
နေပြည်တော်မှာ ကျင်းပခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေကနေ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြည်သူ့လွှတ်တော်ကိုယ်စားပြု ဒုတိယသမ္မတအဖြစ် မတ် ၃၁ ရက်မှာ အတည်ပြုလိုက်ပြီး ဒါဟာ အရပ်သား သမ္မတအသွင်ပြောင်းလို့ နိုင်ငံတကာတရားဝင်မှု ရလာနိုင်ပါသလား။
မတ် ၃၁ ရက်မှာ နေပြည်တော်မှာပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဒုတိယသမ္မလောင်း ၂ ယောက်ကို လျှို့ဝှက်ဆန္ဒမဲပေးပြီးရွေးချယ်ရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထောက်ခံမဲ ၂၄၇ မဲနဲ့အနိုင်ရခဲ့ပါတယ်။
ထူးခြားတာက သူဟာ တပ်မတော်သားအစုအဖွဲ့ကနေမဟုတ်ဘဲ ရွေးကောက်ခံအစုအဖွဲ့ကနေတဆင့် အမည်စာရင်းတင်သွင်းပြီး ဒုသမ္မတ ဖြစ်လာခဲ့တာပါ။
ဒီလို အရပ်သားပုံစံပြောင်းလဲမှုဟာ နိုင်ငံတကာရဲ့အမြင်တွေအပေါ် သက်ရောက်နိုင်မလားဆိုတာကို ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ ကိုထင်ကျော်အေးက အခုလို သုံးသပ်ပါတယ်။
“ဘယ်သူပဲသမ္မတ ဖြစ်လာသည်ဖြစ်စေ တုံ့ပြန်မှုက အပြောင်းအလဲရှိမှာ မဟုတ်ဘူးပေါ့နော်။ ဆိုတော့ ဆက်ပြီးတော့ Engage လုပ်မယ် စဉ်းစားထားတဲ့ နိုင်ငံတွေကလည်း ဆက်ပြီးတော့ ဘယ်သူပဲ သမ္မတ ဖြစ်လာဖြစ်လာ Engage လုပ်မှာပဲ။ ထိတွေ့ဆက်ဆံမှု မလုပ်ဘူးလို့ စဉ်းစားထားတဲ့ နိုင်ငံတွေကလည်း ဘယ်သူပဲ သမ္မတ ဖြစ်လာဖြစ်လာ ထိတွေ့ဆက်-ဆံမှု မလုပ်ဘဲနဲ့ နေမှာပဲပေါ့နော်။ ဆိုတော့ ဘယ်သူ သမ္မတဖြစ်လာတာ၊ မဖြစ်လာတာက ဒီရွေးကောက်ပွဲ လုပ်ငန်းစဉ်က ဘယ်လောက်ထိ စစ်မှန်ခဲ့သလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်။ ကျနော့်အနေနဲ့တော့ ဒီ လာမဲ့ ဒီ နှစ်ပိုင်းအတွင်းထဲအထိတော့ ထင်သာမြင်သာရှိတဲ့ အပြောင်းအလဲ ကြီးကြီးမားမားတော့ နိုင်ငံတကာရဲ့ တုံ့ပြန်မှုမှာ အပြောင်းအလဲ ကြီးကြီးမားမားတော့ ဖြစ်မှာ မဟုတ်ဘူးလို့ မြင်တယ်။”
ဒါအပြင် ဒီကိစ္စဟာ ရေရှည်စောင့်ကြည့်ရမှာဖြစ်ပြီး နောက်ဆက်တွဲဖြစ်လာမဲ့ အပြောင်းအလဲတွေပေါ်လည်း မူတည်တယ်လို့ သူက ဆက်ပြောပါတယ်။
လေ့လာသူတွေကတော့ စစ်ခေါင်းဆောင်ဟာ အာဏာရှင်စနစ် အသက်ရှည်ရေးအတွက် ၂၀၁၁ ခုနှစ်က ဦးသိန်းစိန်အစိုးရ သွားခဲ့တဲ့ လမ်းကြောင်းဟောင်းကို ပုံတူကူးပြီး နိုင်ငံရေးထွက်ပေါက် ရှာနေတာတို့ ယူဆနေကြတာပါ။
ဒါပေမဲ့ အတိတ်က အောင်မြင်ခဲ့တဲ့ အခင်းအကျင်းမျိုး ဒီတကြိမ်မှာ ပြန်ဖြစ်လာဖို့ မလွယ်ကူကြောင်းနဲ့ ပြည်တွင်းက စီးပွားရေးအကျပ်အတည်းဟာ အကြီးမားဆုံးအခက်အခဲ ဖြစ်လာမယ်လို့ နိုင်ငံရေး လေ့လာသူ ဒေါက်တာလှကျော်ဇောက ထောက်ပြပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက်က မြစ်ဆုံစီမံကိန်းကိုရပ်ပြီး နောက်ပိုင်း အမေရိကန်နဲ့ အဆက်အသွယ် ပြန်ရှိလာပုံကို ဥပမာပေးပြီး အခုလို ပြောပါတယ်။
ဒေါက်တာလှကျော်ဇောက “ဒီတခေါက်ကတော့ ဒီလောက်မလွယ်ဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ ရွေးစရာလမ်း မရှိတော့ဘူးလေ။ သူတို့ မျက်လှည့်ပြတာတွေ များနေပြီ၊ ပြည်သူတွေကလည်း ဒီအကွက်တွေ မြင်ပြီးသားဆိုတော့ သိပ်မလွယ်တော့ပါဘူး။ နောက် အမေရိကန်ကလည်း သူ့ဒုက္ခတွေနဲ့ သူ ချာချာလည်နေတာ လာကယ်နိုင်စရာအကြောင်းလည်း မရှိဘူး။ အဲဒီတော့ သူ့ကို လွန်ရောကျွံရော ကယ်နိုင် တရုတ်တို့၊ ရုရှားတို့ကပဲ ကယ်နိုင်သလောက် ကယ်လိမ့်မယ်။ သို့သော်လည်း ဗမာပြည်ရဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှုရဖို့ကတော့ မလွယ်ဘူး။ နောက်တခု အခက်ဆုံးကတော့ ကျမ ကြည့်တာလေ၊ ဒီစီးပွားရေးပြဿနာဗျ။ တိုင်းပြည်ရဲ့ အခြေခံစီးပွားရေး တက်လာအောင် ဘယ်လိုမှ လုပ်နိုင်မှာမဟုတ်ဘူး”လို့ ပြောပါတယ်။
ဒါကြောင့် စစ်ကောင်စီအနေနဲ့ နေပြည်တော်မှာ အာဏာခွဲဝေမှုတွေလုပ်ပြီး အစိုးရတရပ် ပေါ်ထွန်းအောင် ကြိုးစားနေပေမဲ့၊ ပြည်သူလူထုရဲ့ ငြင်းပယ်မှုနဲ့ စီးပွားရေးကျဆုံးမှုတွေ ကြောင့် ဒီ “သမ္မတ” လမ်းကြောင်းဟာ ထင်သလောက် အသက်ရှူချောင်လာမှာမဟုတ်ဘူးလို့ ဒေါက်တာလှကျော်ဇောက သုံးသပ်တာပါ။
လက်ရှိမှာတော့ ဒုသမ္မအဖြစ် ရွေးချယ်ခံထားရတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်၊ ဒေါ်နန်းနီနီအေးနဲ့ စစ်တပ်အစုအဖွဲ့က တင်မြောက်ထားတဲ့ ကိုကိုးကျွန်း မဲဆန္ဒနယ်က ဗိုလ်ချုပ်ကြီးဟောင်း ဦးညိုစော တို့ကို ပြည်ထောင်စုလွှတ်တော်မှာ မဲပေးပြီး သူတို့ထဲက တယောက်ကို သမ္မတအဖြစ် ရွေးချယ်ရဖို့ ရှိနေပါတယ်။
တချိန်တည်းမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း စစ်အာဏာရှင် အမြစ်ပြတ်ဖယ်ရှားရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အသစ်တည်ဆောက်ဖို့ ရည်ရွယ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကို ဖွဲ့စည်းကြောင်း မတ်လ ၃၀ ရက်မှာ ကြေညာခဲ့ပါတယ်။
စိုးသူအောင်











