DVB Logo
Home
မြန်မာသတင်း
ဆီဆိုင်မြို့တွင်း တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်
DVB
·
January 25, 2024
ဆီဆိုင်မြို့တွင်း တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်
1 / 2
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့အတွင်း တိုက်ပွဲဖြစ်ပွားနေလို့  ဆီဆိုင်၊ ဆိုက်ခေါင်၊ ဘန်းယဉ် အပါအဝင် အနီးအနားရှိ ကျေးရွာတွေ အကုန်လုံးနီးပါး ထွက်ပြေး တိမ်းရှာင်နေကြရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇန်နဝါရီ ၂၄ ရက်နဲ့ ဒီနေ့ ဇန်နဝါရီ ၂၅ ရက် မနက်အစောပိုင်းကစပြီး တောင်ကြီး၊ ဟိုပုံးဘက် ထွက်ပြေး တိမ်းရှောင်ကြတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၃ ရက်ကစပြီး  PNA ပြည်သူ့စစ်နဲ့ ပအိုဝ်းအမျိုးသားလွတ်‌မြောက်ရေးအဖွဲ့ (PNLO) တို့အကြား တိုက်ပွဲပြင်းထန်နေတာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၂၄ ရက်ညက ဆီဆိုင်မြို့ ရဲစခန်းကို PNLA နဲ့ မဟာမိတ် တော်လှန်ရေးအဖွဲ့က သိမ်းပိုက်ပြီးနောက် မြို့ထဲကို စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်တဲ့အပြင် လေယာဉ်နဲ့ပါ ဗုံးလာကြဲလို့ ဒေသခံနှစ်ဦး ဒဏ်ရာရရှိပြီး နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဆီဆိုင်မြို့ ဒေသခံတဦးက “အရင်တနေ့က တိုက်ပွဲမဖြစ်သေးဘူး။ တော်လှန်ရေးအဖွဲ့တွေတော့ ရွာသား‌တွေကို ရှောင်ဖို့ပြောတယ်။ ဒါပေမဲ့ သတင်းအမျိုးမျိုး ထွက်နေတော့ အရင်နေ့က အများစု မရှောင်ကြဘူး။ မနေ့ညရောက်တော့ ညနေမဝင်ခင် ၄ နာရီ စပစ်ကြတာ မနက်မိုးလင်းအထိပဲ။ ဒီနေ့လည်း တိုက်ပွဲဆက်ဖြစ်တယ်။ ခုတော့ အကုန်နီးပါး ရှောင်ကြပြီ” လို့ ပြောပါတယ်။

ဆီဆိုင်မြို့နယ်မှာ ကရင်နီစစ်ရှောင် ၁၀,၀၀၀ နီးပါး ခိုလှုံနေပြီး အခု အဲဒီစစ်ရှောင်တွေလည်း ထပ်မံရွှေ့ပြောင်းရကြောင်း သိရပါတယ်။

စစ်ရှောင်ကူညီသူတဦးက “ဆီဆိုင်မှာက စားဝတ်နေရေး ခက်ခဲတာကို ခုလိုထပ်ဖြစ်တော့ အကုန်လုံးက အခက်အခဲ ပိုဖြစ်တယ်။ မနေ့က စစ်ရှောင်တွေအများစု မရှောင်ဘူး လုပ်တာပေါ့နော်။ တိုက်ပွဲ အရမ်းပြင်းတဲ့ မနေ့ည တညလုံး လေယာဉ်သံပဲ ကြားနေရတော့ ဒီနေ့ရောက်မှ အကုန်လုံးနီးပါး ပြန်ရှောင်ကြတယ်” လို့ ပြောပါတယ်။

အခု ဆီဆိုင်မြို့မှာ PNLA အပါအဝင် တော်လှန်ရေးမဟာမိတ်အဖွဲ့နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်လို့ အသေးစိတ်ကို အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဇန်နဝါရီ ၂၄ ရက်ကလည်း ပအိုဝ်းဒေသ လုံခြုံမှု အားနည်းနေသေးတဲ့အတွက် ဒေသတွင်း လူဆိုး သူခိုး ဓားပြ စတဲ့ဘေးရန်ကို ကာကွယ်နိုင်ဖို့ PNLA အနေနဲ့ လှုပ်ရှားနေတာ ဖြစ်တယ်လို့ ထုတ်ပြန် ‌‌‌‌‌‌‌‌‌‌‌‌‌ထားပါတယ်။

စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်တွေဟာ စစ်ရေးတင်းမာနေပြီး ဆီဆိုင်မြို့ပေါ်မှာ စစ်ကောင်စီတပ်သား အများအပြား နေရာယူထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၂၄ ရက် ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီတပ်က မြို့တောင်ဘက် ပုံးလောင်းရွာအနီးမှာ ဗုံးနှစ်လုံးကြဲချပြီး လက်နက်ကြီး လက်နက်ငယ်သံတွေ ထွက်ပေါ်လာတယ်လို့ သိရပါတယ်။

မြို့တွင်းက ဆိုင်တွေ၊ ဈေးတွေနဲ့ စာသင်ကျောင်း၊ အစိုးရရုံးတွေ အကုန်လုံး ပိတ်ထားရပြီး မြို့ထဲမှာ စစ်သားတွေဝင်ရောက်ကာ သေနတ်တွေနဲ့ ပစ်ခတ်နေကြပါတယ်။

ဆီဆိုင်မြို့ခံ အမျိုးသမီးတဦးက “ဘုရားဖြူကျောင်းနားမှာ အများကြီးပဲ၊ စစ်သားတွေပေါ့။ အဲ့ဒါက တောင်ဘက်ဂိတ်မှာ၊ မြောက်ဘက်မှာကျတော့ ခမရ ၄၂၃၊ ၄၂၄ တပ်ထဲမှာကျတော့ ပအိုဝ်းပြည်သူ့စစ် PNA တပ်တွေ နေရာယူထားတယ်၊ ရဲတွေလည်းရှိတယ်။ မြို့ပေါ်မှာတော့ သူတို့စစ်သားတွေပဲ။ အခုထုနေပြီ၊ မြို့ပေါ်မှာ ပစ်နေကြပြီ၊ ဒုံးဒုံးဒိုင်းဒိုင်းနဲ့” လို့ ပြောပါတယ်။

လက်ရှိမှာ စစ်သားတွေဟာ မြို့ထဲနဲ့ ရပ်ကွက်၊ ရွာတွေထဲကို ဝင်ရောက်ပြီး ယောကျ်ားလေးတွေကို ပေါ်တာခေါ်နေတယ်လို့ သိရပါတယ်။

ဆီဆိုင်မြို့ခံ အမျိုးသားတဦးကလည်း “ကျနော်တို့က အခု ဆိုက်ခေါင်မှာ ပြေးနေတာ၊ မြို့ပေါ်မှာ စစ်သား ၄ ဖွဲ့တောင်ရှိတယ်။ ကယားစစ်သား KNDF၊ ပအိုဝ်းစစ်သား အဖြူ၊ အနီနဲ့ ဗမာစစ်သားတွေပါ။ အခုတော့ မြို့တောင်ဘက်ကနေ ပစ်နေကြပြီ” လို့ ပြောပါတယ်။

စစ်ရေးအခြေအနေကြောင့် မြို့ခံတချို့နဲ့ ရဲစခန်း၊ ခမရ ၄၂၃၊ ၄၂၄ တပ်စခန်းအနီးက ရွာခံတွေဟာ ဆိုက်ခေါင်နဲ့ တောင်ကြီးမြို့ပေါ်ကို  ကြိုတင်တိမ်းရှောင်နေပါတယ်။

ဇန်နဝါရီ ၂၂ ရက်က စစ်ကောင်စီတပ်သားတွေ ဆီဆိုင်မြို့ မြောက်ဘက်နဲ့ တောင်ဘက် အဝင်ဂိတ်တွေမှာ စစ်ဆေးရေးတင်းကျပ်နေပြီး မြို့ပေါ်ကနေ ထွက်ခွာခွင့်ပြုပေမဲ့ အဝင်လက်မခံဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013