DVB Logo
Home
မြန်မာသတင်း
ဗန်းမော်၌ စစ်တပ်က အရပ်သား ၁၀၀ ခန့်ကို ဖမ်းဆီး၊ ဖားကန့်တွင် လူ ၁ ဦး ဓားဒဏ်ရာများဖြင့် သေဆုံး 
DVB
·
January 26, 2024
ဗန်းမော်၌ စစ်တပ်က အရပ်သား ၁၀၀ ခန့်ကို ဖမ်းဆီး၊ ဖားကန့်တွင် လူ ၁ ဦး ဓားဒဏ်ရာများဖြင့် သေဆုံး 
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဇန်နဝါရီ ၂၄ ရက် ညနေ ၅ နာရီကစလို့  ကမ်းနားလမ်း တလျှောက်နဲ့ မိုးမလင်းဈေးရှိရာ မြေနုရပ်ဘက်မှာ  အရပ်သားပြည်သူ  ၁၀၀ ထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မူးယစ်ဆေးသမားတွေကို ဖမ်းဆီးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့  သေနတ်တွေ ပစ်ဖောက်ကာ ဘိန်းဖြူသုံးစွဲသူတွေနဲ့အတူ ကမ်းနားဘက်မှာ ဈေးရောင်းချနေတွေ၊ ကုန်ထမ်းသမားတွေ၊ သုံးဘီးသမားတွေနဲ့  အရပ်သားပြည်သူတွေ စုစုပေါင်း ၁၀၀ ထက်မနည်းကို အတင်းအဓမ္မ ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

မြို့ခံတစ်ဦးက “သုံးဘီးသမားတွေ တချို့ကိုလည်း ရိုက်နှက်တယ်၊ တွေ့ ရာလူကို ဖမ်းဆီးသွား ကြတာ၊ ပြေးကြသူတွေကိုလည်း သေနတ်နဲ့လိုက် ပစ်ခတ်တယ်၊ အခုဆို ဆိပ်ကမ်းဘက်နဲ့ မြို့ထဲ တလျှောက်လူတွေ ရှင်းနေပြီ၊ ညနေ ၄ နာရီနောက်ပိုင်း မာရှယ်လောထုတ်ထားတယ်ဆိုတဲ့ ကောလာဟလလည်း ပြန့်နေတယ်”လို့  ပြောပါတယ်။

ဇန်နဝါရီ ၂၅ ရက် မနေ့ မနက်ပိုင်းမှာလည်း  ကမ်းနားဘက်ကို မော်တော်တွေ သွားလာခွင့် ကန့်သတ်ထားပြီး ဆိပ်ကမ်းကို ဆိုက်ရောက်လာတဲ့ မော်တော်တစီးပေါ်က  လူ ၃ ဦးကို လည်း ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ 

အနောက်ကမ်းရွာတွေဘက်ကိုလည်း လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ ကျေးရွာတွေအနီး လက်နည်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့ပြီး  မြစ်ထဲက တံငါသည်တွေကိုလည်း စစ်ကောင်စီက လုံခြုံရေးအကြောင်းပြချက်နဲ့  ငါးရှာခွင့်ပိတ်ပင်လိုက်တယ်လို့ ဒေသခံထံက  သိရပါတယ်။

လက်ရှိ ဖမ်းဆီးခံရသူတွေ တယောက်မှ ပြန်မလွတ်မြောက်သေးသလို ဘယ်နေရာမှာ ဖမ်းဆီးခေါ်ဆောင်ထားတယ်ဆိုတာလည်း မသိရသေးဘူးလို့ ဖမ်းဆီးခံရသူတွေရဲ့ ဆွေမျိုးတွေက  ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်ကလည်း ဗန်းမော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်းရဲ့ နေအိမ်ကို  စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ မြို့တွင်းမသွားလာနိုင်စေဖို့  စကခ၂၁ ဗျူဟာမှူးအမိန့်နဲ့  စင့်ကင်-ဗန်းမော် တာပိန်မြစ်ကူးတံတားကိုလည်း အဓမ္မဖျက်သိမ်းခိုင်းခဲ့ပြီး မဖျက်သိမ်းပါက ကျေးရွာတွေကို မိုင်းခွဲဖျက်ဆီးပစ်မယ်လို့ စစ်တပ်က  ခြိမ်းခြောက်ခဲ့တယ်လို့ ဒေသခံအသိုက်အဝန်းကနေ သိရပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာတော့ ဇန်နဝါရီ ၂၅ ရက် မနက်ပိုင်းက ဓားဒဏ်ရာတွေနဲ့ သတ်ဖြတ်ပြီး စွန့်ပစ်ထားတဲ့ အမျိုးသားတဦး ရုပ်အလောင်း တွေ့ရှိခဲ့ပါတယ်။

လုံးခင်းကျေးရွာအုပ်စု မလန်းကျေးရွာ လမ်းမပေါ်မှာ မျက်နှာမှာ ရိုက်နှက်ခံဒဏ်ရာ၊ လည်ပင်း ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားတယောက်ရဲ့ အလောင်းကို ကားနဲ့အတူ တွေ့ရှိခဲ့တာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ အမျိုးသားတဦးက “မနက် ၉ နာရီလောက်က ဈေးသွား ဈေးပြန်သူတွေ စတွေ့တာ။ အမျိုးသားတဦး ကားထဲမှာ အသတ်ခံထားရတာတွေ့တာ။ မျက်နှာမှာလည်း ရိုက်နှက် ထိုးကြိတ်ထားတဲ့ ဒဏ်ရာတွေနဲ့၊ လည်ပင်းနဲ့ ဗိုက်မှာလည်း ဓားဒဏ်ရာနဲ့ သေဆုံးနေတာ တွေ့ရတယ်။ ညကတည်းက သတ်ခံထားရပြီး အလောင်းနဲ့ ကားကို စွန့်ပစ်ထားခဲ့တာ၊ ဘာကြောင့်သတ်လဲတော့ မသိဘူး” လို့ ပြောပါတယ်။

ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားဟာ အသက် ၃၀ ကျော်အရွယ် ကိုမျိုးဟန် ဆိုသူဖြစ်ပြီး ကျောက်အရောင်းအဝယ် လုပ်ကိုင်နေသူတယောက်လည်း ဖြစ်ပါတယ်။

ဖားကန့်မြို့နယ်မှာ ၂၀၂၃ ခုနှစ် မေလ ၁ ရက်က မရှီကထောင် တံတားအနီးမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားတဦး၊ မေလ ၅ ရက်က မြောက်ဖြူရွာအနီး ရိုက်နှက်ဒဏ်ရာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အသက် ၂၀ အရွယ် အမျိုးသားနှစ်ဦး၊ မေလ ၆ ရက်က မှော်စီစာ ကျေးရွာအဝင်မှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားနှစ်ဦးရဲ့  ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဖားကန့်မြို့နယ်မှာ ဓားပြတိုက်မှု၊ လုယက်မှု၊ လူသတ်မှု၊ သေနတ်ပစ်ခတ်မှု၊ ပိုင်ရှင်မဲ့အလောင်းစွန့်ပစ်မှု၊ အနုကြမ်းစီးမှု၊ ပြန်ပေးဆွဲမှု၊ လက်နက်ပြ ဖမ်းဆီးမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး ရဲတပ်ဖွဲ့ကတော့ အတော်များများကို ဖမ်းဆီး အရေးယူနိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013