
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နဲ့ တကောင်းနီကယ်စီမံကိန်းကို ပြန်သိမ်းဖို့ စစ်ကောင်စီက နည်းလမ်းစုံ သုံးပြီး တိုက်ခိုက်နေပါတယ်။
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ ရှေးဟောင်းယဉ်ကျေးမှုဒေသ၊ တကောင်းမြို့ကို စစ်ကောင်စီက မတ် ၁၀ ရက်မှာ ပြန်ထိန်းချုပ်ခဲ့ပြီးနောက် နယ်မြေချင်းဆက်စပ်နေတဲ့ ထီးချိုင့်မြို့နယ်နဲ့ ကသာ မြို့နယ်တွေကို ဆက်လက်ဖိအားပေး တိုက်ခိုက်နေတာပါ။
ထီးချိုင့်မြို့နယ်ထဲက တကောင်းနီကယ်စီမံကိန်းနေရာနဲ့ ထီးချိုင့်မြို့တို့ကို ပြန်ထိန်းချုပ်ဖို့ စစ်ကောင်စီ က ရည်ရွယ်နေတာ ဖြစ်ပါတယ်။
တကောင်းစီမံကိန်းတည်ရှိရာ မောင်းကုန်းရွာအထိ မရောက်သေးပေမဲ့ အနီးနားက အင်းနက်အထိ စစ်ကောင်စီတပ်တွေ ရောက်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။
ထီးချိုင့်မြို့နယ်ထဲမှာ မတ် ၁၉ ရက်ကစပြီး တိုက်ပွဲပြင်းထန်ခဲ့တဲ့အတွက် ဒေသခံ ၃,၀၀၀ ထက် မနည်း စစ်ဘေးသင့်နေတယ်လို့ ဆိုပါတယ်။
ထီးချိုင့်ဒေသခံ အမျိုးသမီးတယောက်က “ထီးချိုင့်ထဲမှာလည်း တိုက်ပွဲက ၁၉ ရက်နေ့တည်းက စတော့နေ့တိုင်း လေယာဉ်နဲ့ဗုံးကြဲတာ အဆက်မပြတ်ပဲ။ ပိတ်ထားတယ်၊ ဝိုင်ဖိုင်တွေလည်း မရတော့ဘူး၊ တိုက်ပွဲဖြစ်တဲ့နေရာ ပတ်ခြာလည်ကို ကြဲနေတာ။ ထီးချိုင့်တိုက်ပွဲအပေါ်မှာ မူတည် တယ်လို့ ထင်တာပဲ။ စစ်ရေးအရကျတော့ PDF ဘက်က သာနေတာဆိုတော့ သူတို့အနေနဲ့ ကျတော့ ဒီတိုက်ပွဲအပေါ်မှာပဲ မူတည်နေတာ။ ဒီတိုက်ပွဲက နိုင်သွားတယ်ဆိုရင် နီကယ်ရော အကုန်လုံး တလျှောက်လုံး စစ်ကြောင်းထိုးပြီးတော့မှ တခါတည်း သိမ်းပစ်မဲ့ ပုံစံပေါ့။ အခုလောလောဆယ် စစ်ကြောင်းကနေ ဖြည်းဖြည်းချင်း အင်အားထပ်ဖြည့်ထားတဲ့သဘော နီးလို့ရမျှ နီးနိုင်သလောက် နေထားတဲ့ သဘောရှိတယ်။ ကသာကလည်း တိုက်ပွဲပြင်းထန်၊ ထီးချိုင့်ကလည်း တိုက်ပွဲ ဆက်ဖြစ် နေဆိုတော့ အကူအညီတွေကတော့ တအားလိုအပ်နေတာပေါ့။ စားရေးသောက်ရေးက အဆင်မပြေ ဘူးပေါ့။ ငွေရေးကြေးရေး ထောက်ပံ့တာပဲဖြစ်ဖြစ် ဆန်၊ ဆီ၊ ဆား ထောက်ပံ့ရင် ပိုအဆင်ပြေတာ ပေါ့။ အခုအချိန်မှာကျတော့ လုပ်စားကိုင်စားရတာ မလွယ်ဘူးဆိုတော့” လို့ ပြောပါတယ်။
ထီးချိုင့်မြို့နယ်ကို ပြန်ထိန်းချုပ်ဖို့ ကြိုးစားတာအပြင် စစ်ကောင်စီက စစ်ကိုင်း-ကချင်နယ်စပ် ကသာ မြို့နယ်အထိ စစ်ဦးပြန်လှည့်နေပါတယ်။
ကသာမြို့လယ်က အမှတ် ၁၊ ၂၊ ၃၊ ၄ ရပ်ကွက်တွေမှာ ဒေသခံအများအပြား ပိတ်မိနေပြီး စစ်ကောင်စီက ထောက်ထားမှုမရှိဘဲ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတာပါ။
မတ် ၂၀ ရက်မှာ ကသာမြို့က စစ်ရှောင်တွေနေထိုင်တဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်တာကြောင့် သံဃာတွေအပါအဝင် စစ်ရှောင် ၄၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။
မန္တလေးတိုင်းကနေ စစ်ကိုင်း-ကချင်နယ်စပ် ကသာ၊ ကချင်ပြည်နယ် ဗန်းမော်မြို့အထိ လမ်းပိုင်းတွေ ကို ပြန်ထိန်းချုပ်ဖို့ ရည်ရွယ်နေတာဖြစ်ပြီး စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေကတော့ မန္တလေး-ထီးချိုင့်-ကသာ-ဗန်းမော်လမ်းပိုင်းကို မကြာခင်ပြန်ဖွင့်နိုင်မယ်လို့ သတင်းဖြန့်နေပါတယ်။
ကသာဒေသခံအမျိုးသမီးတယောက်က “ကသာတိုက်ပွဲအခြေအနေ တော်တော်လေး ပြင်းထန် နေတယ်၊ လေယာဉ်တွေကလည်း အဆက်မပြတ်ပဲ၊ ထီးချိုင့်ဘက်ရော ကသာဘက်ရော မိုးရွာ နေတာတောင်မှ ကသာဘက်ကို လေယာဉ်တွေ ကြဲချနေတယ်၊ ဗုံးတွေကြဲချနေတယ်၊ ပြီးတဲ့ အခါကျတော့ အထုပ်တွေလည်း ချနေတယ်၊ တိုက်ပွဲက တော်တော်ပြင်းထန်နေတယ်၊ တော်လှန်ရေး ဘက်တော်သားတွေ နောက်မဆုတ်ဘူး၊ အခုလတ်တလော အခြေအနေဆိုရင် ရဲစခန်းနားကို ပြန်ပြီး တော့ ကပ်နိုင်နေပြီလို့လည်း သိရတယ်” လို့ ပြောပါတယ်။
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၈ ရက်က စပြီး ထီးချိုင့်မြို့ကို ဒေသကာကွယ်ရေးအဖွဲ့တွေက သိမ်းယူဖို့ ကြိုးစားခဲ့ပေမဲ့ စစ်ကောင်စီက ပျူစောထီးတွေရဲ့ အားနဲ့ ထိန်းထားခဲ့တာကြောင့် လက်ရှိအချိန်အထိ အပြီးသတ် မသိမ်းနိုင်ခဲ့ပါဘူး။
၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ စစ်ကောင်စီတပ်တွေ လက်လွှတ်ခဲ့ရတဲ့ တကောင်းနီကယ် စီမံကိန်း ဟာ လက်ရှိအချိန်အထိ လုပ်ငန်း မလည်ပတ်နိုင်တော့တာကြောင့် စစ်ကောင်စီနဲ့ တရုတ်ဖက်စပ် ကုမ္ပဏီတို့အတွက် ဒေါ်လာသန်းပေါင်းများစွာ အထိနာခဲ့ပါတယ်။
သုတချမ်းသာ










