DVB Logo
Home
နိုင်ငံတကာ
ဝမ် ၃ သန်းတန် လက်ကိုင်အိတ် လက်ခံမှုဖြင့် တောင်ကိုရီးယားသမ္မတကတော် ဝေဖန်ခံရ
DVB
·
January 25, 2024
ဝမ် ၃ သန်းတန် လက်ကိုင်အိတ် လက်ခံမှုဖြင့် တောင်ကိုရီးယားသမ္မတကတော် ဝေဖန်ခံရ
Donate to DVB

တောင်ကိုရီးယားသမ္မတကတော် ကင်မ်ကွန်ဟီးက ကိုရီးယားဝမ် ၃ သန်း (အမေရိကန်ဒေါ်လာ ၂,၂၅၀) တန် Dior လက်ကိုင်အိတ်ကို လက်ဆောင်အဖြစ် လက်ခံယူနေပုံကို လျှို့ဝှက်ကင်မရာနဲ့ မှတ်တမ်းတင်ထားတဲ့ ပုံရိပ်တွေ ပေါ်ထွက်လာခဲ့တာကြောင့် ဝေဖန်ခံနေရတယ်လို့ ဇန်နဝါရီ ၂၄ ရက်က ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ယူကျုဘ်မှာတင်လိုက်တဲ့ ခိုးရိုက်ထားတဲ့ ဗွီဒီယိုဖိုင်မှာ ကိုရီးယား-အမေရိကန် ခရစ်ယာန်ဘုန်းတော်ကြီးတပါးက သမ္မတကတော်ထံကို အလည်လာစဉ် Dior လက်ကိုင်အိတ် လက်ဆောင်ပေးနေပုံ ပါရှိခဲ့ပါတယ်။

ဘုန်းတော်ကြီး အေဘရာဟင်မ်ချွိုင်ဟာ မြောက်ကိုရီးယားနဲ့ ညှိနှိုင်းရေး နှိုးဆော်သူ ဖြစ်ပါတယ်။

မြောက်ကိုရီးယားအရေး သဘောထားတင်းမာသူ သမ္မတနဲ့ မတွေ့မီ သမ္မတကတော်ကို အရင်တွေ့တာ ဖြစ်ပါတယ်။

“တွေ့ဖို့အတွက် ဝင်ခွင့်လက်မှတ်လိုမျိုးလို့ ပြောလို့ရပါတယ်” လို့ ချွိုင်က ရိုက်တာကို ဖြေကြားပါတယ်။

သမ္မတရုံးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တရားဝင်တုံ့ပြန်ထားတာ မရှိပါဘူး။ ဒါပေမဲ့ အမည်မဖော်လိုတဲ့ သမ္မတရုံး တာဝန်ရှိသူတဦးကတော့ ချွိုင်ဟာ တရားမဝင် ရိုက်ကူး မှတ်တမ်းတင်လိုတဲ့ ရည်ရွယ်ချက်နဲ့ သမ္မတကတော်ကို ချဉ်းကပ်ခဲ့တာဖြစ်ပြီး လက်ဆောင်ကိုလည်း အစိုးရပိုင်ပစ္စည်းအနေနဲ့ မှတ်တမ်းတင် ထားရှိတယ်လို့ တောင်ကိုရီးယား ယွန်ဟပ်သတင်းဌာနကို ဖြေကြားထားပါတယ်။

အသက် ၅၁ နှစ်ရှိပြီဖြစ်ပေမဲ့ ရုပ်ရှင်မင်းသမီးတယောက်လို နုပျိုလှပနေဆဲ သမ္မတကတော်ဟာ လွန်ခဲ့တဲ့ ၁၂ နှစ်က စတော့ဈေးနှုန်း မသမာမှုလုပ်တယ်ဆိုတဲ့ စွဲချက်နဲ့ ပြီးခဲ့တဲ့လက စစ်ဆေးခံနေရပါတယ်။

၂၀၂၁ တုန်းကလည်း ခင်ပွန်းသည် သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်စဉ်က ကင်မ်ဟာ သက်မွေးလုပ်ငန်းမှတ်တမ်း မသမာမှုလုပ်တယ်၊ ပါရဂူဘွဲ့ ကျမ်းပြုရာမှာ ခိုးချတယ်ဆိုတဲ့ စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဝန်ချတောင်းပန်ခဲ့ရဖူးပါတယ်။

ဒီဖြစ်စဉ်ကြောင့် ခင်ပွန်းသည် သမ္မတ ယွန်းဆွတ်ခ်ယိုးရဲ့ ပါတီ လာမယ့် ဧပြီလ လွှတ်တော်ရွေးကောက်ပွဲမှာ အနိုင်ရရေး ကြိုးပမ်းမှုပါ ထိခိုက်လာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

ယွန်းရဲ့ ကွန်ဆာဗေးတစ်ဝါဒီ ပီပီပီ ပါတီက ပါတီဝင်အချို့ကတော့ ဒီဖြစ်စဉ်အတွက် နှစ်ဦးစလုံး တောင်းပန်သင့်ပြီး ဒီကိစ္စအဆုံးသတ်သွားဖို့ အနည်းဆုံးတော့ ဒီလိုမျိုး လက်ခံတာဟာ မသင့်တော်ဘူးဆိုတဲ့ အချက်ကို ဝန်ခံသင့်တယ်လို့ တောင်းဆိုနေကြပါတယ်။

ယွန်းဟာ ၂၀၂၂ သမ္မတရွေးကောက်ပွဲမှာ ကပ်နိုင်ခဲ့တာဖြစ်ပေမဲ့ လွှတ်တော်မှာကျတော့ သူ့ပါတီက လူနည်းစုဖြစ်နေပြီး ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

ဒါကြောင့် လွှတ်တော်မှာပါ အနိုင်ရရေး ကြိုးပမ်းနေတဲ့အချိန်မှာ ဒီလိုမျိုး အဖိုးတန်အိတ်တလုံးကို သမ္မတကတော်က လက်ဆောင်အနေနဲ့ လက်ခံခဲ့မှုဟာ နိုင်ငံရေးအရ ကြီးကြီးမားမား ထိခိုက်မှု ရှိလာပါတယ်။

Source/Photo-REUTERS/Piroschka van de Wouw

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013