DVB Logo
Home
နိုင်ငံတကာ
ICJ တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌကို လက်ဘနွန်ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်
DVB
·
January 14, 2025
ICJ တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌကို လက်ဘနွန်ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်
Donate to DVB

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌ နာဝပ်ဆာလမ်ကို လက်ဘနွန်နိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ပါတယ်။

လူမျိုးရေး၊ ဘာသာရေး အခြေပြု အာဏာခွဲဝေမှုစနစ်အရ ဆွန်နီမွတ်စလင်တယောက်ကို ခန့်အပ်ရမှာဖြစ်တဲ့ ဒီရာထူးအတွက် အသက် ၇၁ နှစ်အရွယ် ICJ တရားသူကြီးကို ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

အသစ်ခန့်အပ်လိုက်တဲ့ လက်ဘနွန်သမ္မတသစ် ဂျိုးဆက်အာဝင်နဲ့ တိုင်ပင်ပြီးတဲ့နောက် လွှတ်တော်အမတ် ၁၂၈ ယောက်ရှိတဲ့အနက် သုံးပုံနှစ်ပုံက ဆာလမ်ကို အဆိုပြုခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိ အိမ်စောင့်အစိုးရဝန်ကြီးချုပ် နာဂျဟစ်မီကာတီကတော့ ၉ မဲပဲ ရခဲ့ပါတယ်။ 

ရှောင်ဇ်ပို တက္ကသိုလ်ကနေ နိုင်ငံရေးသိပ္ပံ ပါရဂူဘွဲ့၊ ဆော်ဘန်းတက္ကသိုလ်ကနေ သမိုင်းပါရဂူဘွဲ့၊ ဟားဗတ်ဥပဒေကျောင်းကနေ ဥပဒေမဟာဘွဲ့ရထားသူ ဖြစ်ပါတယ်။

တက္ကသိုလ်ဆရာအဖြစ် လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းမှာ ကုလသမဂ္ဂဆိုင်ရာ လက်ဘနွန် အမြဲတမ်းကိုယ်စားလှယ်အဖြစ် ၂၀၀၇ ကနေ ၂၀၁၇ အထိ တာဝန်ယူခဲ့ပါတယ်။

၂၀၁၈ မှာ ICJ တရားသူကြီးဖြစ်လာပြီး ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီမှာ တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌ ၃ နှစ်သက်တမ်း စတင်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ခံရတဲ့ ဆာလမ်ဟာ ICJ ရုံးစိုက်ရာ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ကနေ ဇန်နဝါရီ ၁၄ ရက်မှာမှ လက်ဘနွန်ကို ပြန်လာမှာဖြစ်ပါတယ်။

လက်နက်ကိုင်အဖွဲ့အဖြစ်သာမက လွှတ်တော်ထဲမှာ အားအကောင်းဆုံး အင်အားစုတခုလည်း ဖြစ်တဲ့ ဟစ်ဇ်ဘိုလာတွေကတော့ အခုဝန်ကြီးချုပ်သစ်ခန့်အပ်မှုကို ဝေဖန်ခဲ့ကြပါတယ်။

ဟစ်ဇ်ဘိုလာတွေက လက်ရှိ အိမ်စောင့်ဝန်ကြီးချုပ် မီကာတီကို ဆက်ခန့်ချင်ပေမဲ့ ဘယ်သူ့ကိုမှ အဆိုမပြုခဲ့ပါဘူး။

အီရန်နောက်ခံပြု ဟစ်ဇ်ဘိုလာတွေဟာ မကြာသေးမီက အစ္စရေးနဲ့ စစ်ပွဲအပြီးမှာ သိသိသာသာ အားနည်းသွားခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာအဖွဲ့က ထိပ်တန်းလွှတ်တော်အမတ်တယောက်ဖြစ်သူ မိုဟာမက် ရာအက်ဒ်ကတော့ ပြိုင်ဘက်တွေဟာ သွေးကွဲအောင်လုပ်ခဲ့ကြပြီး ဖယ်ကြဉ်တဲ့ပုံစံမျိုး လုပ်ဆောင်ခဲ့တယ်လို့ ဝေဖန်ပါတယ်။

ဒါပေမဲ့ ဟစ်ဇ်ဘိုလာရဲ့ ခရစ်ယာန်နဲ့ ဆွန်နီ မဟာမိတ်တွေက တရားသူကြီး ဆာလမ်ကို ထောက်ခံခဲ့ကြတာ ဖြစ်ပါတယ်။

လက်ဘနွန်က အကြီးဆုံး မာရွန်နိုက် ခရစ်ယာန်အုပ်စုရဲ့ ခေါင်းဆောင် ဂီဘရန်ဘာဆီးလ်က ဆာလမ်ဟာ ပြုပြင်ပြောင်းလဲရေးရဲ့ မျက်နှာစာဖြစ်မယ်လို့ ပြောခဲ့ပါတယ်။

ဆွန်နီအမတ် ဖိုင်ဆယ်ကာရာမီကလည်း လက်ဘနွန်အတွက် နိုင်ငံတကာ အကူအညီရဖို့နဲ့ ပြုပြင်ပြောင်းလဲဖို့ ICJ အကြီးအကဲကို အဆိုပြုရတာလို့ ဆိုပါတယ်။

ဆာလမ်ဟာ မြို့တော်ဘေရွတ်က ဩဇာကြီး ဆွန်နီမိသားစုက ဆင်းသက်လာသူဖြစ်ပါတယ်။ သူ့ဦးလေးဟာ ပြင်သစ်လက်ကနေ လက်ဘနွန် လွတ်လပ်ရေးရအောင် ကူညီခဲ့သူဖြစ်သလို ဝန်ကြီးချုပ်အဖြစ် အကြိမ်ကြိမ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ သူ့ဝမ်းကွဲအစ်ကို တာမန်ကလည်း ၂၀၁၄ ကနေ ၂၀၁၆ အထိ ဝန်ကြီးချုပ်တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013