DVB Logo
Home
မြန်မာသတင်း
ဘုတလင်၊ ကျောက်တံခါးနှင့်ရေးမြို့တို့တွင် တိုက်ပွဲဖြစ်၊ စစ်တပ်က ၇ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရ
DVB
·
January 24, 2024
ဘုတလင်၊ ကျောက်တံခါးနှင့်ရေးမြို့တို့တွင် တိုက်ပွဲဖြစ်၊ စစ်တပ်က ၇ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ သားရိုးကုန်းနဲ့ ဘုတလင်မြို့အနီးမှာ ဇန်နဝါရီ ၂၄ ရက်‌ ဒီနေ့ မနက် ၈ နာရီက စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဘုတလင်‌ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါစစ်ကောင်စီတပ်ဟာ ဘုတလင်မြို့ကနေ အင်အား ၁၀၀ နီးပါးနဲ့ စတင်စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

သားရိုးကုန်းရွာ ဒေသခံရွာသားတဦးက “ဘုတလင်က စထွက်လာတုန်းက တိုက်ပွဲက မဖြစ်ဘူးဗျ။ သူတို့အပြန်မှ တိုက်ပွဲက ဖြစ်ကြတာထင်တယ်။ ကျနော်တို့ ဒေသခံတွေကတော့ စစ်ကြောင်းလာတာနဲ့ ပြေးကြရတာပဲ။ အခုထိ ရွာထဲပြန်မဝင်ရဲသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ဘုတလင်မြို့ကနေ ကုက္ကိုစုကျေးရွာဘက် စစ်ကြောင်းထိုးလာပြီး ဘုတလင်ဘက်အပြန်မှာ အခုလို တိုက်ပွဲဖြစ်ပွားတာလို့ ဒေသခံကာကွယ်ရေးခေါင်းဆောင် တဦးက ပြောပါတယ်။

“ကုက္ကိုစုဘက် နယ်မြေရှင်းလင်းရေးသွားတာ ဖြစ်နိုင်တယ်ဗျ။ အဲဒီကနေ ပြန်လာပြီး ကျနော်တို့အဖွဲ့တွေနဲ့ သားရိုးကုန်းရွာနဲ့ ဘုတလင်မြို့ကြားက သံလမ်းအနီးမှာ တိုက်ပွဲစဖြစ်တာ။ ကျနော်တို့ဘက်က အသင့်စောင့်ပြီး လက်ဦးမှုရယူခဲ့တာ။ စစ်ကောင်စီဘက်က ၄ ဦးကျဆုံးပြီး ကျနော်တို့ဘက်က ရဲဘော်တဦး စစ်ကောင်စီပစ်တဲ့ ၄၀ မမ ကျည်စထိမှန်ပြီး လက်မောင်းကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်။ စစ်ကောင်စီဘက်ကတော့ ဒဏ်ရာရရှိသူတွေလည်း များတယ်။ သူတို့ မြို့ထဲက ဆေးဆိုင်က ဆေးတွေဝယ်ပြီး ဆေးကုနေတယ်လို့လည်း အတွင်းသ‌‌တင်းပေးဆီက ပြန်သိထားရတယ်။”

စစ်ကောင်စီတပ်ကတော့ ဘုတလင်မြို့နဲ့ အနောက်‌မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ဆက်သွယ်သွားလာလို့ရအောင် ဘုတလင်မြို့နယ် တောင်ဘက်အခြမ်းက ကျေးရွာတွေဆီ နေ့တိုင်းလိုလို စစ်ကြောင်းထိုးနေတာကြောင့် ပြည်သူတွေ စားဝတ်နေရေးအတွက် လုပ်ငန်းမလုပ်ကိုင်နိုင်တာကြာင့် စားဝတ်‌နေရေး အခက်အခဲတွေနဲ့လည်း ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်အတွင်း မင်းလှ - စိန်ကန့်လန့်လမ်းမှာလည်း ပဲခူးခရိုင် တပ်ရင်း ၃၇၀၁၊ တပ်ခွဲ ၅ ( Dike-U Defence Force) က နယ်မြေစိုးမိုးရေးအတွက် ရှောင်တခင်စစ်ဆေးစဉ် ဇန်နဝါရီ ၂၃ ရက် မနက် ၆ နာရီလောက်မှ စတင်ကာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူက "တိုက်ပွဲက မနက် ၁၀ နာရီလောက်ဖြစ်တာ။ စစ်ကား ၂ စီးနဲ့ လာတိုက်ရာကနေ တိုက်ပွဲဖြစ်တာ။ ၁ နာရီလောက်ကြာတယ်”လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်က အင်အား ၂၀ လောက်နဲ့ တိုက်ခိုက်ခဲ့ပေမဲ့ ကြိုတင်ပြင်ဆင်ထားတာရယ်၊ ပြန်လည်ပစ်ခတ်တာတွေရယ်ကြောင့် စစ်တပ်က ၅ ယောက် ဒဏ်ရာရခဲ့ပြီး တောင်ငူဘက်ကို ပြန်ဆုတ်သွားတယ်လို့ သူက ဆက်ပြောပါတယ်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှာ အထိအခိုက်အန္တရာယ်မရှိ တိုက်ခိုက်နိုင်ခဲ့ တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ်၊ အာယုတောင်ရွာနဲ့ စုံနံ့သာရွာ‌ကြားရှိ လမ်းမမှာလည်း ဇန်နဝါရီ ၂၄ ရက် မနက် ၇ နာရီ လောက်က ပြည်သူ့စစ်ကားတစီးကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်နယ်အခြေစိုက် ရေးဘီလူးတပ်ဖွဲ့က ပြောပါတယ်။ 

စစ်ကောင်စီထံမှာ အလင်းဝင်ထားတဲ့ လင်းဦးနဲ့ ရာဇာတို့ ခေါင်းဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့ရဲ့ ကားဖြစ်ပြီး ရေး၊ ခံသင်းတံတား စစ်ဆေးဂိတ်ကနေ ထွက်ခွာလာချိန်မှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က “ခံသင်းဂိတ်ကနေ ကားနဲ့ ထွက်လာခဲ့တဲ့အချိန် လမ်းခုလတ်က စောင့်ပြီးပစ်တာ။ အဲ့ဒီဂိတ်က စစ်ကောင်စီမှာ အလင်းဝင်ထားတဲ့ ရာဇာနဲ့ လင်းဦး ဦးဆောင်တယ်။  ပြီးတော့ ပြည်သူတွေကို ငွေကြေးကောက်ခံတဲ့ စစ်ဆေးရေးဂိတ်ပါ” လို့ ပြောပါတယ်။ 

ပစ်ခတ်မှုကြောင့် ပြည်သူ့စစ်အဖွဲ့ဝင် ၃ ဦး သေဆုံးပြီး AK- 47 သေနတ် ၂ လက်နဲ့ ကျည်ဆန်တွေ၊ ၄၀ မမ သေနတ် ၁ လက်နဲ့ ဗုံးသီး ၁၃ လုံးကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

ရေးဘီလူးတပ်ဖွဲ့ဟာ ဇန်နဝါရီ ၁၇ ရက် မနက် ၆နာရီ‌ ကျော်လောက်ကလည်း ရေးမြို့နယ်ရှိ ခလရ ၁၀၆ တပ် ဂိတ်ကို  ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၆ ရက် နေ့လယ် ၁ နာရီလောက်ကလည်း ရေးမြို့နယ်ထဲရှိ ကျောင်းရွာအခြေစိုက် အမှတ် ၅၉၁ တပ်ထဲကို ၄၀ မမ (၃) လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013