
သီရိလင်္ကာနိုင်ငံက သက်ကြီးရွယ်အိုတွေနဲ့ ဉာဏ်ရည်မသန်စွမ်းသူတွေ စောင့်ရှောက်ရေး ဂေဟာ တခုမှာ ဇွန် ၃ ရက်က မီးလောင်ခဲ့လို့ လူ ၁၂ ယောက် သေဆုံးပြီး အနည်းဆုံး ၂ ယောက် ပျောက်ဆုံး နေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီဖြစ်စဉ်ဟာ မြို့တော် ကိုလံဘိုရဲ့ တောင်ဘက် ၅၃ ကီလိုမီတာ (၃၃ မိုင်) အကွာရှိ အန်ဂူရူ ဝါတိုတာ ရဲအုပ်ချုပ်ရေးနယ်မြေ၊ ဘာတာဂိုဒါ ကျေးရွာမှာ ဖြစ်ပွားခဲ့တာပါ။
ဒဏ်ရာရရှိခဲ့သူ ၈ ယောက်ကို ဆေးရုံတင်ထားရပြီး ဂေဟာမှာ နေထိုင်သူ ၅၁ ယောက်ကိုတော့ ခိုလှုံနိုင်ဖို့အတွက် အနီးအနားက အစိုးရစာသင်ကျောင်းတကျောင်းဆီ ရွှေ့ပြောင်းပေးထားတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
သီရိလင်္ကာ ကာကွယ်ရေးအတွင်းဝန် ဆမ်ပါ့သ် သိုင်ယာကွန်သာ့က ကျန်ရစ်သူတွေရဲ့ ဆွေမျိုးသားချင်းတွေကို ဆက်သွယ်ပြီး သူတို့လက်ထဲ ပြန်မအပ်နှံနိုင်ခင်အထိ ဒီလူတွေကို စောင့်ရှောက်ထားပေးဖို့ အနီးအနားက စစ်စခန်းမှူးကို ညွှန်ကြားထားတယ်လို့ ပြောပါတယ်။
ဒေသခံတယောက်တဲ့ ဘန်ဒူလာ ပရီယန်သာက “မီးက အရမ်းပြင်းလို့ ဘာဖြစ်နေမှန်းတောင် မသိလိုက်ဘူး။ အိမ်နီးနားချင်းတွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ဝိုင်းဝန်းပြီး အင်တိုက်အားတိုက် ကယ်တင်ခဲ့ကြလို့သာ လူအများစု လွတ်မြောက်ခဲ့တာပါ” လို့ ဇွန် ၄ ရက်မှာ ပြောပါတယ်။
အခု မီးလောင်မှုဟာ မကြာသေးခင်နှစ်တွေအတွင်း စောင့်ရှောက်ရေးဂေဟာတခုမှာ ဖြစ်ပွားခဲ့တဲ့ သေဆုံးမှုအများဆုံး ဖြစ်စဉ်တွေထဲက တခုဖြစ်ပြီး မီးလောင်ရတဲ့ အကြောင်းရင်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။
Source: Reuters











