DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်း ၃ နှစ် အတွင်း အကျဉ်းသား ၉၀၀၀၀ ကျော်လွှတ်ပေးရာ၌ နိုင်ကျဉ်း ၇၀၀၀ ကျော်သာပါဝင် 
DVB
·
January 26, 2024
စစ်အာဏာသိမ်း ၃ နှစ် အတွင်း အကျဉ်းသား ၉၀၀၀၀ ကျော်လွှတ်ပေးရာ၌ နိုင်ကျဉ်း ၇၀၀၀ ကျော်သာပါဝင် 
Donate to DVB

အာဏာသိမ်း ၃ နှစ်တာကာလအတွင်းမှာ စစ်ကောင်စီက အကျဉ်းသားပေါင်း  ၉၀၀၀၀ ကျော်ကို နိုင်ငံတဝန်း အကျဉ်းထောင်တွေကနေ ပြန်လွှတ်ပေးခဲ့ရာမှာ နိုင်ငံရေးကြောင့် ပြစ်ဒဏ် ချမှတ်ခံထားရသူ ၇၀၀၀ ကျော်၊ ရာခိုင်နှုန်းအားဖြင့်  ၈ ဒသမ ၃ ရာခိုင်နှုန်းသာ ပါဝင်နေတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar)ရဲ့ စစ်တမ်းအရ သိရပါတယ်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ထဲပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေက စစ်အုပ်စုရဲ့ အာဏာကို သိသာထင်ရှားတဲ့ ခြိမ်းခြောက်မှုမျိုး မလုပ်နိုင်တဲ့သူတွေကိုဘဲ ရွေးချယ်ပြီး လွှတ်ပေးတာလို့ ISP Myanmar ရဲ့ အကြီးတန်းသုတေသီ ကိုကျော်ထက်အောင်က ပြောပါတယ်။

“၃ နှစ်နီးပါး ရှိတဲ့ကာလမှာ လွတ်ငြိမ်းက ၁၄ ကြိမ်ပေးခဲ့တာ ရှိပါတယ်။ အဲတာက စုစုပေါင်းကိန်းဂဏန်းအရဆို ၉၂၅၆၀ ယောက်လောက်ရှိပါတယ်။ အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသားဘယ်လောက်ပါလဲဆိုရင် ပါတဲ့အပေါ် ကျနော်တို့ Verified (စစ်ဆေးအတည်ပြု) လုပ်နိုင်တဲ့ အရေအတွက်က ၇၆၉၅ ယောက်နီးပါးလောက်ရှိပါတယ်။ ဒါက ၈ ဒသမ ၃ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒါက လွတ်တဲ့သူထဲကမှ နိုင်ငံရေးအကျဉ်းသားအရေအတွက်ပေါ့။ ဒါက အင်မတန်မှ နည်းတဲ့ဟာမျိုးပေါ့။ အဓိကတော့ ဒါက သူတို့ရဲ့ စိတ်ဆန္ဒပေါ့ သူတို့ လွှတ်ပေးတယ်ဆိုတာကလည်း တကယ်တမ်းကျ သူတို့အတွက် အန္တရာယ်မရှိနိုင်ဘူး။ သူတို့ စစ်ကောင်စီအတွက် Regime ကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ သူတွေကိုပဲ များ‌သောအားဖြင့် လွှတ်ပေးတာမျိုးကို ကျနော်တို့ သုံးသပ်လို့ရပါတယ်။”

နိုင်ငံတဝန်း အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၉၉၁၁ ယောက် ကျန်ရှိနေသေးတယ်လို့ လည်း ISP မြန်မာ စစ်တမ်းက  ဖော်ပြပါတယ်။

နောက်ဆုံးတခေါက် ၂၀၂၄ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ  လွှတ်ပေးခဲ့တဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်မှာဆိုရင် အကျဉ်းသား ၉၆၅၂ ယောက်လွှတ်ပေးခဲ့ပေမဲ့ နိုင်ငံရေးအကျဉ်းသား ၈၁ ယောက်သာ ပါဝင်ပါတယ်။ ဒီအထဲက အများစုဟာလည်း လွတ်ရက် စေ့ခါနီးတဲ့ အကျဉ်းသားတွေဖြစ်ပါတယ်။ 

နိုင်ငံတကာဖိအားတွေကိုလျော့ကျဖို့  အကျဉ်းသားတွေကို စစ်ကောင်စီက လွှတ်ပေးနေပေမဲ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို ရာဇဝတ်မှုကျူးလွန်တဲ့အပြစ်သားတွေလို့ သတ်မှတ်ပြီး ဖိနှိပ်ရိုက်နှက်တာ တွေကို ပိုလုပ်တယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်း တယောက်က ပြောပါတယ်။

“အရင်ခေတ်တုန်းကတော့ နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်ပြီးတော့ ဆက်ဆံတယ်။ အခုကတော့ မင်းတို့ နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိဘူး။ မင်းတို့က ရာဇဝတ်မှု ကျူးလွန်လို့ ရောက်လာတဲ့သူတွေဆိုတဲ့ ပုံစံမျိုးနဲ့ ဖိနှိပ်မှုတွေအမျိုးမျိုးလုပ်တယ်။ ရိုက်နှက်မှုတွေ အမျိုးမျိုးလုပ်တယ်။ ၃ နှစ်နီးပါး ကြာလာချိန်မှာ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေ ၂ သောင်းခွဲလောက်ရှိသေးတယ်လို့ ကျနော်တို့ သိရပါတယ်။ ဘာလို့ မလွှတ် ပေးသေးတာလဲလို့ဆိုရင် ကျနော်တို့ အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အစပြုပြီးတော့ ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို သူတို့ က ဓားစာခံအနေနဲ့ ဖမ်းထားတယ်လို့ ကျနော်တို့ယူဆတယ်။ သူတို့ရဲ့ ဖြေလျှော့မှု တခုအတွက် ဒါတွေကို အသုံးချပြီးတော့ ဖြေလျှော့ နေတယ်လို့ပဲ ယူဆတယ်။”

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တို့လို နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ကလည်း အကျဉ်းထောင်တွေထဲက ကိစ္စတွေကို လျစ်လျူမရှုဖို့နဲ့ အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားတွေဟာ မျှတတဲ့ တရားစီရင်မှုတွေနဲ့ နိုင်ငံတကာရဲ့ အကူအညီတွေကို လိုလားတောင့်တနေတယ်လို့လည်း ပြောပါတယ်။

စစ်အုပ်စုက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ အစီစဉ်မရှိဘဲ ပြည်သူတွေကို လှည့်စားဖို့သာဖြစ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ကလည်း ပြတ်ပြတ်သားသား ရပ်တည်ဖို့ကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)ရဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။

“အကြမ်းဖက်စစ်အုပ်စုက သူတို့ကိုဆန့်ကျင်သူမှန်သမျှကို လုံးဝလွှတ်ပေးဖို့ အစီအစဉ်မရှိပါဘူး။ နိုင်ငံတကာ ဖိအားတွေလျော့ကျလာဖို့ နိုင်ငံတကာက တခုခုပြောလာရင် သူတို့ ဖိအားတွေကို လျော့ချဖို့ နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံအနေနဲ့ဖမ်းထားတာဖြစ်တယ်။ စစ်အုပ်စုသည် တိုင်းပြည်ရဲ့ အာဏာကို လုယူထားတယ်ဆိုပေမဲ့ သူတို့သည်ဓားပြသာသာပဲ ရှိတယ်လို့ ပြောချင်တယ်။ သူတို့က နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံအဖြစ်ဖမ်းထားမယ်၊ အကြောင်းအရာ တခုပေါ်လာရင် ပြည်သူတွေနဲ့ လှည့်ပြီးတော့ ကစားမယ်၊ ဒီသဘောမျိုးပဲ လုပ်တာ။ ဒါကြောင့် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတယ်ဆိုတဲ့နေရာမှာလည်း တကယ့် နိုင်ငံရေးခေါင်းဆောင်ပိုင်းတွေ လွှတ်ပေးတာမရှိဘူးပေါ့နော်။ နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့ကလည်းပေါ့ စစ်အုပ်စုနဲ့ ပတ်သက်ရင် ပြတ်ပြတ်သားသား ရပ်တည်ဖို့ ကျနော်အနေနဲ့ အကြံပေးချင်တယ်။”

၃ နှစ်အတွင်း အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံခဲ့ရသူပေါင်း ၂၅၈၉၃ ယောက်ရှိနေပြီး အဲဒီအထဲ ၁၉၉၇၁ ယောက်က ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ၈၆၀၆ ယောက်က ထောင်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့  အေအေပီပီရဲ့  ဇန်နဝါရီ ၂၅ ရက်နေ့ ထုတ်ပြန်ချက် အရသိရပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013