DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်အိမ်ကို အရောင်းအဝယ်လုပ်သူအားလုံး အရေးယူခံရမည်ဟု NUG သမ္မတရုံးတာဝန်ရှိ ပြော
DVB
·
January 27, 2024
ဒေါ်အောင်ဆန်းစုကြည်အိမ်ကို အရောင်းအဝယ်လုပ်သူအားလုံး အရေးယူခံရမည်ဟု NUG သမ္မတရုံးတာဝန်ရှိ ပြော
Donate to DVB

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို အရောင်းအဝယ် လုပ်သူ အားလုံး အရေးယူခံရမယ်လို့ NUG သမ္မတရုံးတာဝန်ရှိသူက သတိပေးပြောဆို လိုက်ပါတယ်။

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ နဲ့ပတ်သက်ပြီး အမွေခွဲဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အကိုဖြစ်သူ ဦးအောင်ဆန်းဦးက လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကတည်းက တရားစွဲဆိုခဲ့တာပါ။

ဒီအမှုကို စစ်ကောင်စီလက်အောက်ခံ ကမာရွတ်ခရိုင်တရားရုံးက ဆက်လက် ကိုင်တွယ်ခဲ့ပြီး ဇန်နဝါရီ ၂၅ ရက်နေ့မှာ လေလံတင်ရောင်းချဖို့ အမိန့်ချခဲ့ပါတယ်။

ကမာရွတ်ခရိုင်တရားရုံးက နေအိမ်ကို လေလံတင်ရာမှာ ကြမ်းခင်းဈေး ကျပ်သိန်းပေါင်း ၃ သိန်းကျော် (ဒေါ်လာသန်း ၉၀ ဝန်းကျင်) တန်ဖိုးသတ်မှတ်ခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေကပြောပါတယ်။

၂၀၂၂ ခုနှစ် စက်တင်ဘာလထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG က အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ပြီး ပိုင်ဆိုင်တာ၊ ရောင်းချတာ၊ ဖျက်ဆီးတာနဲ့ ပုံစံပြောင်းတာတွေလုပ်ရင် အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က “အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်နေအိမ်ကို ၂၀၂၂ စက်တင်ဘာလကနေပြီးတော့ ယာယီသမ္မတကြီး ကိုယ်တိုင် လက်မှတ်ထိုးပြီးတော့ အမိန့်ကြေညာစာတမ်း ထုတ်ထားပါတယ်။ တရားဝင်အစိုးရက နေပြီးတော့ ဒီနေအိမ်ကို ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားတယ်။ ဘယ်သူမှ အရောင်းအဝယ်ပြုခွင့် မရှိဘူး။ အရောင်းအဝယ်ပြုရင် တရားမဝင်လုပ်ရပ်သာဖြစ်တယ်။ ဒါကြောင့် ရောင်းတဲ့သူရော ဝယ်တဲ့သူရော၊ အဖွဲ့ဆိုလည်းအဖွဲ့၊ ဥပဒေအရ အရေးယူ အပြစ်ပေးတာခံရမယ်။ ပိုက်ဆံဘယ်လောက်ပဲ စစ်တပ်ကိုပေးပေး ပိုင်သွားမှာမဟုတ်ဘူး။ စစ်တပ်ကို ပေးတဲ့ပိုက်ဆံ ရှုံးသွားဖို့ပဲ ရှိတယ်။ စိတ်ကူးတောင် မကူးကြပါနဲ့။ သူတို့ရဲ့ ပိုက်ဆံဆုံးရှုံးသွားမှာ အမှန်ပါဆိုတာ ပြောကြားချင်ပါတယ်” လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ်အတွင်းမှာ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဒုဝန်ကြီးအဆင့်နေအိမ်ကို ပြောင်းထားမယ်၊ ရန်ကုန်တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို ပြောင်းထားမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် လက်ရှိအချိန်အထိတော့ နေပြည်တော်အချုပ်ထောင်ထဲမှာ ဆက်လက်ထိန်းသိမ်းထားတာပါ။

၂၀၂၃ ဩဂုတ် ၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်ထားတဲ့ အမှု ၁၉ မှု ထဲက ၅ မှု၊ စုစုပေါင်းထောင်ဒဏ် ၃၃ နှစ်ထဲက ၆ နှစ်ကိုစစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခဲ့တဲ့အတွက် အတိုင်ပင်ခံဟာ စုစုပေါင်း အမှု ၁၄ မှုအတွက် ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရတာဖြစ်ပါတယ်။

သပိတ်ခေါင်းဆောင်တယောက်ဖြစ်သူ ဒေါက်တာတေဇာဆန်းက “ဒီ အာဏာရူးတွေက ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ မနာလိုမှု၊ ဝန်တိုမှု၊ ဣဿာမစ္ဆရိယစိတ်တွေပေါ့ဗျာ၊ ကြီးမားတယ်လို့ ပြောနိုင်ပါတယ်။ ဒါ အာဏာရှင်အစဉ်အဆက် ဒီအတိုင်းပါပဲ။ အခု သူ့ရဲ့ နေအိမ်ကိုပါ ရန်ရှာတယ်ဆိုတာမျိုး။ ဒါတွေက မနာလိုဝန်တိုမှုတွေရဲ့ နောက်ဆက်တွဲ ကိစ္စတွေ ဖြစ်တယ်ပေါ့ဗျာ။ နောက်တနည်းက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားပေါင်း ထောင်သောင်းချီပြီးတော့ အဓမ္မဖမ်းဆီးထားတယ်။ ဒီ နိုင်ငံရေးအကျဉ်းသားတွေကို စစ်အာဏာရှင်က လိုရင်လိုသလို နိုင်ငံရေးဖဲချပ်ပမာ ကစားနိုင်ဖို့ ဒါတွေကိုလည်း ဆောင်ရွက်နေတယ်ဆိုတာ တွေ့မြင်ရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလကနေ လက်ရှိအချိန်အထိ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြင်ပနဲ့ အဆက်အသွယ်ပြုခွင့်မပေးဘဲ တားမြစ်ထားတာကြောင့် ၁ နှစ်ကျော် သတင်းအဆက်အသွယ်ပြတ်နေခဲ့တာပါ။

ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အမှုတွေအတွက် အတိုင်ပင်ခံရဲ့ရှေ့နေ့အဖွဲ့က အယူခံ အဆင့်ဆင့် တက်ခဲ့ပေမယ့် အမှုအားလုံးနီးပါးကို အယူခံတက်ခွင့် စစ်ကောင်စီတရားရုံးက ပယ်ချထားပါတယ်။

နောက်ဆုံး အယူခံတင်ခွင့်အဖြစ် တရားသူကြီးချုပ်ဆီတင်တဲ့ ပြည်ထောင်စု တရားစီရင်ရေးပုဒ်မ ၂၀ တခုကိုပဲ ဆောင်ရွက်ဖို့ကျန်နေပြီး ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဥပဒေအရ နောက်ဆုံးအထူးအယူခံဝင်ခွင့် ၂ ဆင့်ပယ်ချခံရရင် နောက်ထပ်တက်စရာ အယူခံအဆင့်မရှိတော့ဘဲ အယူခံဝင်လိုသူက မူလ အောက်ခြေတရားရုံးမှာ ချမှတ်ခံထားရတဲ့အမိန့်ကို လက်ခံရမယ့် အခြေအနေပဲ ကျန်တော့တာဖြစ်ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013