Home
နိုင်ငံတကာ
ဂါဇာထိုးစစ် ရပ်ဆိုင်းရန် သင့်၊ မသင့်  အိုင်စီဂျေတရားရုံးက ယနေ့ အမိန့်ချမည်
DVB
·
January 26, 2024

အရေးပေါ်အစီအမံအနေနဲ့ အစ္စရေးရဲ့ ဂါဇာစစ်ဆင်ရေး ရပ်ဆိုင်းဖို့ အမိန့်ထုတ်ပေးရန် တရားလို တောင်အာဖရိကနိုင်ငံရဲ့ တောင်းဆိုချက်ကို လက်ခံဖို့ သင့် မသင့် ဇန်နဝါရီ ၂၆ ရက် ဒီကနေ့မှာ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး (အိုင်စီဂျေ) က အမိန့်ချမှာ ဖြစ်ပါတယ်။

အစ္စရေးနိုင်ငံက ဂါဇာကမ်းမြောင်မှာ လူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်နေတယ်ဆိုပြီး အိုင်စီဂျေတရားရုံးမှာ တောင်အာဖရိက နိုင်ငံက တရားလိုလုပ်ပြီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ဒီအမှုအတွက် လွန်ခဲ့တဲ့နှစ်ပတ်က နှစ်နိုင်ငံစလုံးက ကနဦးလျှောက်လဲခဲ့ကြပြီး အရေးပေါ်အစီအမံလို့ခေါ်တဲ့ ကြားဖြတ်အမိန့်တရပ် ထုတ်ပေးဖို့သင့်၊ မသင့်ကို အဦးဆုံး အမိန့်ချမှာ ဖြစ်ပါတယ်။ စွပ်စွဲချက်တွေကို အစ္စရေးက အပြင်းအထန်ငြင်းဆိုထားပါတယ်။

တကယ်လို့ တိုက်ခိုက်မှုရပ်ဆိုင်းရမယ်လို့ အမိန့်ချရင်တောင် ဒီအမိန့်က အစ္စရေးအပေါ် စည်းနှောင်မှုမရှိသလို အတည်ပြုဆောင်ရွက်နိုင်စွမ်းမရှိတဲ့အတွက်  လိုက်နာဖွယ်လည်းမရှိပါဘူး။

ဒါပေမဲ့ နိုင်ငံရေးအရ အရေးပါတဲ့ စီရင်ချက်တစ်ခုဖြစ်လာမှာပါ။ အစ္စရေးရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရပ်တန့်ဖို့အပါအဝင် ကြားကာလအရေးပေါ်အစီအမံ ကိုးချက် ထုတ်ပြန်ပေးဖို့ တောင်အာဖရိကနိုင်ငံက တောင်းဆိုထားပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု မြောက်၊ မမြောက်ဆိုတာတော့ အချိန်ယူ ကြားနာဖို့ရှိပြီး နှစ်နဲ့ချီပြီးတော့လည်း ကြာမြင့်နိုင်ပါတယ်။

အိုင်စီဂျေတရားရုံးက ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုတဲ့စီရင်ချက် ချတယ်ဆိုရင် အစ္စရေးက လိုက်နာနေသရွေ့ ပါလက်စတိုင်း အဖွဲ့ကလည်း အပြန်အလှန် လိုက်နာမှာဖြစ်တယ်လို့ ဟားမတ်စ်အဖွဲ့က ဇန်နဝါရီ ၂၅ ရက်မှာ ပြောပါတယ်။

အစ္စရေးက ပါလက်စတိုင်းအကျဉ်းသား အားလုံးကို လွှတ်ပေးတယ်ဆိုရင် သူတို့ဖမ်းဆီးထားတဲ့ ဂါဇာရှိ ဇီယွန်ဝါဒီ အကျဉ်းသားအားလုံးကို လွှတ်ပေးမှာဖြစ်ကြောင်း ဟားမတ်စ် အကြီးတန်းအရာရှိ အိုဆာမာ ဟမ်ဒန်က ဘေရွတ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အရပ်သားတွေ အသေအပျောက်များနေမှုကို ကယ်တင်ဖို့အတွက် အပစ်အခတ်ရပ်စဲရေးကို နိုင်ငံတကာက အရေးတကြီး ပန်ကြားထားပေမဲ့ ဟားမတ်စ်တွေကို အမြစ်ပြတ် ချေမှုန်းပြီးတော့ ဓားစာခံတွေအားလုံး လွတ်မြောက်တဲ့အထိ အလျှော့မပေးဖို့ သန္နိဋ္ဌာန် ချထားတဲ့ အစ္စရေးက မကြားဟန်ဆောင်ထားတယ်လို့ ရိုက်တာမှာ ဖော်ပြပါတယ်။

အစ္စရေးဟာ သူ့ရဲ့ထိုးစစ်နဲ့ ဝိုင်းရံပိတ်ဆို့ထားမှုကို အဆုံးသတ်ဖို့နဲ့ ဂါဇာကမ်းမြောင်ကနေ ဆုတ်ခွာပေးဖို့ ဘယ်လိုသဘောတူညီချက်ကိုမဆို အကောင်အထည် ဖော်ပေးရမှာဖြစ်တယ်လို့ ဟားမတ်စ်က ပြောကြားခဲ့ပါတယ်။

အစ္စရေးဘက်ကတော့ ဂါဇာစစ်ပွဲဟာ ပါလက်စတိုင်းတွေကို လူမျိုးတုံးသတ်ဖြတ်မှုဆိုပြီး တောင်အာဖရိကရဲ့ စွပ်စွဲချက်တွေကို နိုင်ငံတကာတရားရုံးက ပယ်ချမယ်လို့ ယုံကြည်ထားကြောင်း ဇန်နဝါရီ ၂၅ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပြီး ဒီပြောဆိုချက်တွေက အခြေအမြစ်မရှိဘူးလို့လည်း အစ္စရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဒီလို ဥပဒေမဲ့ လှည့်ဖြားထားတဲ့ စွဲချက်တွေကို အိုင်စီဂျေတရားရုံးက ပယ်ချပေးဖို့ မျှော်လင့်ထားကြောင်း ပြောရေးဆိုခွင့်ရှိသူ အိုင်လွန် လဲဗီက ဇန်နဝါရီ ၂၆ ရက် အစည်းအဝေးမတိုင်ခင်မှာ ပြောကြားခဲ့ပါတယ်။

အခုလအစောပိုင်း ကြားနာမှု နှစ်ရက်အတွင်း တောင်အာဖရိကဟာ ပါလက်စတိုင်း နယ်မြေအတွင်း အစ္စရေးရဲ့ ပြင်းထန်လှတဲ့ စစ်ရေးလှုပ်ရှားမှုတွေကို အရေးပေါ် ဆိုင်းငံ့မိန့် ထုတ်ပေးဖို့ ကမ္ဘာ့တရားရုံးလို့သိကြတဲ့ အိုင်စီဂျေကို တောင်းဆိုခဲ့ပါတယ်။

အစ္စရေးထိုးစစ်ကြောင့် ဂါဇာမှာ အမျိုးသမီးနဲ့ကလေးငယ်တွေအပါအဝင် သေဆုံးသူ ၂၅၀၀၀ ကျော်လာပြီဖြစ်ပြီး သောင်းနဲ့ချီပြီးဒဏ်ရာရထားတယ်လို့ ဂါဇာမှာရှိတဲ့ ဟားမတ်စ် ကွပ်ကဲမှုအောက်က ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့နှစ်အောက်တိုဘာလ၇ ရက်နေ့မှာ ဟားမတ်စ်အဖွဲ့က အစ္စရေးကို ဝင်တိုက်ခဲ့ရာမှာ အရပ်သားအများစုအပါအဝင် လူ ၁၃၀၀ သေဆုံးခဲ့ရပါတယ်။ ဟားမတ်စ်အဖွဲ့ဟာ လူ ၂၅၀ ကို ဓားစားခံအဖြစ်နဲ့ ဂါဇာကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လက်ရှိမှာ ထက်ဝက်ခန့်ပဲ ပြန်လည်လွတ်မြောက်သေးသလို သေဆုံးသူ အချို့လည်းရှိခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024