိတော့ မီးတွေမငြိမ်းသေးဘူး" လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် PNA တပ်သားတွေက ဆိုက်ခေါင်မြို့မှာ တပ်စွဲထားပြီး ဆီဆိုင်မြို့ကို ဇန်နဝါရီ ၂၈ ရက် မနက် ၇ နာရီကစပြီး လက်နက်ကြီးအပြင် လေကြောင်းကပါ တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ပြည်သူတွေဟာ မြို့တွင်းနဲ့ တောတောင်တွေထဲ ပိတ်မိနေသူတွေ အများအပြားရှိနေသေးတယ်လို့ ဆီဆိုင်ဒေသခံတဦးက ပြောပါတယ်။

“မြို့ထဲမှာ ပိတ်မိနေတဲ့ ပြည်သူတွေ ရှိနေသေးတယ်။ အဓိကက ဖုန်းအားတွေ ကုန်သွားကြလို့ ဆက်သွယ်မရတာလည်း ပါတယ်။ လျှပ်စစ်မီးလည်း ဖြတ်ထားတယ်။” 

စစ်ရှောင်တွေကို အကူအညီပေးနေသူတဦးက “တောထဲမှာ ပိတ်မိနေတဲ့သူတွေလည်း ရှိတယ်။ ဖုန်းလိုင်းကလည်း Mytel sim တခုပဲရတာ။ ဘယ်မှာလာစု ဘယ်ကိုလာခေါ် စသဖြင့် ဆက်သွယ်နိုင်ရင်တောင် မြို့ထဲ ဝင်မရတာ​ကြောင့် ပိတ်မိနေသူတွေကို စိုးရိမ်နေရတယ်” လို့ ပြောပါတယ်။

ဆီဆိုင်မြို့ပေါ်  ရပ်ကွက် ၆ ခုက ပြည်သူ ၁၄၀၀၀ ကျော်အပြင် ပင်စုံအုပ်စု၊ တောင်ရှေ့အုပ်စု၊ နောင်ကျောအုပ်စု၊ တဘက်အုပ်စု၊ ပါလောပါကယ်အုပ်စုက ပြည်သူတွေ ၁ သိန်းကျော်ဟာ တောင်ကြီး၊ အေးသာယာ၊ ညောင်ရွှေ၊ ရပ်စောက်၊ ပင်းတယ၊ ဟိုပုံး၊ ပင်လောင်း အစရှိတဲ့ မြို့တွေက နီးစပ်ရာဆွေမျိုးတွေဆီ ခိုလှုံနေရသလို အိမ်ငှားနေသူ၊ အရပ်ဘက်အဖွဲ့အစည်းတွေ ပရဟိတအဖွဲ့တွေရဲ့ အကူအညီနဲ့ ဘုန်းကြီးကျောင်းတွေမှာ ရှောင်တိမ်းနေကြရတာဖြစ်ပြီး ရုတ်တရက် ဖြစ်ပွားလာတဲ့ တိုက်ခိုက်မှုတွေကြောင့် ပြင်ဆင်ချိန်မရဘဲ အသက်လု  တိမ်းရှောင်လာကြရတာ ဖြစ်ပါတယ်။

ဒါ့အပြင် မြို့ထဲမှာလည်း ကား၊ ဆိုင်ကယ် အစ ဆိုင်တွေ ဖောက်ထွင်းခိုးယူခံနေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဆီဆိုင်မြို့ ခမရ ၄၂၄ တပ်ရင်းနဲ့ ဆီဆိုင်မြို့တခုလုံးကို တိုက်ခိုက်သိမ်းပိုက်ထားတဲ့အကြောင်း ဇန်နဝါရီ ၂၈ ရက်မှာ ပုံနဲ့တကွ သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013