DVB Logo
Home
နိုင်ငံတကာ
ဗြိတိန်က ဟူသီသူပုန်အဖွဲ့ကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုအသစ်များ လုပ်မည်
DVB
·
January 24, 2024
ဗြိတိန်က ဟူသီသူပုန်အဖွဲ့ကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုအသစ်များ လုပ်မည်
Donate to DVB

ဗြိတိန်အစိုးရဟာ ပင်လယ်နီအတွင်း ကူးသန်းသွားလာနေတဲ့ သင်္ဘောတွေကို တိုက်ခိုက်နေတဲ့ ဟူသီတွေကို ပစ်မှတ်ထားပြီး လာမယ့်ရက်တွေမှာ ပိတ်ဆို့အရေးယူမှု အသစ်တွေကို ကြေညာသွားဖို့ စီစဉ်နေကြောင်း ဝန်ကြီးချုပ် ရီရှီဆူးနတ်ခ်က ဇန်နဝါရီ ၂၃ ရက်မှာ ပြောကြားခဲ့ပါတယ်။

“သူတို့ရဲ့တိုက်ခိုက်မှုတွေအတွက် သုံးစွဲစရာ ရန်ပုံငွေရရှိနေတဲ့ ငွေကြေးရင်းမြစ်တွေကို ဖြတ်တောက်ဖို့ အထိရောက်ဆုံး နည်းလမ်းတွေကို အသုံးပြုသွားမှာဖြစ်ပြီး ဒီ့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ အနီးကပ် လက်တွဲလုပ်ဆောင်နေပြီး လာမယ့်ရက်တွေမှာ ဒဏ်ခတ်အရေးယူမှုအသစ်တွေ ထုတ်ပြန်ဖို့ စီစဉ်နေပါတယ်” လို့ ဝန်ကြီးချုပ် ဆူးနတ်ခ်က ပါလီမန်မှာ ပြောသွားတာပါ။

အမေရိကန်နဲ့ ဗြိတိန်တပ်ဖွဲ့တွေဟာ ဇန်နဝါရီ ၂၂ ရက်က ယီမင်မှာ တိုက်ခိုက်မှုအသစ် ပြုလုပ်ခဲ့ပြီး ဟူသီ မြေအောက်သိုလှောင်ရုံအပြင် အီရန်ရဲ့ မဟာမိတ်အဖွဲ့က အသုံးပြုတဲ့ ဒုံးကျည်နဲ့ ထောက်လှမ်းရေးပစ္စည်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။

ထောက်လှမ်းရေးသတင်းတွေအရ ပင်လယ်နီနဲ့ ပိုကျယ်ပြောတဲ့ဒေသမှာ ဗြိတိန်ရဲ့ ကုန်သင်္ဘောတွေနဲ့ စစ်ရေယာဉ်တွေအပြင် သူ့ရဲ့လုပ်ဖော်ကိုင်ဘက်တွေရဲ့ သင်္ဘောတွေကိုလည်း ဟူသီသူပုန်တွေက ခြိမ်းခြောက်မှု ဆက်တိုက် လုပ်နေတာကို ဆက်လက်မြင်တွေ့နေရကြောင့် သူ့ရဲ့ ညတွင်းချင်း အမိန့်အရ  တော်ဝင်လေတပ်က  ယီမင်မှာရှိတဲ့ ဟူသီစစ်တပ် ပစ်မှတ်တွေကို ဒုတိယအကြိမ် တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဝန်ကြီးချုပ် ဆူးနတ်ခ်က ပြောသွားပါတယ်။

အရပ်ဘက်သင်္ဘောတွေနဲ့ တော်ဝင်ရေတပ်ကို ပစ်မှတ်ထားတဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေ ဒါဇင်ပေါင်းများစွာကို ပစ်ချခဲ့ပြီးကြောင်းနဲ့ ဟူသီသူပုန်တွေဟာ ဇန်နဝါရီ ၁၁ ရက် ကတည်းက သင်္ဘောတွေကို အနည်းဆုံး တိုက်ခိုက်မှု ၁၂ ကြိမ် ပြုလုပ်ခဲ့ကြောင်းလည်း ‌ပြောဆိုပါတယ်။

တိုးမြှင့်လာတဲ့ တိုက်ခိုက်မှုတွေကြောင့် သူတို့ရဲ့စွမ်းရည်ကို ယုတ်လျော့အောင် လုပ်ခဲ့ပြီးတော့ ပြီးခဲ့တဲ့အပတ်က တိုက်ခိုက်မှု ပထမလှိုင်းကို ကနဦး အကဲဖြတ်ခဲ့ကြောင်းနဲ့ အဲဒီကနေ ဟူသီတွေရဲ့ စစ်ရေးစွမ်းရည်ကို ကျဆင်းစေဖို့ အောင်မြင်စေမယ့် နောက်ထပ် အထောက်အထားတွေကို တွေ့မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဟူသီသူပုန်တွေက သင်္ဘောတွေကို တိုက်ခိုက်ရာမှာ သူတို့ကို ပံ့ပိုးပေးခဲ့တဲ့ မြို့တော် ဆာနားရဲ့ မြောက်ဘက်မှာရှိတဲ့ စစ်စခန်း ၂ ခုကို မနေ့ညတုန်းက တိုက်ခိုက်ခဲ့ပြီး တခုစီမှာ တိကျတဲ့ ပစ်မှတ်တွေ အများအပြားရှိကြောင်း ဆူးနတ်ခ်က ပြောပါတယ်။

ဟူသီတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ကမ္ဘာလုံးဆိုင်ရာ သင်္ဘောအသွားအလာကို အနှောင့်အယှက်ဖြစ်စေပြီး ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှု ဖြစ်မှာကိုလည်း ကြောက်နေကြတာပါ။

အစ္စရေး-ဟားမတ်စ် စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းကို မတည်မငြိမ် ဖြစ်စေနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း နက်ရှိုင်းလာခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013