DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအထက်ပိုင်းကို စစ်ကောင်စီ ဆက်တိုက် စစ်ကြောင်းထိုး၊ ပြည်သူ ၂ သောင်းကျော် စစ်ရှောင်နေရ
DVB
·
January 28, 2024
စစ်ကိုင်းတိုင်းအထက်ပိုင်းကို စစ်ကောင်စီ ဆက်တိုက် စစ်ကြောင်းထိုး၊ ပြည်သူ ၂ သောင်းကျော် စစ်ရှောင်နေရ
Donate to DVB

ထီးချိုင့်၊ ကောလင်း၊ ခါမ်းပါတ်မြို့တွေကို ပြန်သိမ်းနိုင်ဖို့ စစ်ကောင်စီက လေကြောင်းပစ်ကူတွေ၊ ထောက်ပို့တွေ ဆက်တိုက်အသုံးပြုနေပြီး ရေဦးနယ်ထဲမှာ ၁၀ ရက်ကျော် ဆက်တိုက် စစ်ကြောင်းအထိုးခံနေရတာကြောင့် ကျေးရွာပေါင်း ၃၀ က ပြည်သူ ၂ သောင်းကျော် စစ်ဘေးရှောင်နေကြရပါတယ်။ 

စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာခရိုင်၊ ထီးချိုင့်မြို့မှာ နိုဝင်ဘာ ၈ ရက်ကနေ လက်ရှိအချိန်အထိ အချိန် ၃ လနီးပါး တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး PDF တွေက မြေပြင်စစ်ရေး အသာစီးယူထားပေမယ့် စစ်ကောင်စီက လက်မလျှော့ဘဲ ဆက်ထိန်းနိုင်ဖို့ကြိုးစားနေတာပါ။ 

ထီးချိုင့်မြို့ထဲက စစ်ကောင်စီတပ်သားတွေအတွက် လက်နက်နဲ့ရိက္ခာတွေကို လေကြောင်းကနေ ဆက်လက်ပေးပို့နေပြီး PDF တွေရှိနေတယ်လို့ သတင်းရထားတဲ့နေရာတွေကို ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ 

၂၀၂၃၊ ဒီဇင်ဘာ ၂၀ ရက်နေ့ကစပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်း၊ ထီးချိုင့်၊ ကသာနယ်တွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်ခဲ့ပြီး ပြည်သူတချို့ ထိခိုက်သေဆုံးဒဏ်ရာရခဲ့ပါတယ်။ 

ဖြစ်စဉ်တွေကိုကြည့်ရင် စစ်ကောင်စီဟာ မြေပြင်သတင်းပေးတွေဆီက သတင်းရတဲ့အတွက် PDF တွေ တည်ရှိနိုင်တဲ့နေရာတွေနဲ့ နီးစပ်ရာနေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထီးချိုင့် PDF တယောက်က “မနက်ပိုင်းနဲ့ ၁၂ နာရီပိုင်းကတော့ တံတားဦးကလာတာဗျ။ နောက်ဆုံးလေယာဉ်က မြစ်ကြီးနားက ဆင်းတာ။ အဖွဲ့တွေရှိတယ်လို့ သတင်းရလို့ဖြစ်မှာပါ။ ဘာမှ အထိအခိုက်တော့မရှိပါဘူး။ ကောလင်း၊ ခါမ်းပါတ်ဘက်တော့ ငြိမ်တယ်။ ကန့်ဘက်လူဘက်တော့ ဖြည့်တယ်လို့ ကြားတယ်။ အင်အား ၂၀၀ လောက်နီးပါး။ ကားနဲ့ရောက်ဖို့ကတော့ မဖြစ်နိုင်တော့ပါဘူး။ ဘာလို့လဲဆိုတော့ တကောင်းအဖွဲ့တွေကလည်း ကြားထဲက ခံထားတာရှိတယ်ပေါ့လေ။ အများကြီးတော့ ရောက်လာနိုင်စရာ အကြောင်းမရှိပါဘူး။ အဓိကကတော့ ကောလင်းဘက်ကို ပြန်ရချင်လို့လည်း ဖြစ်မှာပါ။ ထီးချိုင့်ဘက်ကိုကတော့ အခုထိ မချဲ့နိုင်သေးဘူးဗျ။ ဖြစ်နေတာတွေက မိုးကုတ်ဘက်တွေရော မိုးမိတ်ဘက်တွေရော တလျှောက်လုံးဆိုတော့ ကျနော်တို့ဘက်ကို အဲဒီလောက်ကြီး မဖြည့်ထားဘူးပေါ့လေ” လို့ ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နဲ့ ဇန်နဝါရီ ၁၂ ရက်နေ့မှာ ယာယီအပစ်ရပ်ပြီးနောက် ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေ သိမ်းယူထားတဲ့ ကောလင်းနဲ့ ခါမ်းပါတ်မြို့တို့ကို ပြန်သိမ်းနိုင်ဖို့ စစ်ကောင်စီက ကြိုးစားနေတာပါ။

စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်နယ်စပ် ထီးချိုင့်၊ ကောလင်း၊ ဝန်းသို၊ ကသာနယ်တွေမှာ နေ့စဉ် ထိတွေ့တိုက်ပွဲတွေရှိနေပြီး ဒီမြို့နယ်တွေကို လက်လွှတ်ရရင် ပြန်သိမ်းဖို့ ပထဝီအနေအထားအရပါ အခက်အခဲရှိနေတဲ့အတွက် စစ်ကောင်စီက လက်မလျှော့နိုင် ဖြစ်နေတာလို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ထီးချိုင့်PDFတယောက်က “ရိက္ခာတွေမလွင့်အောင် လေထီးနဲ့ထိန်းလိုက်တဲ့သဘောမျိုး လက်နက်ကျည်တွေ ပို့တာပါပဲ။ အဓိကက လူအင်အားဖြည့်တာထက် ပစ္စည်းတွေ ဘေးမရောက်အောင် လေထီးနဲ့ဘေးက ထိန်းပေးတဲ့ပုံစံမျိုးနဲ့ ချတာပေါ့လေ။ သူတို့ဘက်ကလည်း မြေပြင်မှာ သူတို့ရတဲ့သတင်းတွေကနေပြီးတော့ ထင်တဲ့နေရာတွေ ကြဲတာတွေ ဘာတွေရှိတယ်။ မြို့ထဲမှာလည်း တိုက်ပွဲတွေက ဆက်ပြီးတော့မှ ဖြစ်နေတယ်ပေါ့လေ။ အရင်ကထက်စာရင် ပြင်းလာတာမျိုး ရှိတယ်ပေါ့” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီက နေ့ခင်းဘက် စစ်ကြောင်းထိုးတာထက် ညဘက်ပိုင်း အလစ်အငိုက်ဝင်ပြီး PDF တပ်ဖွဲ့ဝင်တွေနဲ့ NUG နဲ့ ဆက်စပ်သူတွေကို ရှာဖွေဖမ်းဆီးပြီး သတင်းအချက်အလက်ရယူတဲ့ နည်းလမ်းကို ပြောင်းလဲကျင့်သုံးနေတယ်လို့ ရေဦး PDF ခေါင်းဆောင်တယောက်က ပြောပါတယ်။ 

ဇန်နဝါရီ ၁၉ ရက်ကနေ လက်ရှိအချိန်အထိ ဒီပဲယင်း၊ ရေဦး၊ ခင်ဦးနယ်ထဲက ကျေးရွာတွေကို ညဘက် အလစ်အငိုက် ဝင်ရောက်ရှာဖွေဖမ်းဆီးတာတွေ စစ်ကောင်စီက ဆက်တိုက် ပြုလုပ်နေတာ ဖြစ်ပါတယ်။

ရေဦး PDF ခေါင်းဆောင်တယောက်က “ရဲဘော်တွေနဲ့ အရပ်သား သာမန်ပြည်သူတွေကို သူတို့က အရှင်လိုချင်တာ။ ရဲဘော်တွေဆိုရင်လည်း သူတို့ သတ်ဖြတ်၊ အရှင်ဖမ်းချင်တဲ့ စစ်ကြောင်းပေါ့နော်။ လက်နက်ငယ်လည်း မသုံးဘူး။ လက်နက်ကြီးလည်း မသုံးဘဲနဲ့ ကျေးရွာတွေကိုပဲ သူတို့ အငိုက်ဝင်စီးတာပေါ့နော်။ တိတ်တဆိတ်ပဲ သူတို့လှုပ်ရှားတာပေါ့။ ညပိုင်း လှုပ်ရှားတဲ့ စစ်ကြောင်းဆိုတော့ပေါ့ဗျာ။ ဒီကနေ့ဆိုရင် ဖိန်းကားရွာကနေ ပန်းကုံးရွာ ဆတ်သေရွာ ရေဦးနောက်မြောက်ဘက်ခြမ်း ကျမယ်။ အဲဒီရွာတွေကို လက်ရှိ ဆက်ပြီးတော့ ဝင်မွှေနေတယ်ဗျ။ ၁၀ ရက်ကျော်သွားပြီ ညောင်လှရွာ၊ ကွမ်းအုံရွာ၊ ဖိန်းကား၊ ပန်းကုံး၊ အင်တော၊ ချောင်းရိုးရွာ စတဲ့ ကျေးရွာပေါင်း ၃၀ ကျော်လောက် ရှိသွားပြီဗျ။ နေ့ခင်းပိုင်း ခဏဝင်ပြီး ညပိုင်းကျတော့ အပြင်ထွက်အိပ်ရတာပေါ့နော်။ စစ်ရှောင်ပြည်သူဆိုရင် ၂ သောင်းဝန်းကျင်လောက် ရှိသွားပြီဗျ အခုအချိန်အထိပေါ့” လို့ ပြောပါတယ်။

၂၀၂၃ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ စစ်ကောင်စီနဲ့အဖွဲ့တွေက မီးရှို့ဖျက်ဆီးတာကြောင့် နိုင်ငံတဝှမ်း အရပ်သားအိမ်ခြေ ၇၈,၀၀၀ ကျော် ပျက်စီးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ အဆိုးရွားဆုံး မီးလောင် ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တယ်လို့ Data For Myanmar အဖွဲ့ရဲ့ မှတ်တမ်းတွေက ဖော်ပြပါတယ်။ 

အနောက်မြောက်တိုင်းစစ်ဒေသ စစ်ကိုင်း၊ မကွေး၊ ချင်းပြည်နယ်တို့က သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ စစ်ဘေးကြောင့် စားနပ်ရိက္ခာနဲ့ဆေးဝါး ပြတ်လပ်တဲ့ဒဏ်ကို ရင်ဆိုင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013