DVB Logo
Home
Lead Story
အိန္ဒိယ ခြံစည်းရိုးခတ်မည့်အရေး
DVB
·
January 28, 2024
အိန္ဒိယ ခြံစည်းရိုးခတ်မည့်အရေး
Donate to DVB

တရုတ်သည် လက်ရှိ ထော့ကျိုး ထော့ကျိုး ဖြစ်လာနေသော နေပြည်တော်ရှိ အုပ်ချုပ်ရေးအဖွဲ့ကိုသာမက ၎င်းတို့အား ထိုးစစ်ဆင် တိုက်ခိုက်နေသော မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကိုပါ ထိန်းချုပ်နိုင်သွားပြီဖြစ်ပြီး နောက်ခြေလှမ်းအဖြစ် ၎င်းတို့အကျိုးရှိရာရှိကြောင်း အမြတ်ထုတ်နိုင်ရန် ကြံစည်နေပြီ ဖြစ်သည်။

ထိုအချိန်တွင် အိန္ဒိယသည် မြန်မာနယ်စပ်တွင် ခြံစည်းရိုးကာရန် ပြင်ဆင်နေခြင်းဖြင့် Look East Policy သည် ကျဆုံးခန်းရောက်လာခဲ့ပြီ ဖြစ်သည်။

မြန်မာနှင့် နယ်နိမိတ်အားဖြင့် ၁,၆၄၃ ကီလိုမီတာ ထိစပ်နေသော်လည်း ကီလိုမီတာ ၁၀၀ ခန့်သာ ကွင်း၍ ခတ်မည်ဟု အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနမှ စီစဉ်နေပြီဟု ကြေညာချက် ထုတ်ပြန်လာခဲ့သည်။

ထိုသို့ ပိတ်လိုက်ခြင်းမှာ တော်လှန်ရေးတပ်ဖွဲ့များက ခါမ်းပါတ်၊ ရီခေါဒါရ် အပါအဝင် နယ်ခြားမြို့များကို သိမ်းယူနိုင်ခဲ့ခြင်းကြောင့် အိန္ဒိယ၏ ရန်ပုံငွေမတည်မှုဖြင့် တည်ဆောက်နေသည့် အာရှ အဝေးပြေးလမ်းမကြီး ၁ အား ပိတ်ဆို့လာနိုင်တော့မည့်အရေးကို စိုးရိမ်မကင်း ဖြစ်လာကြသောကြောင့်လည်း ဖြစ်သည်။

အိန္ဒိယအစိုးရသည် နယ်စပ်ရှိ သောင်းကျန်းမှုများကို စစ်ကောင်စီတပ်များနှင့် လက်တွဲ၍ နှိမ်နှင်းနိုင်လိမ့်မည်ဟု စိတ်ထဲတွင် တယူသန် စွဲမှတ်နေရာမှ စစ်ကောင်စီကို လက်တွဲမဖြုတ်နိုင် ဖြစ်လာရသည်။ ယခုအခါတွင်တော့ အိန္ဒိယ ဗဟိုအစိုးရအား တော်လှန်နေသည့် လက်နက်ကိုင်များသည် မြန်မာဘက်ခြမ်းတွင် လုံခြုံစိတ်ချစွာ လှုပ်ရှားခွင့်ရသွားပြီဆိုသော အခြေအနေနှင့် ရင်ဆိုင်လာရပြီ ဖြစ်သည်။

ခြံစည်းရိုးကာမည့် အပိုင်းသည်လည်း တောတောင်ထူထပ်သောအပိုင်းတွင် ဖြစ်နေပြန်၍ ပြီးစီးအောင် နှစ်အတန်ကြာ အချိန်ယူရဦးမည် ဖြစ်သည်။

မဏိပူရတွင် ဖြစ်ပေါ်နေသော လူမျိုးရေး အကြမ်းဖက်မှုများသည် ပြည်နယ်ဝန်ကြီးချုပ်၏ လူမျိုးရေးခွဲခြားလိုမှုကြောင့်ဖြစ်ပြီး နယ်စပ်ဒေသ တင်းမာနေမှုများနှင့် ပတ်သက်ခြင်းမရှိပေ။

ယခုကဲ့သို့ ခြံစည်းရိုးခတ်ခြင်း၊ Free Movement Regime ခေါ် တောင်တန်းဒေသနေ တိုင်းရင်းသားများ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ဖြင့် အချိန်မရွေး ကူးသန်းခွင့်ကို ပိတ်ပင်လိုက်ခြင်းသည် ထိုဒေသရှိ မီဇိုနှင့် ကူကီး တိုင်းရင်းသားများအား တဖက်တချက်ရှိ ဆွေမျိုးများနှင့် အဆက်ဖြတ်သလို ဖြစ်သွား၍ ပို၍ပင် နာကြည်းလာနိုင်သည်။

ထို့ပြင် အိန္ဒိယ ‌အနောက်မြောက်ဒေသသည် ချင်းနှင့် ရခိုင်တိုင်းရင်းသားများနှင့် ဆက်နွှယ်နေ၍ အိန္ဒိယသည် စစ်ရေးအရှိန် မြင့်တက်လာသည်နှင့်အမျှ စစ်ကောင်စီဘက်က ရေရှည် ရပ်တည်သွား၍ မဖြစ်ပေ။

ယခုအခါ အိန္ဒိယဘက် မီဇိုရမ်ပြည်နယ်ထဲသို့ ထွက်ပြေးဝင်ရောက်လာသော စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၇၆ ဦးအား မြန်မာစစ်တပ်ပိုင် လေယာဉ်များနှင့် စစ်တွေသို့ပြန်ပို့ရန် စီစဉ်နေသည်ဟု ၎င်းတို့အား လက်ခံထားသော အာသံရိုင်ဖယ်တပ်ရင်းမှ အရာရှိများက ပြောသည်ဟု အိန္ဒိယ သတင်းစာများတွင် ရေးသားထားသည်။

ထွက်ပြေးလာသူများအား ဗိုလ်မှူးကြီးအဆင့်ရှိသူတဦးမှ ဦးဆောင်လာပြီး အခြားအဆင့် အရာရှိ အရာခံ ၃၆ ဦးနှင့် အောက်ခြေအဆင့် စစ်သား ၂၄၀ ပါဝင်သည်ဟု သိရသည်။

နိုဝင်ဘာလအတွင်း ရက္ခိုင့်တပ်တော်မှ စတင် ထိုးစစ်ဆင်ချိန်မှစပြီး ထွက်ပြေးလာသူ ၆၃၅ ဦး ရှိနေပြီး ၃၅၉ ဦးအား ပြန်ပို့ပြီးဖြစ်သည်။

၃၅၉ ဦးအနက် ပထမအသုတ် ၁၀၄ ဦးအား အိန္ဒိယလေတပ် ရဟတ်ယာဉ်များဖြင့် နိုဝင်ဘာလအတွင်း ပြန်ပို့ပေးခဲ့ပြီး ကျန် ၂၅၅ ဦးအား စစ်ကောင်စီလေတပ်မှ ဇန်နဝါရီ ၂ ရက် နှင့် ၉ ရက်နေ့များတွင် လာရောက် ခေါ်ယူသွားခဲ့သည်။

နောက်ဆုံးအသုတ်အဖြစ် စနေနှင့် တနင်္ဂ‌နွေနေ့များတွင် ပြန်ပို့မည့်လူများသည် ဇန်နဝါရီ ၁၇ ရက်နေ့က ဝင်ရောက်လာသူများ ဖြစ်သည်။

နောက်ထပ်လည်း ထွက်ပြေးလာကြဦးမည်ဖြစ်၍ အိန္ဒိယဘက်ခြမ်းတွင် နိုင်ငံတကာ ကြက်ခြေနီအသင်းမှ မြန်မာစစ်သား ကယ်ဆယ်ရေးစခန်းတခု အသင့်ဖွင့်လှစ်ထားသင့်လှပြီ ဖြစ်သည်။

တိုင်းပြည်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ပိုင်ခွင့်ကို ကာကွယ်စောင့်ရှောက်ရန် သစ္စာဆိုထားသူများသည် လက်နက်ချသူချ၊ ထွက်ပြေးသူပြေးနှင့် ဖြစ်ချင်တိုင်း ဖြစ်နေသည်ကို ပြည်သူတရ‌ပ်လုံး အတိုင်းသား မြင်တွေ့နေရပြီ ဖြစ်သည်။

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

လှစိုးဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013