DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းပြီးနောက် အထည်ချုပ်စက်ရုံများ၌ အခွင့်အရေးချိုးဖောက်ခံရမှု ပေါင်း ၃၁၄ မှုရှိ
DVB
·
January 25, 2024
အာဏာသိမ်းပြီးနောက် အထည်ချုပ်စက်ရုံများ၌ အခွင့်အရေးချိုးဖောက်ခံရမှု ပေါင်း ၃၁၄ မှုရှိ
Donate to DVB

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်တွင်းက အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတဲ့ အမှုပေါင်း ၃၁၄ မှုရှိတယ်လို့ အစီရင်ခံစာတခုမှာ ထုတ်ပြန်ပါတယ်။

အဲဒီထဲမှာ အမျိုးသမီးတွေက ပိုမိုချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားအရေး ကူညီပေးသူတွေက ပြောပါတယ်။

ကုလသမဂ္ဂကထုတ်ပြန်တဲ့ အချက်အလက်တွေအရ ကိုဗစ်ကပ်ရောဂါမတိုင်ခင် အထည်ချုပ်စက်ရုံတွေမှာ လုပ်ကိုင်နေသူ ၇ သိန်းလောက် ရှိတဲ့အထဲ ၈၀ ရာခိုင်နှုန်းကျော်က အမျိုးသမီးတွေ ဖြစ်ပါတယ်။

ယူကေအခြေစိုက် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (BHRRC) ရဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ အာဏာသိမ်းပြီးချိန်ကစလို့ ၂၀၂၃ ဇူလိုင်လအထိ အထည်ချုပ်စက်ရုံ ၁၇၅ ရုံမှာ အလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ဖြစ်စဉ် ၃၁၄ ခု ရှိတယ်လို့ ဖော်ပြထားပါတယ်။

အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေထဲ အဆိုးဝါးဆုံး ဖြစ်စဉ်ကတော့ ကိုယ်ဝန်ဆောင်မိခင်တွေကို အဓမ္မလုပ်အားစေခိုင်းတာတွေကြောင့် ကိုယ်ဝန်ဆုံးရှုံးတဲ့အထိ ဖြစ်စဉ်တွေ ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) အဖွဲ့ကနေ သိရပါတယ်။

မြန်မာနိုင်ငံ အထွေထွေအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (FGWM) တွဲဘက်အတွင်းရေးမှူး မအိက“မြန်မာပြည်က လုပ်ငန်းခွင်တွေထဲမှာ အမျိုးသမီးအလုပ်သမားက အများဆုံးပေါ့။ အထည်ချုပ်လုပ်ငန်းပဲ ကြည့်ကြည့်ပေါ့။ အဲဒီမှာ အခွင့်အရေး ချိုးဖောက်ခံရတာလည်း အမျိုးသမီတွေက ပိုပြီးခံစားရတယ်။ ရာခိုင်နှုန်းနဲ့ကြည့်ရင်လည်း ပိုများတယ်။ လုပ်ငန်းခွင်ထဲမှာ အမျိုးသမီးတွေက အလုပ်သမားအခွင့်အရေး မရရှိတဲ့အပြင် သူတို့ရဲ့ လူ့အခွင့်အရေး အမျိုးသမီးအခွင့်အရေးတွေပါ ဆုံးရှုံးနေရတယ်။ အမျိုးသားတွေနဲ့ တန်းတူ အလုပ်လုပ်ရတယ်။ သို့ပေမဲ့ လုပ်ခလစာက အမျိုးသမီးက တမျိုး၊ အမျိုးသားက တမျိုး လုပ်ငန်းခွင်ထဲမှာ ရှိတယ်။ နောက်တခုက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဆိုလည်း အများနဲ့တန်းတူ အလုပ် လုပ်ပေးရတယ်။ အိုတီမဆင်းနိုင်ဘူးလို့ ငြင်းတဲ့အခါလည်း ငြင်းခွင့်မရှိဘူး။ ဒီအပေါ်မှာ အိုတီဆင်းရင်းနဲ့ ကိုယ်ဝန်ပျက်ကျတဲ့ အခြေအနေမျိုးတွေ ရှိခဲ့တယ်။ ရင်သွေးဆုံးရှုံးရတဲ့ အခြေအနေတွေထိ ကြုံခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြည်တွင်းစီးပွားရေးကဏ္ဍမှာ နိုင်ငံခြားဝင်ငွေ ရရှိမှုက အထည်ချုပ်လုပ်ငန်းကနေ အများဆုံး ဖြစ်ပေမဲ့ အထည်ချုပ်လုပ်သားတွေကတော့ လုပ်ခလစာရရှိမှု နည်းပါးပြီး အလုပ်သမားတွေကတော့ အနိမ့်ဆုံး လုပ်ခလစာကို ကျပ် ၄,၈၀၀ ကနေ ၅,၈၀၀ အတွင်းသာ ရရှိနေတာပါ။

အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေထဲမှာ အများဆုံးက လုပ်အားခ ခေါင်းပုံဖြတ်မှု၊ ဥပဒေမဲ့ အလုပ်ထုတ်ခံရမှု၊ အချိန်ပို အလွန်အကျွံ ဆင်းခိုင်းမှု၊ ထိပါးနှောင့်ယှက် ခြိမ်းခြောက်မှုနဲ့ အန္တရာယ်ရှိတဲ့ အခြေအနေတွေမှာ ခိုင်းစေမှုတို့ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် အခြား မှတ်တမ်းမတင်နိုင်ဘဲ ကျန်နေသေးတဲ့ အခွင့်အရေး ချိုးဖောက်ခံရမှုတွေ အများအပြား ရှိနေသေးတယ်လို့ BHRRC အစီရင်ခံစာက ဆိုပါတယ်။

အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေကို HR နဲ့ အလုပ်ရှင်တွေက ပေါ်ပေါ်ထင်ထင် ကျူးလွန်နေပြီး တိုင်ကြားမှုတွေကိုလည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အရေးယူမှု မရှိဘူးလို့ အမျိုးသမီး အလုပ်သမားတယောက်က ပြောပါတယ်။

“ညီမတို့ လုပ်ငန်းခွင်မှာ အလုပ်ရှင်က အရမ်းဖိအားပေးတယ်။ EC စာချုပ်ပါအတိုင်း လုပ်ငန်းရှင်က မလိုက်နာဘူး။ အလုပ်သမားတွေအပေါ် အရမ်းဖိနှိပ်တယ်။ သူက စံချိန်တွေကို လည်း မတရား တိုးတောင်းတယ်။ စံချိန်တွေတောင်းပြီး မပေးနိုင်ရင် ဖိအားပေးပြီး warning ထိုးခိုင်းတယ်။ warning ၄ ချက်ပြည့်တာနဲ့ အော်တိုထုတ်။ နောက်ပြီးတော့ နိုင်ငံခြားတရုတ် ကိုယ်တိုင် တိုက်ရိုက်ခိုင်းတယ်။ နားမလည်ရင် အော်တယ်၊ ပြောတယ်။ အရမ်း ဖိအားပေးလွန်းတယ်။ ဒီ ၂၀၂၁ အာဏာသိမ်းပြီးတဲ့နောက် ပိုဆိုးလာတယ်။ အခုကျတော့ စက်ရုံဘက်က စစ်သားတွေကို ပိုင်တယ်ဆိုတဲ့ သဘောနဲ့ ဘာပဲသွားတိုင်သွားတိုင် အလုပ်သမားတွေက မရဘူး။”

အာဏာသိမ်းပြီးနောက် ပြည်တွင်း အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတဲ့ ဖြစ်စဉ်တွေဟာ ၂၀၂၁ ခုနှစ်မှာ ၄၂ မှု၊ ၂၀၂၂ ခုနှစ်မှာ ၁၅၁ မှု၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ သြဂုတ်လအထိ ၈ လတာအတွင်း ၁၂၁ မှု၊ စုစုပေါင်း အမှုပေါင်း ၃၁၄ မှု ရှိပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု ဖြစ်စဉ်တွေကြောင့် Mango, Primark, Marks and Spencer နဲ့ H&M အပါအဝင် နာမည်ကြီး ဖက်ရှင်လုပ်ငန်းတွေ မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လ ထုတ်ပြန်ချက်အရ ပြည်တွင်းမှာ အထည်ချုပ်လုပ်ငန်းရှင်အသင်းဝင် စက်ရုံ ၈၁၇ ခု ရှိပါတယ်။

ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းမှုအလွန်မှာ စက်ရုံ ၂၇၁ ရုံ ပိတ်သိမ်းခဲ့ရပြီး လက်ရှိ လည်ပတ်နေတဲ့ စက်ရုံ ၅၄၆ ရုံရှိကာ အဲ့ဒီထဲက တဝက်ကျော်ဟာ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံတွေ ဖြစ်ပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013