DVB Logo
Home
မြန်မာသတင်း
ဆီဆိုင်မြို့နယ်ရှိ ခမရ ၄၂၄ တပ်ရင်းကို PNLA သိမ်းပိုက်၊ စစ်ဘေးရှောင်များ နေရပ်ပြန်ရန်  ဖိအားပေးခံရ
DVB
·
January 27, 2024
ဆီဆိုင်မြို့နယ်ရှိ ခမရ ၄၂၄ တပ်ရင်းကို PNLA သိမ်းပိုက်၊ စစ်ဘေးရှောင်များ နေရပ်ပြန်ရန်  ဖိအားပေးခံရ
Donate to DVB

တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ  စစ်ကောင်စီရဲ့ ခမရ ၄၂၄ တပ်ရင်းကို ဇန်နဝါရီ  ၂၆ ရက်ညပိုင်းက  ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း PNLA က သတင်းထုတ်ပြန်ပါတယ်။ 

PNLA တပ်ဖွဲ့ဝင်တဦးက “မနေ့ညကတော့ ကျနော်တို့ ဆီဆိုင်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီအထိုင်စခန်းပေါ့၊ ခြေမြန်တပ်ရင်းတရင်းကိုတော့ ကျနော်တို့ ဝင်သိမ်းလိုက်တယ်။ အဆင်ပြေတယ်။ တပ်ရင်း ၂ ရင်း သိမ်းတာ ၁ ရင်းတော့ ရလိုက်တယ်။ အချိန် ၂ နာရီခွဲလောက်နဲ့ ရလိုက်တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

PNLA ဟာ  လုံခြုံရေးဆိုင်ရာ လှုပ်ရှားနေချိန် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်  ခမရ ၄၂၄ တပ်ရင်းကို သိမ်းပိုက်ခဲ့ကာ လက်နက် ခဲယမ်းတွေကိုပါ သိမ်းဆည်းရမိခဲ့တာလို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပေမဲ့ အသေးစိတ်ကိုတော့ ပြောထားတာမတွေ့ရပါဘူး။ 

မနေ့ မွန်းလွဲ ၁ နာရီလောက်ကလည်း PNO   ပြည်သူ့စစ်ပူးပေါင်းအင်အား ၁၅၀ လောက်ဟာ ဆီဆိုင်မြို့နယ် လွယ်ထွဲရွာအနီးမှာ PNLA ကို လာရောက်တိုက်ခိုက်ခဲ့ချိန် တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ့စစ် အလောင်း တလောင်းနဲ့ လက်နက် တလက် ကျန်ရှိခဲ့ကြောင်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

စစ်ကောင်စီတပ် မနေ့က  ဆီဆိုင်မြို့နဲ့ အနီးနားကကျေးရွာတွေကို   လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခတ်တာ၊  လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေလည်း လုပ်ဆောင်ခဲ့ ပါတယ်။ မနေ့ မနက်ပိုင်းကလည်း စစ်ကောင်စီက လေကြောင်းကနေ လေယာဉ်နဲ့ လွယ်ထွယ်ကျေးရွာအနီးက လွယ်တဖြီးတောင်ခြေကို ပေါင် ၅၀၀ ဗုံးနဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် အရပ်သား နေအိမ်များစွာနဲ့ အဆောက်အဦးများစွာ ထိခိုက်ပျက်စီးခဲ့ပေမဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေ ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။

ဆီဆိုင်မြို့နယ်မှာ တိုက်ပွဲတွေကြောင့်ထွက်ပြေးလာတဲ့   လွယ်ထွယ်ကျေးရွာနဲ့ လွယ်သောဝ်ကျေးရွာက စစ်ရှောင်ပြည်သူတွေကို ဇန်နဝါရီ ၂၆ ရက် မနက် ၁၁ နာရီလောက်က PNA ပြည်သူ့စစ်တပ်ဖွဲ့တွေက နေအိမ်တွေမှာ ပြန်လည်နေထိုင်ဖို့ ဖိအားပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆီဆိုင်မြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် လွယ်ထွယ်နဲ့ လွယ်သောဝ်ကျေးရွာက ‌ဒေသခံရွာသားတွေဟာ ထော်လာဂျီ၊ ကန်တာကားတွေနဲ့ ရွာအနီးတဝိုက်က စိုက်ပျိုးခြံ၊ တော၊ တောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေစဉ် လာရောက်ဖိအားပေးခဲ့တာလို့ ဆိုပါတယ်။

ဆီဆိုင်မြိုအရှေ့ဘက် ၇ မိုင်အကွာက လွယ်ထွယ်ကျေးရွာကို စစ်ကောင်စီလက်အောက်ခံ PNA ပြည်သူ့စစ်အဖွဲ့က ရောက်ရှိလာပြီး ရွာသားတွေကို နေအိမ်မှာပြန်လာနေဖို့ အမိန့်ပေးခဲ့တာလို့ စစ်ရှောင်ရာကနေ လွယ်ထွယ်ရွာကို အိမ်ပြန်ပစ္စည်းပြန်ယူတဲ့ အမျိုးသားတဦးက ပြောပါတယ်။

“ငွေ ၁၀ သိန်းလှူပြီး ရွာသားတွေကို အိမ်ပြန်နေဖို့ ပြောတယ်။ နင်တို့နေတဲ့ရွာကို ဘာလို့ လေယာဉ်နဲ့ကြဲမှာလဲ၊ တိုက်ပွဲလည်းမဖြစ်တော့ဘူး၊ အိမ်ပြန်လာခဲ့ဆိုပြီး ပြောတယ်။ ဘုန်းကြီးကျောင်းနဲ့ ရွာထဲမှာ စစ်သားတွေ အများကြီးပဲ။ ရွာသားတွေက စစ်သားတွေနဲ့ ဝေးဝေးနေချင်တာ၊ စစ်သားတွေလာရင် အန္တရာယ်ကြီး ရောက်လာတာနဲ့ တူတူပဲ။”

PNA ပြည်သူ့စစ်တပ်ဖွဲ့တွေက PNLA တပ်၊ KNDF တပ်တွေနဲ့ ညှိနှိင်းနေဆဲကာလ ဖြစ်တာကြောင့် ရွာသားတွေ စစ်မရှောင်ဘဲ နေအိမ်ကိုပြန်လာဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

လွယ်ထွယ်ရွာမှ အမျိုးသားတဦးက “သေနတ်တွေကို မကြောက်တော့ဘူး၊ လေယာဉ်နဲ့ လာကြဲမှာကို ပိုကြောက်တယ်။ လက်နက်ကြီးသံကလည်း အုန်းအုန်းနဲ့၊ ပစ်နေတာ အကြာကြီးပဲ။ အခု ဘယ်ကိုပြေးရမလဲ မသိတော့ဘူး” လို့ ပြောပါတယ်။

ဆီဆိုင်မြို့ပေါ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဆီဆိုင်မြို့အရှေ့ဘက် လွယ်ထွယ်၊ လွယ်သော်ဝ်၊ မီရဲ့၊ တောင်းတပ်၊ ပွဉ်ရင်း ကျေးရွာက ဒေသခံတွေဟာ စစ်ဘေးတိမ်းရှောင်ဖို့ ဆီဆိုင်မြို့ကို ဖြတ်သန်းသွားလာလို့ မရတာကြောင့် တောတောင်ထဲမှာ အစုလိုက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆီဆိုင်မြို့ ဒေသခံတစ်ဦးက"ခုချိန် လိုင်းက ရလိုက်မရလိုက် ဖြစ်နေတယ်။ အိမ် စောင့်ကျန်ခဲ့တဲ့သူလည်း များစွာရှိတယ်။ အိမ်တွေ ဒီလောက် တောင်ပျက်စီးတာ လူထိတာလည်း ရှိတယ်။ ခုထိ လေယာဉ်ရော လက်နက်ကြီးရော  ပစ်နေတုန်းပဲ"လို့ ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိတဲ့ မီးရဲ၊ ကောင်ပန်တင်ကျေးရွာတွေဘက်ကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်နေတဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။ 

စစ်ဘေးရှောင်တဦးက"ဆီဆိုင်မြို့အနီးတဝိုက် ရှောင်ကုန်ပြီ။ အများစုက တောဘက်ရှောင်တာ များတယ်။ တောထဲဆိုတော့ အေးလည်းအရမ်းအေးတယ်။ ရက်တွေကြာရင် စားသောက်ရေး တွေ ပြတ်လပ်နိုင်တယ်"လို့ ပြောပါတယ်။

PNLAနဲ့ ပူးပါင်းမဟာမိတ်တော်လှန်ရေးအဖွဲ့တွေက ဆီဆိုင်မြို့ရှိ စစ်ကောင်စီတပ်စခန်း တခုပြီးတခု သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီလေယာဉ်နဲ့ ဗုံးကြဲတာကြောင့်  စစ်ရှောင်ပြည်သူ ၂ ဦး သေဆုံး၊  ၂ ဦးဒဏ်ရာရရှိကာ နေအိမ်များစွာ ပျက်စီးခဲ့ရပါတယ်။

Photo-Pa-O National Organization

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013