DVB Logo
Home
မြန်မာသတင်း
တောင်ငူခရိုင်တွင် စစ်ကောင်စီတပ်စခန်း ၃ ခု စွန့်ခွာထွက်ပြေး
DVB
·
January 27, 2024
တောင်ငူခရိုင်တွင် စစ်ကောင်စီတပ်စခန်း ၃ ခု စွန့်ခွာထွက်ပြေး
Donate to DVB

ကေအန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တောအူး (တောင်ငူ) ခရိုင်၊ တပ်မဟာ ၂ နယ်မြေထဲက စစ်ကောင်စီတပ်စခန်း ၃ ခု ဒီရက်ပိုင်းမှာ စွန့်ခွာထွက်ပြေးသွားပြီး စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေသခံ ၂ ယောက်သေ၊ ၁၀ ယောက် ဒဏ်ရာရသလို ၁၇ ယောက်ဖမ်းဆီးခံရတယ်လို့ ကေအန်ယူ ဗဟိုက ဒီနေ့ ဇန်နဝါရီ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

ကေအန်ယူနယ်မြေထဲမှာ ကျူးကျော်တပ်စွဲထားတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီရဲ့ စကခ ၂၀ လက်အောက်က ခမရ ၅၂၈ နဲ့ ခမရ ၅၉၃ တပ်တို့ရဲ့ ထီးတော်ပယ် (ထင်းရှူးတောင်) စခန်းဟာ ဇန်ဝါရီ ၁၃ ရက်နေ့၊ ဘူဆာခီးစခန်းဟာ ၁၄ ရက်နေ့ နဲ့ သီးမူပေါ်စိုးစခန်းဟာ ၁၅ ရက်နေ့တို့မှာ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ကြလို့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း ၄ နဲ့ တပ်မဟာအထူးတပ်ဖွဲ့တို့က နယ်မြေလုံခြုံရေးနဲ့ ဒေသခံပြည်သူတွေရဲ့ အသက်အိုးအိမ် မထိခိုက်စေရေးတို့အတွက် သွားရောက်ရှင်းလင်းခဲ့ကြတယ်လို့ ဆိုပါတယ်။

ဘူဆာခီးစခန်းနဲ့ ထီးကော်ပယ်စခန်းတို့ဟာ ကော်သူးလေထဲကို ၁၉၉၅ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်နေ့နဲ့ ၂၀ ရက်နေ့တို့က ဝင်ရောက်တပ်စွဲခဲ့တာဖြစ်ပြီး အခု စခန်းခွန့်ခွာပြီး ခလယ်လာရွာ(ဘောဂလိကြီး) ရွာဘက်ကို ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

တောအူး ခရိုင်ပြောရေးဆိုခွင့်ရှိသူက “ရိက္ခာဖြတ်တောက်ခံရလို့ ပြန်ဆင်းတာက တကြောင်းပေါ့။ ‘၁၀၂၇’၊ ‘၁၁၁၁’ စစ်ဆင်ရေးတွေရဲ့ နောက်ဆက်တွဲနဲ့ တောင်ငူမြို့နားအထိ မိမိတို့ရဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ပွဲတွေ ပိုမိုဖော်ဆောင် လာနိုင်တဲ့အတွက် မြို့တွင်းနောက်တန်းစခန်းတွေမှာ အင်အားပြန်လည်စည်းရုံးတာလည်း ပါနိုင်တယ်” လို့ ပြောဆိုထားပါတယ်။

ထီးထော်ပယ်စခန်းဟာ တပ်မဟာ ၂ နဲ့ တပ်မဟာ ၅ နယ်စပ်၊ တပ်မဟာ ၂ နယ်မြေမှာရှိပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့ရဲ့ လအတန်အကြာ ရိက္ခာဖြတ်တောက်တာကို ခံခဲ့ရတဲ့ စခန်းဖြစ်ပါတယ်။

ဘူဆာခီးစခန်းကတော့ စစ်ကောင်စီ ဗျူဟာမှူးနေတဲ့ နဗဟ ၂ စခန်းဖြစ်ပြီး ၂၀၂၃ ခုနှစ် မေလမှာ အဲဒီစခန်းကို မြေပြင်လမ်းကြောင်းကနေ ရိက္ခာပို့ဖို့လာတဲ့ တပ်တွေကို တပ်မဟာ ၂ က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ တပ်ရင်းမှူး ဗညားအောင် သေဆုံး ခဲ့ရပြီးနောက်ပိုင်းမှာတော့ လေကြောင်းကနေပဲ ရိက္ခာပို့နေရတဲ့ စခန်းဖြစ်ပါတယ်။

ကေအန်ယူကို ၆ လအတွင်း အပြတ်တိုက်မယ်လို့ ကြွေးကြော်ခဲ့တဲ့ ဗိုလ်မှူးချုပ်ကောင်းမြတ်ဟာ ၂၀၀၉ ခုနှစ် မေလက ဘူဆာခီးစခန်းကအပြန် စီးလာတဲ့ကား မိုင်းထိပြီး သေဆုံးခဲ့ပါသေးတယ်။

ဇန်နဝါရီ ၂၄ ရက်နေ့က ကညွတ်ကွင်းအခြေစိုက် ခမရ ၄၃၉ က ပစ်လိုက်တဲ့ လက်နက်ကြီးဟာ နတ်သံကွင်းမြို့ထဲကို ကျရောက်ပြီး နေအိမ်တွေ မီးလောင်ခဲ့ရတဲ့အပြင် နောက်ထပ် ၃ ကြိမ်ပစ်ခတ်ရာမှာ ရေတွင်းကုန်းရွာထဲကို ကျရောက်လို့ ဒေသခံ ၁ ယောက်သေ၊ ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၂၂ ရက် မနက်ပိုင်းကလည်း ခလယ်လွီထူခရိုင်၊ လယ်ဒို(ကျောက်ကြီး) မြို့နယ်ထဲကို ပိန်းဇလုပ်အခြေစိုက် တပ်ရင်း ခလရ ၂၆၄ က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံ ၁ ယောက်သေ၊ ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၂၀ ရက်ကလည်း လယ်ဒိုမြို့နယ်၊ အနန်းဘော်ရွာက စစ်ရှောင်ပြည်သူ ၁၇ ယောက်ဟာ ရွာကို ရိက္ခာပြန်ဝင်ယူတုန်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး အဲဒီထဲက သားအမိ ၂ ယောက်ကတော့ ဒီနေ့အထိ ပျောက်ဆုံးနေတယ်လို့လည်း ဆိုပါတယ်။

တပ်မဟာ ၃၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်မှာလည်း ဇန်နဝါရီလ ၁၉ ရက်နေ့ ည ၁၁ နာရီခွဲအချိန်က စစ်ကောင်စီတပ်တွေက ကွင်းချောင်းဝကနေပြီး ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဥသျှစ်ကုန်းရွာထဲကို ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ဥသျှစ်ကုန်းရွာသား ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013