DVB Logo
Home
မြန်မာသတင်း
တကောင်းနီကယ်စီမံကိန်း မလည်ပတ်နိုင်ဘဲ ၆ လကြာ ရပ်ဆိုင်းထား
DVB
·
January 17, 2025
တကောင်းနီကယ်စီမံကိန်း မလည်ပတ်နိုင်ဘဲ ၆ လကြာ ရပ်ဆိုင်းထား
Donate to DVB

တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ထဲက တကောင်းနီကယ်စီမံကိန်းဟာ အချိန် ၆ လနီးပါးကြာချိန်အထိ ပုံမှန်ပြန်မလည်ပတ်နိုင်ဘဲ ရပ်ဆိုင်းထားရပါတယ်။

တကောင်းနီကယ်စီမံကိန်းမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သားတွေ လက်နက်ချ အညံ့ခံခဲ့တာကြောင့် ဒေသတွင်း တော်လှန်ရေးအင်အားစုတွေက ပြီးခဲ့တဲ့နှစ် ဇူလိုင်လကုန်ပိုင်းမှာ ထိန်းချုပ်ခဲ့တာပါ။

စက်ရုံကို တော်လှန်ရေးအင်အားစုတွေ သိမ်းပြီးကတည်းက မန္တလေးကနေ တင်ပို့နေကျဖြစ်တဲ့ ကျောက်မီးသွေးလောင်စာနဲ့ ဓာတုဗေဒလိုအပ်ချက်တွေကို စစ်ကောင်စီက ဆက်မပို့တော့ဘဲ ရပ်ဆိုင်းခဲ့တာကြောင့် စီမံကိန်းရပ်ဆိုင်းထားရတာပါ။

ထီးချိုင့်ဒေသခံတယောက်က “တကောင်း CNICO စက်ရုံကတော့ လောလောဆယ်မှာ လည်ပတ်တာ မရှိသေးပါဘူး၊ သူရပ်နားထားတာ လ တော်တော်ကြာနေပြီပေါ့နော်။ စက်ရုံမှာရှိတဲ့ အလုပ်သမားတွေကိုတောင်မှ အနားပေးပြီးတော့မှ ရပ်တန့်နေရတဲ့ အနေအထားပါ။ ပြန်လည်ပတ်ဖို့ အနေအထားကတော့ စစ်ကောင်စီနဲ့ ချိတ်ဆက်မှုတွေ သူလိုမယ်ထင်ပါတယ်။ စက်ရုံလည်ပတ်ဖို့လိုတဲ့ ကျောက်မီးသွေးတွေရယ်၊ နောက်ပြီးတော့ တခြားလိုအပ်တဲ့ ဓာတုဗေဒနဲ့ ပတ်သက်တဲ့ တင်သွင်းတဲ့ဟာမှာ တဆင့်ကြားရတယ်ပေါ့နော်၊ စက်ရုံလုပ်သားတွေဆီကနေ နားလည်မှုတွေ ယူနေတယ်လို့တော့ ကြားပါတယ်။ လောလောဆယ်မှာတော့ လည်ပတ်တာမရှိပါဘူး၊ ဒီအတိုင်းပဲ ထီးထီးရပ်တည်နေတာပါ” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်စီမံကိန်းအနီး ကျေးရွာတွေကိုတော့ စစ်ကောင်စီက အင်အားသုံးထိန်းချုပ်ထားဆဲဖြစ်ပြီး တရုတ်ကုမ္ပဏီကလည်း ကြေးနီထုတ်လုပ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

၂၀၂၃ နှစ်ဆန်းပိုင်းတုန်းက ဝမ်ပေါင်ကြေးနီစီမံကိန်းမှာ အလုပ်ပြန်လုပ်ဖို့ ဒေသခံ ကျွမ်းကျင် လုပ်သားဟောင်းတွေကို အရင်ကလစာထက် ၂ ဆ ၃ ဆပိုပေးပြီး ကုမ္ပဏီက လုပ်ငန်းတွေ ဆက်လက်လည်ပတ်နေတာပါ။ ဝမ်ပေါင်စီမံကိန်းမှာ တရုတ်ပုဂ္ဂလိက လုံခြုံရေးအဖွဲ့တချို့ ရောက်ရှိနေပြီး စီမံကိန်းနယ်မြေထဲမှာ လုံခြုံရေးယူထားတယ်လို့သိရပါတယ်။

လက်ပံတောင်းဒေသခံတယောက်က “နဂိုတုန်းကလူဦးရေ ၅၀၀ လောက်ရှိရင် အခုလောလောဆယ်တော့ ၁၅၀၊ ၂၀၀ လောက်နဲ့ လည်ပတ်တာပေါ့။ လူအနည်းနဲ့ လည်ပတ်တာပေါ့။ စစ်သားတွေရှိတယ်၊ သူတို့တော့ အနည်းဆုံး ၂၀၀ ဝန်းကျင်လောက်ရှိမယ်။ တရုတ်စစ်သားလည်း နည်းနည်းပါးပါး ရှိတယ်တော့ ကြားတယ်။ တရုတ်စစ်သားတွေ အရင်တခါက Y12 နဲ့ လာပို့သွားတာလေ၊ အများကြီးတော့မဟုတ်ဘူး ၂၀ ဝန်းကျင်ပဲရောက်မယ်။ နေပြည်တော်ကနေ မုံရွာနမခကိုတင်၊ နမခကနေပြီးတော့မှ ဝမ်ပေါင်ထဲကို လာပို့သွားတာ။ အရင်တခါက ကြေးနီထုတ်တော့ သူတို့အပြင်ဘက်ကို ဈေးဝယ်ခဏ ထွက်ခဲ့ကြသေးတယ်လေ။ ဈေးဝယ်ထွက်တော့ ပြည်သူတွေက မြင်တာပေါ့။ ဗမာစကားမပြောတတ်ဘူး စကားပြန်တယောက်ပါလာတယ်၊ ဗမာစစ်သားတယောက်ပါလာတယ်။ သူတို့ကတော့ ကင်းတွေ ဘာတွေ သိပ်မထွက်ဘူး မပတ်ဘူး၊ အတွင်းထဲမှာပဲ လုံခြုံရေးယူထားတာ၊ ဝမ်ပေါင်ပဲ သူတို့လုပ်တာ။ ကျန်တဲ့ အက်စစ်စက်ရုံတို့ ယန်စီစက်ရုံတို့က သူတို့က ကင်းပဲယူထားတာ” လို့ ပြောပါတယ်။

ဒီအခြေအနေမှာ တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်မှုအောက်ရောက်နေတဲ့ တရားဝင် တရုတ်စီမံကိန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ စက်ရုံအလုပ်ရုံတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တတ်စွမ်းသရွေ့ အကာအကွယ်ပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ သမ္မတရုံးတာဝန်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။

“ထိန်းချုပ်စိုးမိုးနိုင်တဲ့နယ်မြေတွေ မန္တလေးတိုင်းတို့၊ မကွေးတိုင်းတို့၊ စစ်ကိုင်းတိုင်းတို့  အစရှိတဲ့ ဒေသတွေမှာ ပိုမိုးများပြာလာတာနဲ့အမျှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေရှိတဲ့နေရာတွေလည်း ကျနော်တို့ ထိန်းချုပ်နယ်မြေတွေထဲမှာ အတော်ပါဝင်လာခဲ့တယ်။ မန္တလေး၊ စစ်ကိုင်း၊ မကွေးအပါအဝင် ဘယ်နေရာမှာမဆို မြန်မာနိုင်ငံတွင်းမှာရှိတဲ့ တရားဝင်ရင်းနှီးမြှုပ်နှံမှုတွေ အကုန်လုံးကို ကျနော်တို့က တတ်နိုင်သလို ကာကွယ်စောင့်ရှောက်ပေးမယ်။ ပုံမှန်လည်ပတ်နိုင်ဖို့အတွက်ကို ကျနော်တို့တွေက ကူညီဆောင်ရွက်ပေး၊ ပံ့ပိုးပေးသွားမယ်ဆိုတာ ထပ်လောင်းပြောကြားချင်ပါတယ်။ တကောင်းနီကယ်စီမံကိန်းက တရုတ်နိုင်ငံသားတွေ၊ တရုတ်ဝန်ထမ်းတွေ၊ ကိုဗစ်ချိန်ကစပြီးပိတ်မိနေတော့ သူတို့တိုင်းပြည်ကို သူတို့ရဲ့နှစ်ကူးမတိုင်ခင်မှာ ပြန်လည်ဖို့အတွက် ကျနော်တို့တွေ ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါက ဥပမာတခုပါ၊ အကြမ်းဖက်စစ်ကောင်စီနဲ့ မတူတာက အကြမ်းဖက်စစ်ကောင်စီက သူတို့ရှုံးနိမ့်တဲ့အခါမှာ ဘာရင်းနှီးမြှုပ်နှံမှုမှ ဂရုစိုက်တာမဟုတ်ဘူး။ ဖျက်ဆီးသွားမှာ။”

စီမံကိန်းတွေ နဲ့ ပတ်သက်တဲ့ NUG ရဲ့ မူဝါဒကတော့ တရားဝင်အစိုးရတွေ လက်ထက်မှာ အတည်ပြုထားတဲ့ လုပ်ငန်းတွေအားလုံးကို အသိအမှတ်ပြုကာကွယ်ပေးမှာဖြစ်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာမျိုးမလုပ်ဖို့ကိုတော့ နိုင်ငံတကာကို တောင်းဆိုထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးနှောင်းပိုင်းမှာ ရခိုင်ပြည်နယ်က တရုတ်စီမံကိန်း ၁၁ ခုထဲက ၁၀ ခုကို အာရက္ခတပ်တော် (AA) ကထိန်းချုပ်ထားပြီး ရှမ်းမြောက်နဲ့စပ်ဆက်ဒေသတွေက တရုတ်စီမံကိန်း ၁၃ ခုအထိ တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေက ထိန်းချုပ်ထားတယ်လို့ ISP မြန်မာရဲ့ ဇန်နဝါရီလဆန်းပိုင်းအထိ မှတ်တမ်းတွေက ဖော်ပြပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013