DVB Logo
Home
မြန်မာသတင်း
ကရင်အချင်းချင်း မတိုက်ချင်သလို စစ်တပ်ဆီကပံ့ပိုးမှု မယူချင်တော့ဟု ကရင်နယ်ခြားစောင့်တပ် ဆွေးနွေး
DVB
·
January 25, 2024
ကရင်အချင်းချင်း မတိုက်ချင်သလို စစ်တပ်ဆီကပံ့ပိုးမှု မယူချင်တော့ဟု ကရင်နယ်ခြားစောင့်တပ် ဆွေးနွေး
Donate to DVB

ကရင်အချင်းချင်း မတိုက်ခိုက်ချင်တော့တဲ့အကြောင်းနဲ့ စစ်ကောင်စီတပ်ဆီက ရိက္ခာ၊ လစာ ပံ့ပိုးမှုတွေကို မယူချင်တဲ့အကြောင်းတွေကို ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူက ဒီဗွီဘီကို ပြောပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူတို့ ဇန်နဝါရီ ၂၃ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

ဆွေးနွေးတုန်းမှာ BGF ဘက်က အချက် ၂ နှစ်ချက်ကို တောင်းဆိုခဲ့ပေမဲ့ အဖြေထွက်မလာသေးဘူးလို့ ဗိုလ်မှူးကြီး စောချစ်သူက ပြောပါတယ်။

“တောင်းဆိုတာကတော့ ထူးထူးထွေထွေ မဟုတ်ပါဘူး။ ကျနော်တို့အချင်းချင်း မတိုက်ချင်တော့တဲ့ အချက်တချက်။ တပ်မတော်ရဲ့ ရိက္ခာ၊ လစာပံ့ပိုးမှုကိုတော့ မယူချင်တော့တဲ့ဆန္ဒ အချက်တချက်။ အဲဒီအချက်နှစ်ချက်ကို အဓိက ကျနော်တို့ ဆွေးနွေးတာ အဖြေဆုံးဖြတ်ချက် မပေးနိုင်သေးဘူးလေ။ ပြန်လည်တင်ပြပြီးတော့ အဖြေပေးမယ်လို့တော့ အဲဒီအဖြေ မထွက်လာသေးလို့ ကျေးဇူးပြုပြီးတော့ ခဏလေး စောင့်ပေးဦးနော်။”

BGF ဘက်က တောင်းဆိုချက်တွေကို ဒုချုပ်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီ ပြန်တင်ပြပေးမယ်လို့ အကြောင်းပြန်ခဲ့တယ်လို့လည်း သိရပါတယ်။

ကရင်နယ်ခြားစောင့်တပ်အနေနဲ့ တပ်မတော်ဆီက ရိက္ခာနဲ့ လစာ ပံ့ပိုးမှုတွေ မယူချင်တော့ကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်က တရားဝင် စာတင်ခဲ့ပါတယ်။

ဇန်နဝါရီ ၁၉ ရက်က လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာကို စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းနဲ့ BGF ညွှန်ကြားရေးမှူး ဗိုလ်ချုပ်သက်ပိုင်ဦးတို့ လာရောက်ပြီး ဗိုလ်မှူးကြီး စောချစ်သူနဲ့ လာရောက်တွေ့ဆုံ ညှိနှိုင်းခဲ့ပါတယ်။

တွေ့ဆုံညှိနှိုင်းမှု အဆင်မပြေတာကြောင့် ဒုတပ်ချုပ်ကိုယ်တိုင် လာရောက်တွေ့ဆုံ ညှိနှိုင်းခဲ့တာလို့ BGF သတင်းရင်းမြစ်ဆီက သိရပါတယ်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အနေနဲ့ သီးခြားအနေနဲ့ ရပ်တည်သွားမှာလား ဆိုတဲ့အမေးကို လတ်တလော ဖြေလို့မရသေးဘဲ စောင့်ပေးဖို့ ဗိုလ်မှူးကြီး စောချစ်သူက ပြောပါတယ်။

“နောက်မှ ကျနော်တို့ ပြန်ပြီးတော့ ဖြေကြားပေးပါမယ်နော်။ ခဏလေးစောင့်ပေးဦးနော်။”

မြဝတီမြို့နယ်ရှိ BGF ထိန်းချုပ်ထားတဲ့ ရွှေကုက္ကိုလ်စီမံကိန်းမှာ နိုင်ငံတကာက အာရုံစိုက်နေတဲ့ ကျားဖြန့်လုပ်ငန်းကို ထိုင်းနဲ့ မြန်မာစစ်တပ် ပူးပေါင်းနှိမ်နင်းမယ်လို့ ပြောဆိုထားပါတယ်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ကို ၂၀၂၀ ပြည့်နှစ်မှာ တိုးတက်သော ကရင့်အမျိုးသားတပ်မတော် (DKBA) ကနေ ခွဲထွက်ပြီး ထူထောင်ခဲ့တာပါ။

စစ်တပ်လက်အောက်ခံ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဟာ တပ်နယ် ၄ ခုကို တပ်ရင်း ၁၃ ခုနဲ့ ဖွဲ့စည်းခဲ့ပြီးနောက် ဗိုလ်မှူးကြီး စောချစ်သူက အထွေထွေအတွင်းရေးမှူးတာဝန် ယူထားတာ ဖြစ်ပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013