DVB Logo
Home
Lead Story
အမျိုးသမီးများ မဲပေးခွင့်
DVB
·
January 24, 2024
အမျိုးသမီးများ မဲပေးခွင့်
Donate to DVB

၁၈၃၂ မတိုင်ခင်က ဗြိတိန်တွင် အရွယ်ရောက် ယောကျ်ားလေးဦးရေ ၃ ရာခိုင်နှုန်းကိုသာ မဲပေးခွင့်ပြုခဲ့သည်။ ပစ္စည်းအများအပြား ပိုင်ဆိုင်သူ၊ ငွေပမာဏတခုအထိ ဝင်ငွေရှိသူများကိုသာ မဲပေးခွင့်ပြုခဲ့ကြသည်။ နောင်အခါကျမှ ပါလီမန်သည် ယောကျ်ားလေးဦးရေ တော်တော်များများကို မဲပေးခွင့်ရစေရန် လုပ်ဆောင်လာခဲ့သည်။ သို့တိုင် အမျိုးသမီးများကိုမူ မဲပေးခွင့် လုံးဝမပြုခဲ့ပေ။ အမျိုးသမီးတချို့ အပါအဝင် ယောကျ်ားများက အမျိုးသမီးများ မဲပေးခွင့်အပေါ် သဘောမတူကြပါ။ အမျိုးသမီးများမှာ စိတ်ခံစားချက် များလွန်းသူများဖြစ်၍ နိုင်ငံရေးဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ဆင်ခြင်နိုင်စွမ်း မရှိကြဟု ၎င်းတို့က ရှုမြင်ခဲ့ကြသည်။ ထို့ပြင် အမျိုးသမီးများမှာ စက်မှုလုပ်ငန်းများ၊ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများကိုလည်း နကန်းတလုံးမှ မသိဟု ၎င်းတို့က ဆိုကြ၏။

အပြောမဟုတ်၊ မဟုတ်သည့် လက်တွေ့လုပ်ရပ်များ

အမျိုးသမီးအရေး လှုပ်ရှားသူများကလည်း အဖွဲ့များဖွဲ့ကာ ၎င်းတို့၏ အခွင့်အရေးများအတွက် စတင်လုပ်ဆောင်လာကြသည်။ အမျိုးသမီးများ မဲပေးခွင့် အဖွဲ့ချုပ်မှ မီလီဆန့်ဖောဆက် တို့လို တက်ကြွလှုပ်ရှားသူများ ဦးဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခြင်း၊ စုရုံးခြင်း၊ လက်ကမ်းစာစောင်များဝေခြင်း၊ ပါလီမန်သို့ အသနားခံစာ တင်သွင်းခြင်းများ စသည့် နည်းလမ်းများဖြင့် အမျိုးသမီးများအတွက် တိုက်ပွဲဝင်ခဲ့ကြသည်။ အခြားတဖက်တွင်လည်း အမ်မီလိုင်း ပန့်ခ်ဟစ်တ်နှင့် အမျိုးသမီး လူမှုရေးနှင့် နိုင်ငံရေးသမဂ္ဂတို့က အဆောက်အအုံများကို ဖျက်ဆီးခြင်း၊ အစာငတ်ခံ ဆန္ဒပြခြင်း၊ သူတို့ကိုယ်သူတို့ သံကြိုးများဖြင့် ချည်နှောင်ခြင်း စသည့် ပြင်းထန်သော နည်းလမ်းများဖြင့် တိုက်ပွဲဝင်ခဲ့ကြသည်။

ထိုကဲ့သို့ အပြောင်းအလဲများအတွက် တွန်းအားဖြစ်လာစေသည်မှာ ၁၈၇၀၊ ၈၂၊ ၈၄ အိမ်ထောင်သည်အမျိုးသမီးများ၏ ပစ္စည်းပိုင်ဆိုင်မှုဆိုင်ရာ ဥပဒေများကြောင့် ဖြစ်သည်။ ထိုဥပဒေများအရ အမျိုးသမီးများမှာ သူတို့ပိုင်ဆိုင်သည့် ငွေကြေးများ၊ ခန်းဝင်ပစ္စည်းများနှင့် ပတ်သက်၍ ထိန်းသိမ်းပိုင်ခွင့် ရှိလာခဲ့သည်။ သူတို့ပိုင် စီးပွားရေးလုပ်ငန်းများအတွက်လည်း အခွန်ငွေ ပေးဆောင်နိုင်လာသည်။ သို့တိုင် ၎င်းတို့ထံမှ ကောက်ခံရရှိသော အခွန်ငွေသုံးစွဲမှု အပေါ်တွင်မူ ပြောရေးဆိုခွင့်မရှိပေ။

၁၈၆၀ ကာလများမှစတင်၍ တက်ကြွလှုပ်ရှားသူများ၊ လွှတ်တော်ကိုယ်စားလှယ်အချို့က အမျိုးသမီးများ မဲပေးခွင့်ရစေရန် ဥပဒေပြုဖို့ ထပ်ခါထပ်ခါ ကြိုးပမ်းခဲ့ကြသည်။ သို့တိုင် မအောင်မြင်ခဲ့။ ၁၉၁၄ တွင် ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားသည့်အခါမှာ‌တော့ အခြေအနေမှာ အရာရာ ပြောင်းလဲကုန်သည်။ ယောကျ်ားတော်တော်များများ စစ်မြေပြင်သို့ ရောက်ရှိသွားကြသည်။ ထိုအခါ အမျိုးသမီးများမှာ လုပ်ကိုင်နေကျ အိမ်အလုပ်များကို ထားရစ်ပြီး ယောကျ်ားများ၏ အလုပ်အကိုင်များကို အစားထိုး ဝင်ရောက်လုပ်ကိုင် လာခဲ့ကြသည်။ အားနည်းချည့်နဲ့၍ စွမ်းဆောင်ရည်မရှိ‌သော အမျိုးသမီးများဆိုကာ မဲပေးခွင့်ကို ပိတ်ပင်သည့် အကြောင်းပြချက်များမှာ လက်တွေ့မှာတော့ လုံးဝ အဓိပ္ပာယ်မရှိတော့ကြောင်း ပေါ်လွင်လာခဲ့သည်။

၁၉၁၈ တွင် ပါလီမန်သည် ပြည်သူ့ကိုယ်စားပြုဥပဒေကို ပြဋ္ဌာန်းလိုက်သည်။ ထိုဥပဒေအရ အသက် ၂၁ နှစ် ပြည့်ပြီးသည့် ယောကျ်ားများကိုသာမက အသက် ၃၀ ပြည့် အမျိုးသမီးများတွင်ပါ မဲပေးခွင့် ရရှိလာခဲ့ကြသည်။

အားလုံးအတွက် မဲပေးခွင့်

၁၉၁၈ ဒီဇင်ဘာလတွင် ကျင်းပသော ရွေးကောက်ပွဲတွင် အမျိုးသမီးများ ပထမဆုံးအကြိမ် မဲပေးခွင့်ရခဲ့သည်။ အရည်အသွေးပြည့် အမျိုးသမီးများ ဥပဒေအရ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် ပထမဆုံးအကြိမ် အမျိုးသမီးများကိုယ်တိုင် မဲပေးရွေးချယ်ခွင့် ရခဲ့ကြသည်။ ထို့နောက်ပိုင်းမှစ၍ အမျိုးသမီးများ မဲပေးပိုင်ခွင့်အရေးမှာ ကမ္ဘာတလွှား အရေးကြီး အကြောင်းအရာတခု ဖြစ်လာခဲ့သည်။ 

နယူးဇီလန်နိုင်ငံမှာ ၁၈၉၃ တွင် အမျိုးသမီးများကို မဲပေးခွင့်ပြုခဲ့သော ပထမဆုံးနိုင်ငံတနိုင်ငံ ဖြစ်လာခဲ့သည်။ 

၁၉၂၀ အမေရိကန်ဖွဲ့စည်းပုံ ၁၉ ကြိမ်မြောက် ပြင်ဆင်ဖြည့်စွက်ချက်အရ အမေရိကန်ပြည်ထောင်စုအတွင်း အမျိုးသမီးများအားလုံး မဲပေးခွင့် ရရှိလာကြသည်။ 

၁၉၂၈ တွင် ဗြိတိန်၌လည်း တန်းတူညီမျှ မဲပေးခွင့်ဥပဒေ ပြဋ္ဌာန်းကာ အသက် ၂၁ နှစ်ပြည့်ပြီးသား ဗြိတိန်နိုင်ငံသား မှန်သမျှကို မဲပေးပိုင်ခွင့်ကို ခွင့်ပြုပေးခဲ့သည်။

သပြေညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013