DVB Logo
Home
မြန်မာသတင်း
လေကြောင်းတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်းများ ပျက်စီးမှု အများဆုံးဖြစ်
DVB
·
January 28, 2024
လေကြောင်းတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်းများ ပျက်စီးမှု အများဆုံးဖြစ်
Donate to DVB

၂၀၂၃ ခုနှစ်အတွင်း ခရစ်ယာန်ဘုရားကျောင်းတွေ ထိခိုက်ပျက်စီးမှု အများစုဟာ စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဖြစ်တယ်လို့  Myanmar Witness အဖွဲ့က အစီရင်ခံစာထုတ်ပြန် ပြောပါတယ်။

၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်မှာ ခရစ်ယာန် ဘုရားကျောင်းတွေ ထိခိုက်ပျက်စီးမှု အများစုဟာ မီးရှို့ခံရတာနဲ့  လက်နက်ကြီး ထိမှန်တာကြောင့် ဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာတော့ တိုက်ခိုက်ရေး နည်းဗျူဟာ ပြောင်းလဲလာတာကို တွေ့ရကာ ဘုရားကျောင်းတွေ ထိခိုက်ပျက်စီးမှုအများစုဟာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဖြစ်တယ်လို့ Myanmar Witness က ပြောပါတယ်။

ပဋိပက္ခအတွင်း ဖျက်ဆီးခံခဲ့ရတဲ့ ခရစ်ယာန်ဘုရားကျောင်းများ (Conflict-stricken Churches) အမည်နဲ့ အစီရင်ခံစာတစ်စောင်ကို Myanmar Witness က ဇန်နဝါရီလ ၂၃ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။

အဲဒီအစီရင်ခံစာအတွက် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်က ခွါဖိုးရွာနဲ့ တလန်လိုရွာ၊ ဟားခါးမြို့နယ်က မာလ်ဆောမ်ရွာ၊ ဖလမ်းမြို့နယ်ထဲက ရမ်ထလို ရွာတွေမှာ ၂၀၂၃ ခုနှစ် မတ်လ ၂၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ ဖြစ်ရပ် ၁၀ ခုကို အသေးစိတ်လေ့လာမှု ၅ ခုနဲ့ သုံးသပ်မှတ်တမ်းယူခဲ့တယ်လို့ ဆိုပါတယ်။

Myanmar Witness က အသေးစိတ်လေ့လာထားတဲ့ အဲဒီဖြစ်ရပ် ၁၀ ခုမှ ၇ ခုမှာ လေကြောင်းတိုက်ခိုက်မှုပါဝင်ပြီး အဲဒီဖြစ်ရပ်တွေထဲက ၆ ခုကို မှတ်တမ်းဓာတ်ပုံ/ဗီဒီယိုတွေကနေ တဆင့် Myanmar Witness က တည်နေရာကို ခြေရာခံနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီဖြစ်ရပ် ၁၀ ခုလုံးဟာ အဲဒီဒေသမှာ မာရှယ်လောထုတ်ထားတဲ့အချိန် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက် နောက်ပိုင်းမှာ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

ချင်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အဲဒီ ဖြစ်ရပ် ၁၀ ခုထဲမှာ အတည်ပြုလို့ရနိုင်တဲ့ အခြေအနေ၊ ထိခိုက်ပျက်စီးမှု ပြင်းထန်တဲ့ အခြေအနေတွေပေါ် အခြေခံပြီး ထန်တလန်၊ ဖလန်း၊ ဟားခါး မြို့နယ်တွေထဲက ဖြစ်ရပ်တွေကို အသေးစိတ်လေ့လာသုံးသပ်မှု ၅ ခု ဆောင်ရွက်ခဲ့တာလို့  ဆိုပါတယ်။

Myanmar Witness ဟာ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာ ဒေသနဲ့ ဖြစ်ရပ်ဆိုင်ရာ အချက်အလက်တွေကိုလည်း စုဆောင်းထားခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့အထိ ချင်းပြည်နယ်အတွင်း ခရစ်ယာန်ဘုရားကျောင်းတွေ ထိခိုက်ပျက်စီးမှု အစီရင်ခံစာ ၂၈ စောင် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြစ်မှုကျူးလွန်သူတွေအဖြစ် မြန်မာစစ်ကောင်စီလေတပ်၊ မြန်မာစစ်တပ်၊ ချင်းလန်းကာကွယ်ရေးတပ်ဖွဲ့ (CDF) ၊ ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF) အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေကြောင့် ဘုရားကျောင်းတွေ ထိခိုက်ပျက်စီးတာတွေရှိခဲ့ပေမဲ့ အွန်လိုင်းမီဒီယာတွေမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေကို ပြစ်မှုကျူးလွန်သူတွေအဖြစ် ဖော်ပြတာမျိုး မရှိခဲ့ဘူးလို့ Myanmar Witness ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

Source-Myanmar Witness

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013